နွေဦးကာလ မြူထသောအခါ

 

မောင်မောင်ဖြူ

 

၂၇-၂-၂၀၂၃ ရက်မှအဆက်

သည်နေ့လည်း  အိပ်ရာသို့  စောစောဝင်လာခဲ့သည့်တိုင်အောင် အိပ်၍ကား မပျော်ပါချေ။

 

သုံးလေးရက်က ရောက်ရှိလာခဲ့သော မိဘများထံမှပေးစာသည် ယခုထိအောင်ပင် ကိုအေးဆွေ၏ စိတ်နှလုံးများကို ထိခိုက်နေဆဲပင်ရှိသေးသည်။ တွေးလိုက်တိုင်း ရင်ကို နင့်စေလေသည်။

 

တကယ်ဆိုတော့လည်း မိဘများ၏ဘဝအတွက် ကြေကွဲရခြင်းပင်။ မိဘများသည် သူတို့အတွက် ဘာတစ်ခုမျှ မျှော်လင့်ချက်မထားကြပေ။ မိမိကြီးပွားရေးကိုသာ အဓိကထားကြသည်။ သူတို့ဘဝ ကိုကား ပေယျာလကန်ထား၍ ဥပေက္ခာပြုနိုင်စွမ်း ရှိကြသည်။ အင်း၊ မိဘများ၏ ကျေးဇူးတရားများသည် ဆပ်မကုန်နိုင်အောင် ကြီးမားလှချေသည်တကား။ မိမိအပေါ်ထားရှိသော မိဘများ၏ မေတ္တာ၊ ကရုဏာများကား နက်ရှိုင်းလှချေပါဘိ။

 

သို့တစေ မိဘများက မိမိအား ကြီးပွားစေချင်၊ ပညာတတ်စေချင်သော်လည်း ယခုလက်တွေ့ မိမိ ဘဝမှာကား ကြံတိုင်းမမြောက်ဘဲဖြစ်နေသည်။


အလုပ်ရှာခဲ့သည်မှာလည်း တိုက်တကာ ရုံးတကာနှံ့၍ မူးပင်နေပါချေပြီ။ ဘယ်နေရာမှ နေရာလပ်မရှိ။ နေရာလပ်ရှိသည်ဟု ကြားလျှင်ကြားချင်း ပြေးလွှား၍ လျှောက်လိုက်ပြန်ပါကလည်း အခြား သူများသာရသွားကြသည်။ မိမိမှာ ဘီအေ၊ အိုင်အေ၊ ဘီအက်စီတွေကြားထဲတွင် လျှောက်ရသည်က တစ်ကြောင်း၊ အကပ်အရပ်မရှိ၍ တစ်ကြောင်း နောက်ဆုံး အမောသာအဖတ်တင်ခဲ့သည်။

 

သို့ဖြင့် ဆိုက်ကားပဲ နင်းတော့မည်ဟု စိတ်ကူးရကာ ကိုအောင်ဖေထံမှတစ်ဆင့် ဆိုက်ကားတစ်စင်းကို အငှားယူ၍ နင်းခဲ့၏။ ကိုအောင်ဖေကဆိုလျှင် ဆင်းရဲလှသော ဆိုက်ကားသမားအလုပ်ကို မလုပ်ရန် တားမြစ်ခဲ့၏။

 

“အေးဆွေရ ငါသာပညာမတတ်လို့ ဆိုက်ကားနင်းနေရတာ။ ပြီးတော့ အလွန်ဆင်းရဲတာကွ။ မင်းလို ဆယ်တန်းလောက်သာအောင်ရင် ငါတော့ဘယ်တော့မှ ဆိုက်ကားမနင်းဘူး။ တခြားအလုပ်ရှာလုပ်မှာပဲ။ ပြီးတော့လည်း ဆိုက်ကားနင်းမယ်ဆိုရင် လိုင်စင်ရှိမှဖြစ်တာ။ လိုင်စင်မရှိရင် အဖမ်းခံနေရဦးမယ်”

 

“ဟုတ်ပါတယ်၊ အစ်ကိုအောင်ပြောတာ။ ဒါပေမဲ့ အစ်ကိုအောင်ပြောသလို ကျွန်တော်နဲ့ထိုက်တန်တဲ့ စာရေးစာချီအလုပ်တို့ ဘာတို့ကမရဘူးမဟုတ်လား အစ်ကိုအောင်ရဲ့။ ဒါကြောင့် ကိုယ်ပိုင်အလုပ်ဖြစ်တဲ့ ဆိုက်ကားနင်းတဲ့ အလုပ်ကိုပဲ လိုင်စင်ယူပြီး ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ လုပ်တော့မယ်လို့ ဆုံးဖြတ်တာပါ”

 

