နွေဦးကာလ မြူထသောအခါ

မောင်မောင်ဖြူ

၁၃-၂-၂၀၂၃ ရက်မှအဆက်

ဒေါ်ဘုမကမူ ခင်သန်းဌေးတို့သားအမိ ပြောစကားများကို အသာနားထောင်နေပြီး ဒေါ်လှတင်၏ အရိပ်အကဲကိုသာ ကြည့်နေရ၏။

ခင်သန်းဌေးကလည်း ဆက်ပြောပြန်သည်။

“ပြီးတော့ တစ်ခါကဆိုရင် သူတို့သား ကိုအေးဆွေဟာ ဌေးကို ခွေးဝိုင်းကိုက်မယ့်ဘေးကနေပြီး ကာကွယ်ပေးလိုက်ဖူးတယ်ဆိုတာလည်း မေမေတို့ အသိ။ ဒီတုန်းက တကယ်လို့သာ ကိုအေးဆွေက အချိန်မီမကယ်လိုက်ရင် ဌေးဟာ သေချင်လည်း သေသွားမှာပဲ။ မသေရင်တောင် ကိုယ်အင်္ဂါတစ်ခုခု ချို့တဲ့သွားပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်သွားမှာ မုချပဲ။ ဌေးပြောတာ ဟုတ်တယ်မဟုတ်လားမေမေ”

“အောင်မယ်၊ ညည်းက ဖအေ့ထက်သားတစ်လ ကြီးနေလိုက်တာ။ ပိုက်ဆံမရှိပါဘူးလို့ ဆိုနေပါမှ၊ ညည်းရှိ ညည်းပေးလိုက်ပါလား” 

ဒေါ်လှတင်သည် ခင်သန်းဌေးအား စိတ်ဆိုးမာန်ဆိုးဖြင့် အော်ငေါက်လိုက်ပြီးလျှင် ငေါ့၍ပင် ပြောလိုက်သေးသည်။

“ဒါဖြင့်ရင် ကောင်းပြီမေမေ။ ဒီပစ္စည်းဟာ သက်သက် အပိုဖြုန်းပစ္စည်းတစ်ခုပဲ၊ မရှိလည်း ဖြစ်နေတာပဲ။ ရော့ ဒေါ်ဘုမ၊ အဲဒါကို ရောင်းသုံး” 

ခင်သန်းဌေးသည် ပြောပြောဆိုဆိုနှင့် စောစောကပင် သူ့အမေ ပူပူနွေးနွေးလုပ်ပေးခဲ့သော လက်မှ ကျောက်စိမ်းလက်ပတ်ကြိုးကို ဖြုတ်၍ ဒေါ်ဘုမသို့ လှမ်းပေးလိုက်သည်။

ဒေါ်ဘုမသည် စိတ်မြန်ကိုယ်မြန်ဖြင့် လက်မှ ဖြုတ်ယူလှမ်းပေးနေသော ခင်သန်းဌေး၏ ကျောက်စိမ်းများစီခြယ်၍ပြုလုပ်ထားသည့် ရွှေလက်ပတ် ကြိုးလေးကို ရုတ်တရက် လှမ်းမယူဝံ့ချေ။ မျက်လုံး အပြူးသားဖြင့်သာ အံ့အားသင့်ကာ ကြောင်ကြည့်နေမိသည်။

ဤတွင်မှ ဒေါ်လှတင်သည် ပျာပျာသလဲဖြစ်သွား လျက် -

“အို၊ အို၊ အို ဘယ့်နှယ်လုပ်တာလဲ သမီးရယ်၊ မိုက်လိုက်ပါဘိ” ဟုဆိုရင်း ခင်သန်းဌေး၏လက်မှ ကျောက်စိမ်းလက်ပတ်ကြိုးလေးကို ဆတ်ခနဲ လှမ်းယူ လုထားလိုက်တော့သည်။

ထိုနောက်တွင်ကား ဒေါ်ဘုမ၏လက်ထဲသို့ ငွေငါးဆယ်သည် ရှောရှောရှူရှူဖြင့် ရောက်ရှိလာတော့၏။

ဤမည်သောအကြောင်းများကို ဒေါ်ဘုမ ပြောပြ၍ သိလာရသောအခါ နဂိုကမှ ဖခင်ဖြစ်သူ ပေါင်ကျိုးသွားသဖြင့် စိတ်ထိခိုက်ကာ ဝမ်းနည်းကြေကွဲနေသော ကိုအေးဆွေမှာ ပို၍ပင် ကြေကွဲဝမ်းနည်းလာမိသည်။

