လောင်စာစွမ်းအင်အစားထိုး မော်တော်ယာဉ်ကဏ္ဍသစ်စတင်

 

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံအတွင်း လျှပ်စစ်သုံးယာဉ်များ အသုံးပြုနိုင်ရေးအတွက် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီက Pilot Project ကို အကောင်အထည်ဖော်နေသည်။ အဆိုပါစီမံကိန်းကို လက်တွေ့အကောင်အထည်ဖော်ရန်အတွက်     လျှပ်စစ်သုံး မော်တော်ယာဉ်များ တင်သွင်းခြင်းနှင့် အားသွင်းဌာနများ  တည်ဆောက်ခြင်းတို့အား  တစ်ပြိုင်တည်း အကောင်အထည်ဖော်ခဲ့သည်ကို တွေ့ရသည်။

 

ပြီးခဲ့သည့်ရက်က ရန်ကုန်မြို့ ထီးတန်းဆိပ်ကမ်းသို့ ရောက်ရှိလာသော လျှပ်စစ်သုံးယာဉ်  ၁၉  စီးနှင့်  မူဆယ် (၁၀၅) မိုင်  ကုန်သွယ်ရေးဇုန်သို့ ရောက်ရှိလာသော လျှပ်စစ်သုံးယာဉ် အစီး ၃၀ တို့ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ရာ ပြည်တွင်းလျှပ်စစ်သုံးယာဉ်ကဏ္ဍ   ဖွံ့ဖြိုးတိုးတက်ရေးအတွက်အကောက်ခွန် ကင်းလွတ်သက်သာခွင့်ရခဲ့ကြောင်း  သိရသည်။  လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် အရေးပါသည့် အားဖြည့်သွင်းရုံ (Charging Station) များကို တည်ဆောက်အကောင်အထည်ဖော်နေသည်။ နေပြည်တော်၊  ရန်ကုန်၊  မန္တလေးမြို့များနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်၌ လျှပ်စစ်သုံးယာဉ်များ လွယ်ကူလျင်မြန်စွာ အားဖြည့်သွင်းနိုင်ရေးအတွက် အားဖြည့်သွင်းရုံကို နေပြည်တော် သပြေကုန်းဈေးတွင် ပထမဆုံးစတင် ဖွင့်လှစ်နိုင်ခဲ့သည်။

 

မြန်မာနိုင်ငံတွင် စတင်အကောင်အထည်ဖော်နေပြီဖြစ်သည့် လျှပ်စစ်သုံး မော်တော်ယာဉ်စီမံကိန်းနှင့် ပတ်သက်၍ ပြည်သူများကြားတွင် အမျိုးမျိုး ဝေဖန်သုံးသပ်ချက်များ ရှိနေမည်ဖြစ်သည်။ မည်သို့ပင်ရှိသည်ဖြစ်စေ လက်ရှိအသုံးပြုနေသော လောင်စာဆီသုံး အင်ဂျင်ကားများနှင့် လျှပ်စစ်ကားများ၏ ကွာခြားချက်၊ အားသာချက်တို့ကိုသိရှိလျှင်  လက်ရှိကာလ  ကြုံတွေ့နေရသည့်  လောင်စာစွမ်းအင် အခြေအနေများနှင့် အနာဂတ်ကာလတွင် ဖြစ်ပေါ်လာမည့်အခြေအနေများကို ချင့်ချိန်ဆောင်ရွက်နိုင်ပေသည်။  လက်ရှိတွင် ပြည်ပမှတင်သွင်းနေရသည့်လောင်စာဆီများမှာ နိုင်ငံခြားငွေကြေး မြင့်တက်မှုနှင့် နိုင်ငံတကာ စွမ်းအင်အကျပ်အတည်းနှင့်စိန်ခေါ်မှုများကြောင့် အခက်အခဲများရှိနေသည်။

 

