ရွှေသံလွင် ဘိုးဘွားရိပ်သာအား ကြည့်ရှုစစ်ဆေး 

နေပြည်တော် ဖေဖော်ဝါရီ ၃ 

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဒေါက်တာ သန်းမြင့် တို့ဦးဆောင်သောအဖွဲ့သည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်ရှိ ရွှေသံလွင်ဘိုးဘွားရိပ်သာကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ အဖွဲ့သည် ရွှေသံလွင်ဘိုးဘွားရိပ်သာ၌ လက်ခံစောင့်ရှောက်ပေးလျက်ရှိသော  ဘိုးဘွားများကို ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအစာ ကျွေးမွေးမှု၊ သန့်ရှင်းသောသောက်သုံး ရေရရှိအောင် ဆောင်ရွက်ပေးနေမှု ၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ပေးမှု ၊ ဘိုးဘွားအိပ် ဆောင်များနှင့် အဆောက်အဦများတွင် သက်ကြီးရွယ်အိုများ နေထိုင်မှု၊ အဆောက်အဦများ အတွင်း အဆင်ပြေလွယ်ကူစွာ လှုပ်ရှားသွားလာနိုင်ရန်နှင့် အပန်းဖြေအနားယူနိုင်ရန် စီစဉ် ဆောင်ရွက်ထားမှု ရှိ၊ မရှိ အခြေအနေစသည့် အခြေခံလူ့အခွင့်အရေးများ ရရှိခြင်း ရှိမရှိ တို့ကို ကြည့်ရှုစစ်ဆေးသည်။

ယင်းအဖွဲ့သည် ရိပ်သာ၌ လက်ခံစောင့်ရှောက်ထားသော အဘိုးအဘွား စုစုပေါင်း ၇၂ ဦးကို နွေးထွေးပျူငှာစွာ အားပေးစကားများ ပြောကြားသည်။

ကော်မရှင် အဖွဲ့ဝင်များ၏ ရွှေသံလွင်ဘိုးဘွားရိပ်သာကို ကြည့်ရှုစစ်ဆေးရေး ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့သွားမည်ဖြစ်သည်။

သတင်းစဉ်