မိမိတို့အပေါ် ငွေလေးငါးဆယ်မျှကိုပင် ယုံကြည်ခြင်းမခံရသော မိမိတို့ ထန်းသမားဘဝအား နာကြည်းလာမိသလို ထန်းပိုင်ရှင်များအပေါ်တွင်လည်း ပြင်းစွာ ဒေါသဖြစ်မိသည်။

သို့ပင်ဖြစ်သော်လည်း ခင်သန်းဌေးကိုမူ ကျေးဇူးတင်ရပေမည်။ မိမိက အမှတ်မထင်ကြုံကြိုက်၍ ကူညီစောင့်ရှောက်လိုက်ဖူးသော ကျေးဇူးတရားကို သူသည် ကျေးဇူးတင်၍မဆုံး၊ ပြော၍မဆုံး ဖြစ်နေသည်။ ဤမည်သော လူချမ်းသာအသိုင်းအဝိုင်း ထဲတွင် သူ့လိုမေတ္တာရှင်မလေးတစ်ယောက် မျိုးလည်း ရှိပါသေးကလားဟု ကိုအေးဆွေက စဉ်းစားလာမိသောအခါ သူ၏ရင်တွင်းဝယ် အမျိုး အမည်မသိသောဝေဒနာက တလှိုက်လှိုက် ခံစားလာကာ ရင်သည် အလိုလိုခုန်လာတော့သည်။

နွေရာသီ ကျောင်းပိတ်ရက်များ ကုန်ဆုံး၍ ကျောင်းများ စတင်ဖွင့်လှစ်သောအခါ ခင်သန်းဌေးသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုရန် ကျောင်းဆက်နေသော်လည်း ကိုအေးဆွေမှာမူ ကျောင်းဆက်၍မနေနိုင်တော့ချေ။

အမှန်မှာ နှစ်ယောက်စလုံးပင် ဟိုက်စကူးဖိုင်နယ် အောင်မြင်ကြသော်လည်း ကိုအေးဆွေမှာ ဆက်လက်ကျောင်းနေနိုင်ရန် အခြေအနေက မရှိရှာသောကြောင့် ဖြစ်လေသည်။ ထိုအချိန်တွင် ကိုအေးဆွေ တို့၏ နေထိုင်စားသောက်ရေးမှာ ယခင်ကကဲ့သို့ အဆင်မပြေတော့ပေ။ အလွန်ပင် ကျပ်တည်းလာသည်။ ယင်းကဲ့သို့ ကျပ်တည်းလာရခြင်းမှာလည်း ဦးဖိုးခမှာ ရှေးယခင်ကကဲ့သို့ ထန်းမတက်နိုင်တော့ သောကြောင့် ဖြစ်လေသည်။

ဦးဖိုးခသည် ဆေးရုံက ဆင်းလာနိုင်သည့်တိုင်အောင် ယခင်ကဲ့သို့ အကောင်းပကတိ မဟုတ်တော့ချေ။ ပေါင်ကျိုးမှု ဒဏ်ရာဒဏ်ချက်ကြောင့် ကောင်းစွာ မသန်စွမ်းတော့ဘဲ ထော့ကျိုးထော့ကျိုးဖြင့်သာ သွားလာနိုင်တော့သည်။ ထန်းပင်ကိုလည်း အစိတ် နှစ်ဆယ်လောက်သာ မနည်းကြိုးစားပမ်းစားဖြင့် အားခဲတက်နေရတော့၏။

ယင်းသို့ကြောင့် ထန်းကို လျှော့တက်ရသောအခါ ထန်းပင်ကို အလကားမထားတတ်သော ထန်းပိုင်ရှင်သည် အချို့ကိုခွဲကာ အခြားထန်းတက်သမားအား ပြောင်းရွှေ့ချထားလေသည်။

အိမ်၏ စားသောက်နေထိုင်ရေး ကျပ်တည်းသွားသော အချိန်အခါမှစ၍ ကိုအေးဆွေသည် ကျောက်ပန်းတောင်းမြို့သို့ နေ့စဉ်နေ့တိုင်းသွားကာ နွားလှည်းဖြင့် ရေစည်တိုက်၍ ရေရောင်းချရ လေသည်။ ဤသည်မှာလည်း ကိုယ်ပိုင်နွားလှည်းကား မဟုတ်ချေ။ လက်ပံပင်ရွာထဲက အတော်အတန် စီးပွားရေးအခြေအနေကောင်းသော တောင်သူကြီး ဦးငွေရထံမှ လှည်းဦးစီးအဖြစ် အငှားယူကာ ရေစည်လှည်းတိုက်ရခြင်း ဖြစ်လေသည်။

