လေ့လာသင်ယူနိုင်စွမ်းရှိတဲ့ Chat GPT  ဉာဏ်ရည်တု Chat bot

 

Chat GPT ဆိုတဲ့ ဉာဏ်ရည်တု Chat bot ကို Open AI အဖွဲ့က ဖန်တီးခဲ့ပုံနဲ့  အသုံးပြုသူအရေအတွက် စံချိန်သစ်တင် ခဲ့ပုံကို ယခင်တစ်ပတ်က ဖော်ပြခဲ့ပါတယ်။

 

Chat GPT ဟာ အသုံးပြုသူက မေးမြန်းလိုက်သမျှကို အင်တာနက်ပေါ်က အချက်အလက်တွေကနေ ဂူဂဲလ်ရှာဖွေရေးအင်ဂျင်လိုပဲ  ရှာဖွေပေးတာဖြစ်ပါတယ်။  ဒါပေမယ့်  ဂူဂဲလ်လို ဝက်ဘ်ဆိုက် လိပ်စာတွေကို ရှာဖွေပေးပြီး  အသုံးပြုသူက တစ်ခုချင်း ဝင်ကြည့်ရတာ မျိုးမဟုတ်ဘဲ မေးမြန်းလိုက်တာရဲ့ အဖြေကိုပဲ အတိအကျ ပြန်ဖြေတာဖြစ်လို့ အသုံးပြုသူအတွက် အချိန်ကုန်တာ အများကြီး ပိုသက်သာပါတယ်။ ဒါ့အပြင် လေ့လာသင်ယူနိုင်တဲ့ ဉာဏ်ရည်တုစနစ်ကြောင့် စကားအဆက်အစပ်ကိုပါ နားလည်ပါတယ်။ ဥပမာ Location of Shwedagon လို့ မေးလိုက်ရင် ရွှေတိဂုံဘုရားရဲ့ တည်နေရာနဲ့ ဘယ်လိုသွားနိုင်တယ်ဆိုတာ ပြန်ပြောမှာဖြစ်ပါတယ်။ ဒီနောက်မှာ History လို့ ထပ်ရိုက်လိုက်ရင် ရွှေတိဂုံဘုရားသမိုင်းကို ဆက်ပြောပြမှာဖြစ်ပါတယ်။ Chat GPT ဟာ မေးခွန်းတစ်ခုစီအတွက် တိတိကျကျဖြေပေးနိုင်တာကြောင့် ဘာမေးမေးဖြေနိုင်တဲ့ အတွင်းရေးမှူး တစ်ယောက်လိုမျိုးအထိ အသုံးပြုနိုင်ပါတယ်။ ဥပမာ ခေါင်းကိုက်ရင် ဘာဆေးသောက်ရမလဲ၊ ဘယ်လောက်ပမာဏ သောက်ရမလဲ၊ ဘယ်မှာဝယ်ရမလဲဆိုတာနဲ့ သတိထားရမယ့်အချက်တွေကို အသေးစိတ်ပြောပြမှာဖြစ်ပါတယ်။

 

ဒါပေမယ့် အသုံးပြုသူအရေအတွက် စံချိန်သစ်တင်နိုင်တာက ဒီထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေကြောင့်ပါ။ ဒီ Chatbot ရဲ့ ဉာဏ်ရည်တုဟာ ခိုင်းသမျှကို အင်တာနက်ကနေ ရှာဖွေ ပေးနိုင်ရုံမက ရှိပြီးသားအချက်တွေကနေ အသစ်ဖန်တီးတာကိုပါ လုပ်ပေးနိုင်ပါတယ်။ လက်ရှိ စမ်းသုံးပြီးသူတွေကတော့ ဒီ Chatbot ကို စာစီစာကုံး/ ဝတ္ထုတွေ ရေးသားခိုင်းတာ၊ ကုန်ပစ္စည်းတွေ အတွက် ကြော်ငြာရေးသားခိုင်းတာ၊ သီချင်းရေးစပ်ခိုင်းတာ၊ ကွန်ပျူတာပရိုဂရမ် ရေးထားတဲ့အထဲက အမှားရှာခိုင်းတာတွေ လုပ်ကြည့်တဲ့အခါ အကုန်လုပ်နိုင်တယ်လို့ ဆိုကြပါတယ်။ ကိုယ်တိုင် အချက်အလက် တချို့ပေးပြီး စာလုံးရေ ၂၀၀ လောက် စာစီစာကုံးတစ်ပုဒ်ကို ရေးခိုင်းကြည့်တဲ့အခါမှာ လည်း ကိုယ်ပေးတဲ့အချက်တွေကို အခြေခံပြီး စာစီစာကုံးအသစ်တစ်ပုဒ်ကို စက္ကန့်ပိုင်းအတွင်းမှာ ဖန်တီးပေးနိုင်တာ တွေ့ရပါတယ်။

 

ဒါ့အပြင် ဒီ Chatbot ရဲ့ ဉာဏ်ရည်တုဟာ အသုံးပြုသူတွေဆီကနေ ပြန်ပြီးသင်ယူပါသေးတယ်။ သူပေးတဲ့အဖြေတွေကို အသုံးပြုသူတွေက Thumbs up down ခလုတ်တွေကိုနှိပ်ပြီး ကောင်း/ မကောင်း အကြံပြုနိုင်သလို ဖြည့်စွက်ပြီး သင်ပေးချင်တာတွေကိုလည်း သင်ပေးလို့ရပါတယ်။ ဒီအခါမှာ သူ့ရဲ့ ဉာဏ်ရည်တုက အဲဒီအချက်တွေကို မှတ်ထားပြီး နောက်တခါ ဒီလိုမေးခွန်း မျိုးကြုံတဲ့အခါ ပြန်ပြီးဖြေပေးမှာဖြစ်ပါတယ်။

Chat GPT ကို အသေးစိတ် အသုံးပြုပုံနဲ့အားသာချက်၊ အားနည်းချက်တွေကို နောက်တစ်ပတ်မှာ ဆက်လက်ဖော်ပြသွားပါမယ်။

 

ကျော်ဇင်ဦး