“အေး၊ မင်းပြောတာလည်း ဟုတ်ပါရဲ့ကွာ။ ဒါပေမဲ့ တို့ဆိုက်ကားအလုပ်က အရင်ကလို တွက်ခြေ သိပ်မကိုက်တော့ဘူး ဆိုတာကိုကော မင်းသိရဲ့လား။ သုံးဘီးကားတွေ ပေါ်လာကတည်းက တို့ ဆိုက်ကားသမားတွေဟာ မဟန်တော့ဘူးကွ။ ခက်ပါတယ်ကွာ၊ လုပ်ရိုးလုပ်စဉ် လုပ်စားတော့လည်း မိုးခေါင်၊ ခိုးစားတော့လည်း ခွေးဟောင် ဆိုတာလို ကောင်းကောင်းမွန်မွန် လုပ်ကိုင်စားတဲ့ လူများကတော့ ဘယ်တော့မှ ထမင်းနပ်မှန်အောင် မစားရဘူးကွ” ဟု ကိုအောင်ဖေက ခြူသံပါအောင် ညည်းညူရင်း ပြောနေတော့သည်။

 

“ကဲပါလေ၊ ဘယ်လိုပဲဖြစ်ဖြစ် ဆိုက်ကားတစ်စီး သာရှာပေးစမ်းပါ။ ကျွန်တော် နင်းပါ့မယ်”

 

နောက်ဆုံးတွင် ကိုအောင်ဖေမှာ ကိုအေးဆွေ၏ ပူဆာချက်ကြောင့် ဆိုက်ကားတစ်စီးကို ရှာပေးရတော့သည်။ ကိုအေးဆွေကလည်း မနင်းတတ်နင်းတတ်ဖြင့် တဖြည်းဖြည်း ကြိုးစား၍နင်းလေသည်။

 

သို့သော်လည်း ရလာသည့်ငွေများမှာ တစ်ခါတစ်ရံ ဆိုက်ကားရှင်အားပေးဖို့ပင်လျှင် လုံလောက်အောင်မရချေ။ သို့ဖြင့် ဆိုက်ကားအလုပ်ကို ပစ်ပယ်ကာတခြားအလုပ်ကိုရှာပြန်၏။ ငွေအား ဉာဏ်အား မစိုက်ထုတ်ရသော သင်္ဘောကြီး ကုန်တင်ကုန်ချအလုပ်၊ ကန်ထရိုက်တာခေါ်သည့် မြေတူး၊ အုတ်သယ်အလုပ် စသော ကျပန်း အလုပ် ကြမ်းမှန်သမျှကိုလည်း အလိုက်သင့်သလိုလုပ်၏။ သို့ရာတွင်မူ မှန်မှန်လုပ်ရသည်ကား မဟုတ်ပေ။ ၎င်းတို့လူများ အလုပ်မဆင်းနိုင်၍ လူမပြည့်သည့် အခါမှသာ လာရောက်ခေါ်လေ့ရှိလေသည်။

 

ယင်းသို့ မှန်းခြေနှင့် မကိုက်သောအခါ ကိုအေးဆွေ သည် မိမိ၏ မက်ထရစ်စာမေးပွဲ အောင်လက်မှတ် ကိုလည်း သံသယဖြစ်လာသည်။ ဆရာကြီးဦးလှဒင် ပြောသလို ဟုတ်များနေသလားဟုလည်း သို့လော သို့လော တွေးတောလာမိရင်း ဆရာကြီး၏စကား များကို အမှတ်ရလာသည်။

 

“ဆရာတို့ တတ်ခဲ့တဲ့ပညာ၊ အခု မင်းတို့သင်နေတဲ့ ပညာဟာ အလကားပါကွာ။ ကျွန်ပညာကြီးပါ။ တိုင်းပြည်အတွက် ဘာမှ ထိထိရောက်ရောက် အကျိုးမပြုနိုင်ပါဘူး။ အခုမင်းတို့တတ်သွားလည်း စာရေးစာချီစတဲ့ လခစားလုပ်ရုံကလွဲလို့ ဘာမှမလုပ်တတ်ပါဘူးကွာ” ဟု ဆရာကြီး ဦးလှဒင်က လက်ရှိပညာရေးစနစ်ကို ရှုတ်ချ၍ မကြာခဏ ပြောရင်းဆိုရှယ်လစ်နိုင်ငံများတွင် ကျင့်သုံးနေသော ဆိုရှယ်လစ်ပညာရေးစနစ်များနှင့် နှိုင်းယှဉ်ဝေဖန်၍ ပြောပြခဲ့ဖူးသည်။

 

