နွေဦးကာလ မြူထသောအခါ

“အဲဒီတော့ ခုတင်ကပြောခဲ့တဲ့ ရေနံ စတဲ့ သယံဇာတ တွင်းထွက်သတ္တုလုပ်ငန်းတွေ၊  သစ်ထုတ် လုပ်ရေးလုပ်ငန်းတွေ၊ ပြည်တွင်း ပြည်ပ ဆန်စပါး သီးနှံရောင်းဝယ်ရေးလုပ်ငန်းတွေ၊ ပြီးတော့အချို့လူသုံးကုန်ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေ၊ ဘဏ် လုပ်ငန်းတွေ၊ အဲဒီလုပ်ငန်းတွေကို နိုင်ငံတော်အစိုးရက အပြီးအပိုင်သိမ်းပစ်နိုင်ပါမှ တိုင်းရင်းသား ပြည်သူလူထုတွေဟာ စားဝတ်နေရေး ချောင်လည်လာမှာ။”

 

“အဲဒီနေရာမှာ အစိုးရကိုယ်တိုင်က မဟုတ်ဘဲ တိုင်းရင်းသား အရင်းရှင်တစ်စုက နိုင်ငံခြားသား အရင်းရှင်နေရာဝင်ယူပြီး အရင်းရှင်စီးပွားရေးစနစ်နဲ့ ဆက်လက်ကျင့်သုံးသွားရင်တော့ အလကားပဲ။ ကုလားကြီးနဲ့ အရာကြီးဆိုတာလို နာမည်ကွဲပေမယ့် အတူတူပဲ။ ဒီ့ပြင်ဟာ မကြည့်နဲ့၊ ဒီနေ့ စက်မှုလက်မှု ထွန်းကားပြီး အလွန်ချမ်းသာ ကြွယ်ဝနေပါတယ် ဆိုတဲ့ အမေရိကန်နိုင်ငံမှာ ကြည့်ပါ။ အရင်းရှင် စီးပွားရေးစနစ်နဲ့ ကျင့်သုံးနေတော့ အလုပ်လက်မဲ့ ငါးသန်းကျော်ရှိသတဲ့”

 

“ဟယ်၊ များလှချည်လား”

 

ရဲဘော်တစ်ယောက်က တအံ့တသြဖြင့် ဆိုလိုက် သည်။

 

“ဒီလို အလုပ်လက်မဲ့ကင်းအောင် တကယ်လုပ်ရမယ့်မူက နိုင်ငံတော်အစိုးရဟာ ပြည်သူကို ကိုယ်စားပြုနေတဲ့ အစိုးရဖြစ်ပြီး နိုင်ငံခြားသား နယ်ချဲ့အရင်းရှင်တွေ၊ တိုင်းရင်းသားအရင်းရှင်တွေ မြှုပ်နှံထားတဲ့ အရင်းအနှီးလုပ်ငန်းမှန်သမျှ လုံးဝအပြီးအပိုင်သိမ်းပြီး ဆိုရှယ်လစ်စီးပွားရေးစနစ်နဲ့ နိုင်ငံတော်ရဲ့ စီးပွားရေးစနစ်မူကိုပါ လုံးဝ အသွင်ကူးပြောင်းပစ်မှ လူတိုင်းလူတိုင်းဟာ စားဝတ်နေရေး၊ လူမှုရေးပါမကျန် သက်သာချောင်ချိစွာနဲ့ စိတ် ချမ်းသာ ကိုယ်ချမ်းသာ နေနိုင်ကြမှာ။ လူတိုင်းဟာ လည်း အလုပ်လက်မဲ့ရယ်လို့ မရှိ ဖြစ်သွားမှာ”

 

ဆရာကြီး ဦးလှဒင်သည် တစ်ချိန်က နိုင်ငံရေး လိုက်စားခဲ့သော ရဲဘော်ကြီးဖြစ်ခဲ့၏။ ယခုတော့ သူသည် နိုင်ငံရေးမှ အနားယူကာ အလွတ်ပညာ သင်ကျောင်းဖွင့်၍ အေးဆေးစွာ နေခဲ့၏။ သို့သော် လည်း ၎င်း၏ လုပ်ဖော်ကိုင်ဖက်အချို့၊ နိုင်ငံရေး ရဲဘော်တို့နှင့်ကား အဆက်အသွယ် မပြတ်ခဲ့ပေ။ မကြာခဏ ဆရာကြီးထံ လာရောက်ဆွေးနွေးကြ၊ အကြံဉာဏ်ယူကြဖြင့် ဆက်စပ်လျက်ရှိလေသည်။

 

ယင်းသို့ ဆွေးနွေးကြသည့်အခါတိုင်း ကိုအေးဆွေသည် ကြုံကြိုက်လျှင် ၎င်းတို့ စကားဝိုင်းနားသို့ ကပ်ကာ အမှတ်မထင် နားထောင်လေ့ရှိသည်။ လူရှင်းသွားသည့်အခါအချို့ မရှင်းလင်းသော အကြောင်းအချက်၊ သဘောမပေါက်သည့် အကြောင်း အရာ၊ နားမလည်သော စကားလုံးဝေါဟာရများကို ဆရာကြီးထံကပ်၍ မေးမြန်းလေ့၊ စုံစမ်းလေ့၊ လေ့လာလေ့ ရှိခဲ့လေသည်။

 

