(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်  မြင်းစီးအားကစားပြိုင်ပွဲကျင်းပမည်

ရန်ကုန် ဇန်နဝါရီ ၃၀

မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်ကကြီးမှူး၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြင်းစီးအားကစားပြိုင်ပွဲများကို ဖေဖော်ဝါရီ(၁၀)ရက်မှ (၁၂)ရက်အထိ  ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် မြင်းစီးအားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် နိုင်ငံတကာပြိုင်ပွဲ-Show Jumping စနစ်အတိုင်း အကြီးတန်း၊ အငယ် တန်းနှင့် ရိုးရာပြိုင်ပွဲ-ဒုန်းမြင်းစီးပြိုင်ပွဲ၌ အတန်း ၅ တန်း သတ်မှတ်ထားရာ Pony တန်းတွင် မြင်းဒေါက် ၄ပေ ၈လက်မ အောက်၊ အငယ်တန်းတွင် မြင်းဒေါက် ၄ပေ ၁၀ လက်မအောက်၊ အလတ်တန်းတွင် မြင်းဒေါက် ၄ပေ ၁၀ လက်မမှ ၅ပေ အထိ၊ အကြီး တန်းတွင် မြင်းဒေါက် ၅ပေ မှ ၅ပေ ၂လက်မ၊ အထူးတန်းတွင် မြင်းဒေါက် ၅ ပေ ၂ လက်မ အထက်ပြိုင်ပွဲများကို ကျင်းပသွားမည်ဖြစ်သည်။

မြင်းစီးအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများနှင့် မြင်းများကို မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်လင့်ခ်သို့ ဖေဖော်ဝါရီ ၅ ရက်နေ့ ည ၁၂ နာရီ နောက်ဆုံးထား၍ စာရင်းသွင်းရန်နှင့် ပြိုင်ပွဲဝင်ရောက်ရန်အတွက် စာရင်းသွင်းထားသည့် နေ့ရက်မှ (၂) ရက်အတွင်း ပြိုင်ပွဲစိစစ် ရေးအဖွဲ့မှစီစစ်၍ ပြန်လည်အကြောင်းပြန်ပေးမည် ဖြစ်ရာ ပြိုင်ပွဲသို့ဝင်ရောက်ခွင့်ရသည့် အားကစား သမားများနှင့် မြင်းများအားလုံး မြင်းစီးအားကစာကွင်းသို့ ဖေဖော်ဝါရီ ၆ ရက်မှ ၈ ရက်အတွင်း ရောက်ရှိနေရာ ယူပေးရမည်ဖြစ်ကြောင်း သိရသည်။

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြင်းစီးပြိုင်ပွဲတွင် ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင် မြင်းများထားရှိရန် မြင်းဇောင်းများ၊ ရေ မီးတို့ကို စီစဉ်ပေးထားမည်ဖြစ်ပြီး မြင်း စာများဝယ်ယူနိုင်ရန်လည်း စီစဉ်ထားရှိပေးမည်ဖြစ်ကြောင်းနှင့် အထူးအစီအစဉ်အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြင်းစီးအားကစားသမားများနှင့် မြင်းများကို နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ မှတ်ပုံတင်စာရင်းသွင်းခြင်းများကို တပါတည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ-ကနူး-ညိမ်းသူ(သတင်းစဉ်)