“ဆိုရှယ်လစ်ပညာရေးဆိုတာဟာ တစ်ဖက်က စာပေဆိုတဲ့ အသိပညာကို သင်ပေးရင်း တစ်ဖက် ကလည်း ကျောင်းကထွက်ရင် အသက်မွေးဝမ်း ကျောင်းပြုနိုင်အောင် တိုင်းပြည်မှာ တကယ်လို အပ်တဲ့ လူသုံးကုန်ပစ္စည်းတွေ ထုတ်လုပ်နိုင်မယ့် စက်မှုလက်မှု အတတ်ပညာ၊ မွေးမြူရေး၊ စိုက်ပျိုးရေး အတတ်ပညာတွေပါ တစ်ပါတည်း ပူးတွဲသင်ပေး လေ့ရှိတယ်ကွယ့်။ တစ်နည်းအားဖြင့် ဘဝအာမခံ ချက်ရှိတယ်ဆိုရမှာပေါ့ကွာ”

 

ဆရာကြီးပြောသကဲ့သို့ပင် ဟုတ်၍များနေလေ ရော့သလား။ ယခုတော့မူ စာရေးစာချီ အလုပ် ကလေးမျှပင် ရှာ၍မရချေ။ ထိုကြောင့်လည်း မိမိလို ဆယ်တန်းလောက် အောင်ရုံမျှဖြင့်တော့ ဘဝအာမခံ ချက်မရနိုင်သေးဟု ထင်မြင်ယူဆလာမိသည်။

 

သို့တစေလည်း တစ်ဖက်ကမူ မိမိအနည်းအကျဉ်း လေ့လာမှတ်သားဖူးသော အရင်းရှင်စီးပွားရေးစနစ် ကြောင့်လောဟု အတွေးကဝင်လာပြန်၏။ ထိုအခါ ဆရာကြီး ဦးလှဒင်နှင့် သူ့ရဲဘော်များ ဆွေးနွေးချက် သဘောတရားများကို နားတွင်ကြားယောင်လာသည်။

 

“ဒီနေ့ ကျုပ်တို့မြန်မာနိုင်ငံဟာ ပဒေသရာဇ် မြေရှင်တစ်ပိုင်း၊ ကိုလိုနီတစ်ပိုင်း နိုင်ငံပဲ။ ဘာကြောင့်ဆိုရင် ခုထက်ထိ မြေရှင်ကြီးတွေရဲ့ ခြယ်လှယ်မှုကို ခံနေရတုန်းရှိသေးတယ်။ ထွန်ယက် စိုက်ပျိုးမှု ကြည့်တော့လည်း ကျွဲနွားနဲ့ဖက်ပြီး ရုန်းရတုန်းပဲ။ စက်မှုလယ်ယာအဆင့်ဟာ လုံးဝမစရသေးဘူး။ ဒါကြောင့်မို့လို့လည်း ထွက်ကုန်သီးနှံဟာ တခြားစက်မှုနိုင်ငံတွေလို လှိုင်လှိုင်မထွက်နိုင်သေးဘူး။ နောက်ပြီး စက်မှုလုပ်ငန်းဟာလည်း မထွန်းကားသေးတော့ လူသုံးကုန်ပစ္စည်းတွေ ဆိုရင်လည်း နိုင်ငံခြားကို ခုထက်ထိ အားကိုးရတုန်း ပဲ။ ဒီလို စက်မှုလက်မှုမထွန်းကားသေးတဲ့၊ ခေတ်နောက်ကျ ကျန်ရစ်ခဲ့တဲ့၊ လူ့လုပ်အားနဲ့ချည်း လယ်ယာကိုင်းကျွန်း စိုက်ပျိုးရေးကိုသာ အဓိကအားကိုးအားထားပြုနေရတဲ့ တိုင်းပြည်ဖြစ်ခြင်းကြောင့် အတွေးအခေါ်ပိုင်း ဆိုင်ရာမှာလည်း တိုးတက်တဲ့အယူအဆဟာ မရှိသေးဘူး။ စုန်း၊ တစ္ဆေ၊ ကဝေ၊ နတ်တွေကို ယုံကြည်စွဲလမ်းတုန်း၊ ကိုးကွယ်တုန်းရှိနေသေးသလို တစ်ဖက်ကလည်း ကျွန်စိတ်မကုန်သေးဘူး။ အင်္ဂလိပ်ကိုမှ အထင်ကြီး တုန်း၊ နိုင်ငံခြားပစ္စည်းကိုမှ မက်မောခင်တွယ်တုန်း၊ အထင်ကြီးတုန်းရှိသေးတယ်။ စီးပွားရေးမှာလည်း နိုင်ငံခြားသားတွေရဲ့ အခြယ်အလှယ် ခံနေတုန်းပဲ ရှိသေးတယ်။ ဒါကြောင့်မို့လို့လည်း ကျုပ်တို့ ဒီနေ့ မြန်မာနိုင်ငံကို ပဒေသရာဇ် မြေရှင်တစ်ပိုင်း၊ ကိုလိုနီ ကျွန်တစ်ပိုင်းနိုင်ငံရယ်လို့ ဆိုလိုတာပေါ့”