လျှပ်စစ်ယာဉ်များ  မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်နိုင်ခြင်းအားဖြင့် နိုင်ငံခြားငွေသုံးစွဲမှု လျော့နည်းကျဆင်းစေခြင်း၊ လောင်စာဆီသုံးယာဉ်များတွင် မောင်းနှင်အသုံးပြုနိုင်ရန် စွမ်းအင်ဖြစ်ပေါ်ရေးအတွက် လောင်ကျွမ်းမှုမှ ဖြစ်ပေါ်လာသော အဆိပ်ဓာတ်ငွေ့ ကာဗွန်ဒိုင်အောက်ဆိုက်ကြောင့် လူ၊ သတ္တဝါများနှင့်သစ်ပင်များ ထိခိုက်ပျက်စီးရမှုမှ ကင်းလွတ်စေခြင်း၊  လျှပ်စစ်ယာဉ်များသွားလာရာတွင် လောင်စာစွမ်းအင် ယာဉ်များကဲ့သို့ ဆူညံသံများ မဖြစ်ပေါ်စေခြင်းနှင့် လျှပ်စစ်ယာဉ် များမောင်းနှင်ရန်  လိုအပ်သည့်စွမ်းအင်ရရှိစေရေး  စုဖွဲ့တည်ဆောက်ထားသည့် ပစ္စည်းအစိတ်အပိုင်းအုပ်စု  ပါဝင်မှုနည်းပါးခြင်း၊  လွယ်ကူရှင်းလင်းပေါ့ပါးသည့်အတွက် လက်ရှိယာဉ်များကဲ့သို့ ရှုပ်ထွေးများပြားပြီး လေးလံသည့် အင်ဂျင်အုပ်စု စုဖွဲ့တည်ဆောက်ထားမှုမရှိခြင်း၊ လျှပ်စစ်သုံးယာဉ်ကို ပေါ့ပါးစွာတည်ဆောက်ထားသဖြင့် ပျက်စီးချို့ယွင်းမှုကို ခံနိုင်ရည်ရှိပြီး ပြုပြင်ထိန်းသိမ်းရန် လွယ်ကူသောကြောင့် ယာဉ်ပြင်ဆင်ထိန်းသိမ်းစရိတ် လျော့နည်းစေခြင်းအကျိုးများရှိပါသည်။

 

လျှပ်စစ်သုံးယာဉ်သည် ပေါ့ပါးသဖြင့် ကမ္ဘာမြေ၏ဗဟိုချက် ဆွဲငင်အားကြောင့် အရှိန်ဖြင့်ကွေ့ရာတွင် တိမ်းမှောက်မှုမှ ကာကွယ်နိုင်ခြင်း၊ ကားဘီးများပွန်းစားမှု နည်းသောကြောင့် ကားဘီးသက်တမ်းရှည်ကြာပြီး ကုန်ကျစရိတ်လျော့နည်းစေသည်။ ဈေးကြီးသည့် နိုင်ငံခြားဖြစ် စက်သုံးဆီအပြင် အင်ဂျင်ဝိုင်အစရှိသည့်ချောဆီများကို မလိုအပ်တော့သဖြင့် ကုန်ကျစရိတ် များစွာသက်သာစေသည်။ မော်တော်ယာဉ်တွင် လျှပ်စစ်ဓာတ်အားကို အသုံးပြုထားသဖြင့် အီလက်ထရွန်နစ်နည်းပညာများဖြင့် အဆင့်မြင့်စွာအသုံးပြုနိုင်သည်။ များသောအားဖြင့် ပြည်သူတို့ထင်မှတ်နေသောအချက်မှာ  စွမ်းအင်ပြန်လည်ဖြည့်သွင်းခြင်း  ခက်ခဲမည်ဟူသောအချက် ဖြစ်သည်။

 

အမှန်တကယ်တွင်လျှပ်စစ်သုံး မော်တော်ယာဉ်များအတွက် စွမ်းအင်ကို အလျင်အမြန်ဖြည့်သွင်းနိုင်ရေး  အားဖြည့်သွင်းရုံ (Charging Station) များ တည်ဆောက်နေခြင်းဖြစ်သည်။ လျှပ်စစ်ဓာတ်အားကို ပုံမှန်ဖြည့်သွင်းနိုင်သည့် သမားရိုးကျ နည်းလမ်းများလည်းရှိသည်။ လူများအနေဖြင့် လျှပ်စစ်စွမ်းအင်ယာဉ်များတွင် ကျယ်လာပါက လက်ရှိမော်တော်ယာဉ်များ တန်ဖိုးအတွက် စိုးရိမ်ပူပန်နေဟန်ရှိသည်။ မည်သို့ပင်ရှိသည်ဖြစ်စေ လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဉ်သည်နိုင်ငံတကာတွင် တွင်ကျယ်စွာ အသုံးပြုနေကြပြီး မြန်မာနိုင်ငံတွင်လည်း တွင်ကျယ်စွာ အသုံးပြုနိုင်တော့မည်ဖြစ်သည်။

 

သို့ဖြစ်ရာ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် လျှပ်စစ်မော်တော်ယာဉ် စီမံကိန်းသည် လူသတ္တဝါတို့၏ ကျန်းမာရေး၊ ပြည်သူတို့၏ ငွေကြေးကုန်ကျမှုတို့ကို လျှော့ချဆောင်ရွက်နိုင်မည်ဖြစ်၍  လျှပ်စစ်သုံးယာဉ်စီမံကိန်း  အောင်မြင်မည်ဟု ယုံကြည်ပါကြောင်း။

 

ကြေးမုံ