ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး  စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး 

နေပြည်တော် ဇန်နဝါရီ ၃၀ 

ဆီထွက်သီးနှံနေကြာကို အလားအလာကောင်းဒေသများတွင် တိုးချဲ့စိုက်ပျိုးရေးနှင့် သီးထပ်သီးနှံအဖြစ် ဆောင်းနေကြာစိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်း၊ စား သုံးဆီလိုအပ်ချက်အရ သီးနှံဈေးကွက်သေချာမှုရှိနေသည့်အတွက် တောင်သူများအနေဖြင့် အခွင့်အလမ်းကောင်းတစ်ခုအဖြစ် ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းပါကြောင်း စိုက်ပျိုး ရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။

ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ဒုတိယဝန်ကြီးနှင့်  ဥတိုကျေးရွာအုပ်စု နေကြာစိုက်တောင်သူများနှင့် တွေ့ဆုံစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ် သည်။ 

တွေ့ဆုံပွဲတွင် တာဝန်ရှိသူများက  ဆီထွက်သီးနှံ နေကြာစိုက်ပျိုးထားရှိမှု၊ ‌နွေစပါးနှင့် မတ်ပဲစိုက်ပျိုးပြီးစီးမှုနှင့် ဆောင်းသီးနှံစိုက်ပျိုးနေမှုများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍  ဒုတိယဝန်ကြီး က သဘာဝမြေဩဇာနှင့် ဓာတ် မြေဩဇာကို အချိုးကျပေါင်းစပ် အသုံးပြုရန်လိုအပ်ချက်များ၊ နေကြာအထွက်နှုန်း သေချာစေ ရေးသွင်းအားစုနှင့် စိုက်ပျိုးရေကို အချိန်ကိုက်ထည့်သွင်းရန် လိုအပ်ချက်များကို  ဆွေးနွေး မှာကြားပြီးတောင်သူဦးခင်မောင်လွင်၏ Super Summer.66 စပ်မျိုးနေကြာစိုက်ခင်း ဖြစ်ထွန်း အောင်မြင်နေမှုများကို ကြည့်ရှုအားပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်ရှိ စိုက်ပျိုးရေး သိပ္ပံကျောင်းသို့ရောက်ရှိပြီး  စိုက်ပျိုးရေးသိပ္ပံကျောင်းတာဝန်ရှိသူများ၊ ကျောင်းသားကျောင်း သူများနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။ 
ယင်းနောက် ဒုတိယဝန်ကြီး က ကျောင်းသူ၊ကျောင်းသားများနှင့်  ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး လက်တွေ့စိုက်ပျိုးထားသည့် စိုက်ခင်းများ ၊ စိုက်ပျိုး မွေးမြူရေး ဒီပလိုမာသင်တန်းဖွင့်လှစ်ရန် အသစ်တည်ဆောက်ထားသော စာသင်ဆောင်၊ လက်တွေ့ဆောင်နှင့် အမျိုးသမီးအိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးသည်။ 

ထို့နောက် ဒုတိယဝန်ကြီးသည် လက်ပံတန်းမြို့နယ်၊ ကျွန်းကလေး ကျေးရွာအုပ်စု၊ ဆောင်းနေကြာစံပြကွက်ကို လည်းကောင်း၊ မင်းလှမြို့နယ်၊ အုပ်တွင်းကျေးရွာအုပ်စု၊ မတ်ပဲနှင့် နေကြာသီးညှပ်စိုက်ခင်းကို လည်းကောင်း၊ မင်းလှမြို့နယ်၊ ကိုင်းပြင်ကြီးကျေးရွာ ဆောင်းနေ ကြာစံပြစိုက်ခင်းများကို လည်းကောင်း၊  သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် သဲတောရေလှောင်တမံ တမံကြံ့ခိုင်မှု ရေသိုလှောင်ထားရှိမှုနှင့် စိုက်ပျိုးရေးပေးဝေနေမှုများကို လည်းကောင်း၊ အုတ်ဖိုမြို့ ငါးလုပ်ငန်းဦးစီးဌာန ငါးသားဖောက်စခန်း၏ ငါးမျိုးသားဖောက်ခြင်း၊ ငါးသားပေါက်ဖြန့်ဖြူးပေးခြင်း၊ ငါးမျိုးစိုက်ထည့်ခြင်းနှင့် ဒေသငါးသားဖောက်ခြင်း လုပ်ငန်းဆောင်ရွက်ချက်များကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည် များမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်