 

“ကိုလိုနီ ကျွန်တစ်ပိုင်းနိုင်ငံဆိုတာတော့ ဟုတ်ပါ့ မလားဆရာ။ လွတ်လပ်ရေးရနေပေါ့ဟာပဲ။ အကျယ် ရှင်းပြပါဦး။ ကျွန်တော်တို့ သိပ်သဘောမပေါက်ဘူး”

 

ဆရာကြီး ဦးလှဒင်အား သဘောတရားရေးအယူ အဆတွင် နုနယ်သေးဟန်တူသော ရဲဘော်တစ် ယောက်က ပွင့်လင်းစွာဖြင့် ဝင်ရောက်မေးလိုက်လေသည်။

 

“ဟုတ်တာပေါ့ဗျာ။ ဒီနေ့မျက်မြင်အရ လွတ်လပ် ရေးရပြီး နိုင်ငံရေးအရ လွတ်လပ်နေပေမဲ့လို့ စီးပွား ရေးဆိုင်ရာ၊ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်း တွေကို ကြည့်လိုက်မယ်ဆိုရင် မလွတ်လပ်သေးဘူး။ ဘာကြောင့်ဆိုရင် ဒီနေ့ကြည့်လေ၊ တိုင်းပြည်မှာ မရှိမဖြစ်တဲ့ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်တဲ့ ရေနံလုပ်ငန်းတို့၊ ပြီးတော့ အချို့ ကျွန်းသစ် လုပ်ငန်းတို့ဆိုရင် နိုင်ငံခြားအရင်းရှင်ကြီးတွေက ပိုင်တုန်း ဆိုင်တုန်း လက်ဝါးကြီးအုပ်တုန်းပဲ။”

 

“တစ်ခါ တိုင်းပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့ ပြည်တွင်း ပြည်ပ ဆန်စပါး စတဲ့သီးနှံကုန်ရောင်း ဝယ်ရေးလုပ်ငန်းတို့၊ ပြီးတော့ သွင်းကုန် ထုတ်ကုန် စတဲ့ အခြားကုန်ပစ္စည်း ကုန်သွယ်ရေးလုပ်ငန်းကြီး တွေ ကြည့်လိုက်မယ်ဆိုရင်လည်း နိုင်ငံခြားသား အရင်းရှင်ကြီးတွေက ခုချိန်ထိ နယ်ချဲ့လက်အောက် တုန်းကလိုပဲ အရင်းရှင်ကြီးတွေကိုယ်တိုင် ကြိုးကိုင် ခြယ်လှယ်တုန်းပဲ။ မြန်မာတိုင်းရင်းသားတွေဆိုတာ အနားတောင် မကပ်နိုင်ဘူး”

 

“ဟင်၊ မြန်မာတိုင်းရင်းသားတွေပဲ သွင်းကုန် ထုတ်ကုန်လုပ်ငန်းကို လိုင်စင်ယူပြီး ကုမ္ပဏီကြီးတွေ တောင် လုပ်နေကြတာမဟုတ်လား။ အစိုးရ ကလည်း မြန်မာတိုင်းရင်းသားတွေမှ လုပ်ခွင့်ပြုတာ မဟုတ်လားဆရာ” ရဲဘော်တစ်ယောက်က ဆရာကြီးဦးလှဒင်၏ တင်ပြချက်များကို ငြင်းချက်ထုတ်လိုက်သည်။

 

“ရဲဘော်ပြောတာဟုတ်ပါတယ်၊ မငြင်းလိုပါဘူး။ ဒါပေမဲ့ နောက်ပိုင်းက နိုင်ငံခြားသားအရင်းရှင်ကြီး တွေရဲ့ အရင်းအနှီးတွေပါ။ ဒါကြောင့်မို့လည်း သူတို့က ကြိုးကိုင်နေတာပေါ့။ မြန်မာတွေက အမည်ခံ ဗန်းပြပါ၊ လခစားပါ။ နောက်ပြီးရှိသေးတယ်။ အချို့ မြန်မာတိုင်းရင်းသားတွေကဆိုရင် လိုင်စင်လျှောက် ပြီး ရောင်းစားကြတာ။ ဒါကတကယ်ဆိုတော့ သူတို့လက်ဝေခံ၊ အရိုးအရင်းလေး ကိုက်ရတာပါ။ သူတို့ ခြယ်လှယ်သလို ခံနေရတာပါ။ အရင်းရှင်ကြီးတွေကတော့ မရှုံးဘူး။ ကုန်ကျစရိတ်မှန်သမျှကို ကုန်ပစ္စည်းပေါ်တင်ပြီး ရောင်းလိုက်တော့ နောက်ဆုံး ပြည်သူလူထုကသာ ခံနေရတာ။

 

ဆက်လက်ဖော်ပြပါမည်။