အမေရိကန်နိုင်ငံ၌  ကိုဗစ်-၁၉ ရောဂါဆိုင်ရာအရေးပေါ်အခြေအနေကြေညာချက် မေ ၁၁ ရက်တွင် ရုပ်သိမ်းမည်

ဇန်နဝါရီ ၃၁

အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒင်က ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အရေးပေါ်အခြေအနေကြေညာချက်အား မေ ၁၁ ရက်တွင် ရုပ်သိမ်းရန်စီစဉ်ထားကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။

အဆိုပါအရေးပေါ်ကြေညာချက်သည် ၂၀၂၀ ခုနှစ် မတ်လမှစတင်အသက်ဝင်ခဲ့သည်ဟု သိရသည်။

နိုင်ငံတစ်ဝန်းတွင် ဆေးရုံတက်ကုသမှုနှင့် သေဆုံးမှုအရေအတွက်များ မကြာသေးမီကလျော့ကျလာကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွွယ်ရေးစင်တာက အချက်အလက်ထုတ်ပြန်ကြေညာထားသည်။

ဆေးရုံတက်ကုသမှုအရေအတွက်သည် ဇန်နဝါရီလ ၂၈ ရက်အထိ တစ်ရက်လျှင် ၃၆၀၀ ဝန်းကျင်ရှိပြီး ဇန်နဝါရီလ ၂၅ ရက်အထိ နေ့စဉ်သေဆုံးမှုဦးရေ ၅၄၀ ခန့်ရှိသည်ဟု သိရသည်။

ထိုအရေးပေါ်အခြေအနေရုပ်သိမ်းခြင်းသည် ကိုဗစ်ရောဂါစမ်းသပ်စစ်ဆေးမှုနှင့်ကုသမှုတို့အတွက် ရန်ပုံငွေနှင့် ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးနှံမှုများကို အဆုံးသတ်နိုင်မည်ဖြစ်ကြောင်း အမေရိကန်မီဒီယာတွင် ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို