(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကြိုတင်ပြင်ဆင်နေမှုများနှင့် မြို့တော်ဖွံ့ဖြိုးရေးလုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဇန်နဝါရီ ၃၀

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက လှိုင်မြို့နယ်၊  (၁၂) ရပ်ကွက်   ၊ ရန်ကုန်တက္က သိုလ် (လှိုင်နယ်မြေ) အဝင်လမ်း၌ လမ်းဝဲ/ယာ မြက်ပင်ချုံနွယ်များ ရှင်းလင်းနေမှု၊ အုပ်မိုးကိုင်း များခုတ်ထွင်ရှင်းလင်းနေမှု၊ သစ်ရွက်ခြောက်ကြွေနှင့် အမှိုက်များ လှဲကျင်းသိမ်းဆည်း ရှင်းလင်းနေမှုကို လည်းကောင်း၊ အင်းလျားလေးကန် သန့်ရှင်းကြည်လင်စေရေးအတွက် Aquamarine ယာဉ်ဖြင့် အမှိုက်၊ မှော်၊ ဒိုက်များ ဆယ်ယူရှင်းလင်းနေမှု၊  ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ကားလမ်းနှင့် လူသွားစင်္ကြံစက်ဘီးလမ်းအကြား မြက်များ စိုက်ပျိုးနေမှု၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ ပါရီလမ်းနှင့်ပြည်လမ်းဆုံမှ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) အဝင်လမ်းအကြား လမ်းသားတိုးချဲ့ ကွန်ကရစ်ခင်းကျင်းပြီးစီးပြီဖြစ်သဖြင့် အင်းလျားလေးကန်နှင့် ယာဉ်သွားလမ်းအကြား လူသွားစင်္ကြံ စက်ဘီးလမ်းနှင့် ကန်ပေါင်ပြုလုပ်ရန် မြေပြုပြင်နေမှု၊ အင်းလျားလေးကန်သို့ ရေသွားလမ်းဖောက်လုပ်ခြင်း၊ ပြည်လမ်းဆုံနေရာ အုတ်တံတိုင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ် ဆေးပြီးလိုအပ်သည်များ မှာကြားသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်သို့ သွားရောက်၍ (၇၆)ကြိမ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြခန်းများ ပြင်ဆင်ဆောင် ရွက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

အဆိုပါ ပြခန်းများတွင် ဝန်ကြီးဌာနပြခန်း ၂၅ ခန်း၊ ပြည်နယ်၊ တိုင်းဒေသကြီးများနှင့် ပြည်ထောင်စုနယ်မြေ ပြခန်း ၁၅ ခန်း၊ တိုင်းရင်းသားရိုးရာအစားအစာနှင့် ဒေသထွက်ကုန် ပစ္စည်းပြပွဲနှင့် အရောင်းပြခန်းများ ၁၅ ခန်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ဇုန်မှ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး၊ စက်မှုလက်မှုထုတ်ကုန်များ ပြပွဲ အပါအဝင် စုစုပေါင်း ၃၅၆ ခန်းကို ဖေဖော်ဝါရီ ၁၁ ရက်နှင့် ၁၂ ရက်များတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ခင်းကျင်းပြသမည်ဖြစ်ပြီး ညပိုင်းတွင် ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဖျော်ဖြေမည်ဖြစ်၍ အများပြည်သူများအနေဖြင့် လာရောက်ကြည့်ရှုဝယ်ယူ အားပေးနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။ 

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် (၇၆)ကြိမ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား ကျင်းပနိုင်ရေးအတွက် ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၊ ရုံးရှေ့မျက်နှာစာ အလျား ၄၇၅ ပေ၊ အနံ ပေ  ၁၈၀ ရှိ စစ်ရေးပြကွင်း မြေညှိပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်