ဤသို့ဖြင့် ကိုအေးဆွေသည် အိမ်၏စီးပွားရေးကို တစ်ဖက်တစ်လမ်းက ရှာကြံရသည်။ ထိုအတွင်း မိမိနှင့် ထိုက်တန်သော အလုပ်အကိုင်ကလေးများကိုလည်း ရှာကြံသည်။ သို့သော် မရချေ။

ဤကဲ့သို့ ထန်းသမားဘဝမှ လွတ်မြောက်ရန် မျှော်လင့်ကြီးစွာဖြင့် အားထားကာ ပညာသင် လာရပြီးနောက် ယခုလို ထင်တိုင်းမပေါက်တော့ဘဲ အတက်တွင် ဇက်ပြတ်သော နွားလှည်းကဲ့သို့ ဖြစ်လာရသောအခါ ဒုံရင်းသို့ ပြန်ကျမသွားစေရန် ကိုအေးဆွေသည် အတော်ပင် ကြံ့ကြံ့ခံထားရတော့သည်။

အကယ်၍များ မိမိ၏ရည်ရွယ်ချက်ပန်းတိုင်ကြီး နှင့်လွဲချော်ကာ တစ်ချိန်လုံး မျှော်လင့်တောင့်တ လာခဲ့သော ရည်ရွယ်ချက်ဗိမာန်ကြီးမှာ ပြိုကွဲသွား တော့မည်လားဟု တွေးမိလာသောအခါတွင်လည်း ကိုအေးဆွေ၏ရင်သည် ပွင့်သွားခမန်း ပူပင်သွားရမြဲ ဖြစ်လေသည်။

“ဟေ့ ဟေ့၊ သူငယ်”

ကိုအေးဆွေသည် ရေစည်လှည်းတိုက်ရင်း တွေးမိတွေးရာ တွေးနေမိရာမှ ခေါ်သံကြားရာဆီသို့ လှမ်းကြည့်လိုက်ရာ၊ အိမ်ခြံဝင်းတံခါးဝတွင်ရပ်နေသော လူကြီးတစ်ဦးအား တွေ့ရသည်။

“ခင်ဗျာ”

“တို့များအိမ်လည်း ရေတစ်စည် ပို့ပါဦးကွယ့်” ဟု လူကြီးက လှမ်းပြောလိုက်သည်။

“ဟုတ်ကဲ့ ခင်ဗျာ၊ ဟိုဘက်အိမ်ကို ဒီတစ်စည် ပို့ပြီးရင် လာပို့ပါ့မယ်” 

ဤသို့ဖြင့် ကိုအေးဆွေသည် အလွတ်ပညာသင် ကျောင်းအုပ်ဆရာကြီး ဦးလှဒင်နှင့် သိကျွမ်းသွားလေသည်။

ကိုအေးဆွေသည် တစ်ရက်ခြားဆိုသလို ဦးလှဒင် ၏မှာကြားထားမှုကြောင့် ရေစည်ကို သွားပို့ရသည်။ သူ သွား၍ပို့တိုင်းပို့တိုင်း သီးခြားဆောက်လုပ်ထားသော အဆောင်တွင် အထက်တန်း၊ အလယ်တန်း ကျောင်းသားများ၊ အရပ်သား ကျောင်းသားများသည် ကိုယ်လိုချင်သောဘာသာရပ်များကို ကိုယ့်အချိန်နှင့် ကိုယ်လာသင်နေကြသည်ကို တွေ့ရသည်။ တန်းမြင့်ကျောင်းကြီးမှ မိမိသိသောကျောင်းသားများပါ လာရောက်သင်ကြားနေကြသည်ကို တွေ့ရ၏။ သည်လိုတွေ့မြင်ရသောအခါ မိမိ၏ ချို့တဲ့သော ထန်းသမားဘဝကို အလိုလို နာကြည်းလာသည်။

သူတို့မှာမူ အစိုးရတန်းမြင့်ကျောင်းကြီးကို နေနိုင်ရုံမျှမက သူတို့မလိုက်နိုင်သော ဘာသာရပ်များကိုပင် သည်အလွတ်ပညာသင်ကျောင်းသို့ လာကာ အထူးအလွတ်သင်ယူခြင်းဖြင့် သူတို့၏ အရည်အချင်းများကို တိုးတက်စေသည်။ မိမိမှာကား စရိတ်ကြီးလှသော အလွတ်ပညာသင်ကျောင်းကို တက်ဖို့မဆိုထားဘိ၊ အစိုးရတန်းမြင့်ကျောင်းကြီးကိုပင် မနေနိုင်ခဲ့။ ကျောင်းထွက်လိုက်ရသောဘဝသို့ ရောက်ခဲ့ရသည်။ မိမိဘာသာ လေ့လာရခြင်းဖြင့်သာ ဆည်းပူးနေရသည်။
“ဟာ အေးဆွေ”

ကိုအေးဆွေသည် ဆရာကြီး ဦးလှဒင်၏ အိမ်ဘေးရှိ ရာဝင်စဉ့်အိုးကြီးထဲသို့ ရေစည်မှရေကို ပြောင်းရွှေ့လဲလှယ်ထည့်နေစဉ် မိမိ၏အမည် ခေါ်သံကြား၍ လှည့်ကြည့်လိုက်၏။ ဝမ်းသာ အယ်လဲဖြစ်နေသော မိမိနှင့် တစ်တန်းတည်းနေခဲ့ ဖူးသည့် လှကြည်အား တွေ့ရသည်။ 

“ဟင်၊ ဘာလဲကွ လှကြည်”

တကယ်တော့ ကိုအေးဆွေသည် မိမိနှင့် တစ်တန်းတည်း ကျောင်းနေဖက် သူငယ်ချင်းများ ကို တတ်နိုင်သလောက် မတွေ့အောင် ရှောင်နေမိ၏။ မည်သို့ပင်ဖြစ်စေ မိမိ၏ ချို့တဲ့သောဘဝအား မြင်တွေ့သွားမည်ကိုတော့ ရှက်သည်။ ဘာကြောင့် ကျောင်းဆက်မနေသည်ကိုလည်း ပြောရမှာ ရှက်သည်။ ယခုတော့မူ ရင်ဆိုင်တွေ့နေ၍ မထူးတော့ပြီ။ နောက်ပြီးတော့လည်း လှကြည်မှာ အတန်းထဲရှိ ယောက်ျားလေးသူငယ်ချင်းများထဲမှ အခင်မင်ဆုံးဖြစ်သည်။ တစ်ဦးနှင့်တစ်ဦးလည်း ပွင့်ပွင့်လင်းလင်း အားမနာတမ်းပြောဆိုကာ နောက်ပြောင်လေ့ရှိသည့် သူငယ်ချင်းချစ်တစ်ဦးဖြစ်သည်။

“မင်းနှယ်ကွာ၊ ကျောင်းဖွင့်ကတည်းက မင်းလာမလားလို့စောင့်နေတာ။ တခြားကောင်တွေ မေးကြည့်တော့လည်း မသိဘူးတဲ့။ နောက် မင်းအဆက် ခင်သန်းဌေးကိုမေးကြည့်မှ အကျိုးအကြောင်းသိရတာ”

“ဟာ ဒီကောင်ကလဲ ဘယ့်နှယ် လျှောက်ပြောနေတာလဲ။ ဘယ်ကအဆက်ဟုတ်ရမှာလဲ”

ကိုအေးဆွေသည် လက်မှ ရေသယ်သံပုံးကို မြေကြီးပေါ်သို့ချလိုက်ရင်း ခါးခါးသီးသီး ငြင်းပယ်လိုက်သည်။

“ဒါဖြင့် ဘာလဲကွ၊ သူငယ်ချင်းမပါလို့ ဆိုချင်သလား” 

“ကိုင်းပါကွာ၊ မင်း ခေါ်ချင်သလိုပဲခေါ်စမ်းပါ”

လှကြည်က ပြုံးစပ်စပ်နှင့် ပြောနေသည်ကို ကိုအေးဆွေက စိတ်မရှည်သလို ပြန်ပြောလိုက်၏။

ထို့နောက် ကိုအေးဆွေသည် ဆွေးမြည့်နေသော မျက်နှာဖြင့် အဝေးသို့ အမှတ်မဲ့ ငေးကြည့်နေသည်။

ဒါကိုကြည့်၍ လှကြည်၏ ပြောင်စပ်စပ် မျက်နှာသည် ချက်ချင်းလို တည်ငြိမ်သွားကာ ဣန္ဒြေရသွားသည်။ ခါတိုင်း ကိုအေးဆွေနှင့် လှကြည်တို့ တွေ့လိုက်လျှင် တစ်ဦးနှင့်တစ်ဦး နောက်ပြောင် ရွှတ်နောက်နေကျဖြစ်သည်။ ယခုမူ ကိုအေးဆွေ၏ မသာမယာ ညှိုးနွမ်းနေသောမျက်နှာကြောင့် လှကြည်သည် စိတ်မကောင်းဖြစ်သွားဟန်ရှိသည်။

ဆက်လက်ဖော်ပြပါမည်။