ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၌ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်မှုများ ဆက်လက်ဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၂၇

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အေးချမ်းသာယာပြီး ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ပြည်သူများ စိတ်ကြည်နူးအေးချမ်းစေရန်အတွက် မြတ်စွာဘုရားရှင်အားရည်မှန်း၍အတွင်း အောင်ခြင်းရှစ်ပါးပါဠိတော်၊ အပြင်အောင်ခြင်းရှစ်ပါးပါဠိတော်၊ ဓဇဂ္ဂသုတ်အပါအဝင် အန္တရာယ်ကင်း ပရိတ်တရားတော်များ၊ ပဋ္ဌာန်းဒေသနာတော်များအား ရွတ်ဖတ်ပူဇော်ခြင်းကို ယနေ့နံနက် (၈)နာရီတွင် မြို့နယ်အသီးသီးရှိ  ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဓမ္မာရုံများ၌ ရွတ်ဖတ်ပူဇော်ကြသည်။ 

 

ထိုသို့ရွတ်ဖတ်ပူဇော်ရာတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် လိုဏ်တော်အတွင်း၊ နေပြည်တော်ကောင်စီရုံး၊ မြို့နယ်ရှစ်မြို့နယ်ရှိ အထင်ကရ ဘုရားစေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများနှင့် ဓမ္မာရုံများ၌ ဆရာတော်သံဃာတော်များ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဝတ်ရွတ်အသင်းများနှင့် ဒေသခံပြည်သူများက သက်ဆိုင်ရာ မြို့နယ်များအလိုက် တစ်ချိန်တည်း တစ်ပြိုင်တည်း ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

ထို့နောက် နေပြည်တော်အတွင်းရှိ ဘုရားဖူးလာ ရဟန်းသံဃာတော်များနှင့် အများပြည်သူများ စိတ်အေးချမ်းသာစွာ တရားဘာဝနာပွားများပြီး ဖူးမြော်ကြည်ညိုနိုင်စေရန်အတွက် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက အထင်ကရ ဘုရားစေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ကုသိုလ်ပြုစုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ထွန်းထွန်းဝင်း(ပြန်/ဆက်)