ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည် ဖော်ရေးဗဟိုကော်မတီ အစည်းအဝေးတက်ရောက်

နေပြည်တော် ဇန်နဝါရီ ၃၀

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားသူများအား နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် (Permanent Residence System-PR System) ဖြင့် စိစစ်သုံးသပ်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံခြားသားအမြဲနေထိုင် ခွင့်ပြုခြင်း ဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ (၂) နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံခြားသားအမြဲနေထိုင်ခွင့် ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်၌ မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် (Permanent Residence System) စနစ် စီမံခန့်ခွဲမှုကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ်ဦးဆောင်၍ အဖွဲ့ဝင် (၁၀)ဦးဖြင့်လည်းကောင်း၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ အဖွဲ့ဝင် (၁၀)ဦးဖြင့်လည်းကောင်း၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်း ဝန်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ အဖွဲ့ဝင် (၁၃)ဦးဖြင့်လည်းကောင်း အဆင့်ဆင့်ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားနိုင်သည့် PR အမျိုး အစား (၄) မျိုးရှိပြီး ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ (၂၉) ရက်မှစ၍ လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ ယခု ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၂၆) ရက်အထိ မိသားစုအပါအဝင် လျှောက်ထားသူစုစုပေါင်း (၇၄၅) ဦးရှိပြီဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ အတည်ပြုခွင့်ပြုပေးခဲ့သူ မိသားစုအပါအဝင် (၆၆၉) ဦးရှိပြီဖြစ်ပါ ကြောင်း၊ PR နည်းဥပဒေအရ ငြင်းပယ်ခဲ့သူ (၇) ဦးရှိပြီး လျှောက်ထားခြင်းကို ပြန်လည်ပယ်ဖျက် ခွင့်ပြုရန်လျှောက်ထားသူ (၁)ဦး၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန် လေကြောင်း လိုင်းများပိတ်ထားသည့်အတွက် ဗဟိုကော်မတီမှ လူတွေ့စစ်ဆေးရန်ကျန်ရှိသူ မိသားစုအပါ အဝင် (၄၈) ဦးရှိပါကြောင်း။

ယခုပြုလုပ်သည့် အစည်းအဝေးတွင် ပြီးခဲ့သည့် ဇန်နဝါရီ (၁၉) ရက်က နိုင်ငံခြားသားအမြဲ နေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီမှ ပဏာမစိစစ်ပြီးဖြစ် သည့် မိသားစုအပါအဝင် လျှောက်ထားသူ (၂၀) ကို ဗဟိုကော်မတီအနေဖြင့် စိစစ်သုံးသပ်ဆွေး နွေးကြရန် ဖြစ်ပါကြောင်း၊ စိစစ်ဆောင်ရွက်ပြီးပါက ၎င်းတို့အား လူကိုယ်တိုင်ခေါ်ယူ၍ ဗဟို ကော်မတီမှ လူတွေ့စစ်ဆေးအကဲဖြတ်မှုများကို ဆက်လက်စီမံ ဆောင်ရွက်သွားရမည် ဖြစ်ပါ ကြောင်း၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ့အတွက် နိုင်ငံခြားငွေရရှိရေးနှင့် ရေရှည်အကျိုးစီးပွားဖြစ်ထွန်းရေးတို့အတွက် များစွာအထောက်အကူပြု သော်လည်း နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကို ထိခိုက်မှုမရှိစေရေးအတွက် ဗဟို ကော်မတီဝင်များအနေဖြင့် အဖက်ဖက်မှစဉ်းစားသုံးသပ်ကာ လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြု နိုင်ရေးအတွက် စိစစ်သုံးသပ်အကြံပြု ဆွေးနွေးကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြားသည်။ 

ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး၊ ကိုယ်စားတာဝန်ခံအရာရှိ က နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ ကော်မတီအဆင့်ဆင့်ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များ၊ လက်ရှိ PR လျှောက်ထားသူ မိသားစုအပါအဝင် (၂၀) ၏ ကိုယ်ရေးအချက်အလက် များနှင့် တစ်ဦးချင်းအမှတ် ပေးစနစ်များ၊ လုပ်ငန်းကော်မတီမှ စိစစ်အကြံပြုချက်များ၊ ဗဟိုကော်မတီမှ စိစစ်ပြီးပါက ဆက် လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ဗဟိုကော်မတီဝင်များက တစ်ဦးချင်း ကိုယ်ရေး အချက်အလက်များအပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေရေး ဝိုင်းဝန်းသုံးသပ်အကြံပြု ဆွေးနွေးပြီး ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ကဆွေးနွေးချက်များ အပေါ်လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ဗဟိုကော်မတီမှ အတည်ပြုပြီးသူများကို လူတွေ့စစ်ဆေးအကဲဖြတ်မှု ဆက်လက်ဆောင်ရွက်နိုင်ရေး ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် (PR System) ကို ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြှုပ်နှံလိုသည့် စီးပွားရေးလုပ်ငန်းရှင်၊ အခြားနိုင်ငံသားခံယူထားပြီး မိမိနိုင်ငံအကျိုးကို အထောက်အကူပြုမည့် မြန်မာနိုင်ငံသားဟောင်းနှင့် မြန်မာနိုင်ငံသားနှင့် သွေးချင်းဆက်စပ်သူ နိုင်ငံခြားသားဟူ၍ အမျိုးအစား (၄) မျိုးဖြင့် စိစစ်ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း သိ ရသည်။

သတင်းစဉ်