ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားအငှားအိမ်ရာနှင့် ပြည်သူ့အငှားအိမ်ရာများ ဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၃

ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် သည် တာဝန်ရှိသူများ နှင့်အတူ ယနေ့တွင်  ပြည်ထောင်စုနယ်မြေ နေပြည်တော် ၊ ဒက္ခိဏသီရိမြို့နယ်ရှိ ပြည်သူ့ အငှားအိမ်ရာတည်ဆောက်ရေးစီမံကိန်းသို့ ရောက်ရှိရာ  မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်စိုး က နိုင်ငံ့ဝန်ထမ်း အငြိမ်းစားအငှားအိမ်ရာများနှင့် ပြည်သူ့အငှားအိမ်ရာများ ဆောင်ရွက်ထားရှိမှုများကို လည်းကောင်း ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးဇော်ဇော်အေး က ပြည်သူ့အငှားအိမ်ရာစီမံကိန်း လျာထားချက် ၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း ၊  ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းသက်နိုင်မိုး က အိမ်ရာ စီမံကိန်းကြီးကြပ်ထိန်းသိမ်းထားရှိမှုကို လည်းကောင်း ရှင်းလင်းတင်ပြကြရာ အမြဲတမ်းအတွင်းဝန် ဦးဝဏ္ဏဇော် က ဖြည့်စွက် ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး က အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နေပြည်တော် ၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် အိမ်ရာစီမံ ကိန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိကြောင်း ၊ ယခုနေပြည်တော်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများနှင့် ပြည်သူများ နေထိုင်မှုအဆင့်အတန်း မြင့်မားလာစေရန် မူဝါဒများနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၊ အိမ်ရာစည်းမျဉ်း ၊ စည်းကမ်းများ နှင့်အညီ စနစ်တကျ ဆောင်ရွက်ရန် လိုကြောင်း မှာကြားပြီး နိုင်ငံ့ဝန်ထမ်းအငြိမ်းစား အငှား အိမ်ရာများနှင့်  ပြည်သူ့အငှားအိမ်ရာများ  တည်ဆောက်ပြီးစီးမှု ၊  အိမ်ခန်းဖွဲ့စည်းမှု ၊  မြို့ပြ / ရေသန့် / လျှပ်စစ်  ဆောင်ရွက်ပြီးစီးမှုတို့ကို အသေးစိတ် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များအား လိုအပ်သည်များ မှာကြားသည်။

အိမ်ခန်းနေရာချထားရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား အငှား အိမ်ရာစီမံကိန်းတွင် အငြိမ်းစားဝန်ထမ်း (အမှုထမ်း)များအတွက် (၁၂) ခန်းတွဲ (၅ ထပ်) ၊ အဆောက်အဦ (၇) လုံး ၊ အခန်း (၄၂၀) အား နေရာချထားပေးပြီးဖြစ်သည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အငြိမ်းစား ဝန်ထမ်း (အရာထမ်း)များအတွက် ဆောင်ရွက်ပြီးစီးပြီဖြစ်သည့် (၄)ခန်းတွဲ (၅ ထပ်) ၊ အဆောက်အဦ (၅)လုံး ၊ အခန်း (၁၀၀) ခန်းနှင့် ပြည်သူ့အငှားအိမ်ရာ စီမံကိန်းတွင် (၄) ခန်းတွဲ (၅ ထပ်) ၊အဆောက်အဦ (၂၈) လုံးတွင် အခန်းပေါင်း (၄၄၈) ခန်းကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

သတင်းစဉ်