ယင်းကဲ့သို့ ဆရာကြီးထံမှ ကြားဖူး၊ လေ့လာဖူးသော သဘောတရားများကိုပါ တစိမ့်စိမ့် တွေးတော လာမိသော ကိုအေးဆွေမှာ မစဉ်းစားတတ်အောင် ဖြစ်နေပြန်လေသည်။

 

အဘယ်ကြောင့်ဆိုသော် မိမိကဲ့သို့ အထိုက်အလျောက် ကျောင်းပညာအရည်အချင်းလေး ရှိပါလျက်နှင့် အလုပ်လက်မဲ့ ဖြစ်နေရခြင်းမှာ အကပ်အရပ် မရှိ၍လော၊ ဆရာကြီးဦးလှဒင် ပြောသကဲ့သို့ အရင်းရှင်စီးပွားရေး စနစ်ကြောင့်လော၊ ဒါမှမဟုတ် အင်္ဂလိပ်တို့ ပြုလုပ်ထားခဲ့သည့် ကိုလိုနီကျွန်ပညာရေးစနစ်ကြောင့်လော ဆိုသည်ကိုမူ ကိုအေးဆွေလို အညတရလူသားတစ်ယောက်က ခွဲခွဲခြားခြားဖြင့် ဝေဖန်ပိုင်းဖြတ်နိုင်စွမ်း မရှိပါသေးချေ။

 

ဤသို့ဖြင့် တစ်နှစ်ကုန်၍ တစ်နှစ်ပြီးတစ်နှစ်သာ ဆန်းလာခဲ့သည်။ တိုင်းပြည်အခြေအနေမှာလည်း ဦးနုခေါင်းဆောင်သော ပထစအစိုးရလက်ထက်မှသည် ဗိုလ်ချုပ်ကြီးနေဝင်း ခေါင်းဆောင်သော တော်လှန်ရေးကောင်စီ အစိုးရလက်ထက်သို့သာ ပြောင်းလဲလာခဲ့သည်။ ကိုအေးဆွေမှာလည်း ယခုထိ တည်တံ့ခိုင်မြဲနိုင်သော အမြဲတမ်းဖြစ်နိုင်မည့် စာရေးစာချီအလုပ်ကလေး တစ်နေရာကိုပင် မရခဲ့သေးချေ။ အလုပ်ကြမ်းသမားအဖြစ်နှင့် ယောင် ခြောက်ဆယ်ဘဝတွင်သာ ရရစားစားဖြင့် သံသရာ လည်နေတော့၏။

 

ဤကဲ့သို့ အလုပ်ကြမ်းအလုပ်များကိုပင် မလုပ်ရ တစ်ချက် လုပ်ရတစ်ချက်ဖြင့် လုပ်နေရသောအခါ ကျောင်းနေချိန်လည်း မရတော့ချေ။ အလုပ်လုပ်ရသောနေ့တွင် အလုပ်က ပြန်လာလျှင်လည်း မော၍သာ နေတော့၏။ အလုပ်များကလည်း ဝင်ငွေမမှန်သော အလုပ်များဖြစ်သဖြင့် ကျောင်းလခလည်း မှန်မှန်မပေးနိုင်တော့ ကျောင်းထွက်လိုက်ရတော့ သည်။ကျောင်းလခ မှန်မှန်ပေးနိုင်တော့မှသာ ဆက်နေတော့မည်ဟု ဆုံးဖြတ်လိုက်ရတော့သည်။

 

မိဘများထံသို့လည်း လပေါင်းအတန်ကြာမှ ငွေလေးအနည်းအကျဉ်းသာ ပေးပို့နိုင်တော့သည်။ ကြာတော့လည်း ကိုအေးဆွေမှာ မိမိအသုံးစရိတ်နှင့်ပင် မလောက်မငဖြစ်လာ၍ မပို့နိုင်သောအဆင့်သို့ ရောက်မှန်းမသိ ရောက်လာတော့သည်။

 

“ပွမ် ပွမ်”

 

တွေးမိတွေးရာ တွေးတောနေမိသော ကိုအေးဆွေမှာ အိမ်ရှေ့မှ ဆိုက်ကားဟွန်း နှစ်ချက်ဆင့်တီး လိုက်သည့်အသံကြောင့် သူ့အတွေးများ ပြတ်သွား တော့သည်။ ထို့နောက် ကိုအောင်ဖေ၏ အသံကိုပါ ဆက်တိုက်ဆိုသလို ကြားလာရသည်။

 

“မညို၊ မညို”

 

“တော်”

 

“ထစမ်းဟေ့၊ မီးခွက်ထွန်းစမ်း။ အေးဆွေကော အိပ်ပလား”

 

“အိပ်ပြီနဲ့တူပါတယ်”

 

“နှိုးလိုက်စမ်းဟေ့။ ခေါက်ဆွဲထုပ်တွေ ဝယ်လာတယ်။ စားရအောင်လို့” ဟု ပြောပြောဆိုဆိုနှင့် “အေးဆွေ၊ အေးဆွေ ထဟေ့။ ခေါက်ဆွဲစားရ အောင်” ဟု ကိုအောင်ဖေကပင် ကိုအေးဆွေအား အတင်းနှိုးနေတော့၏။

 

“အစ်ကိုအောင် ကျွန်တော် မစားတော့ဘူး”

 

အိပ်ရာထဲမှနေ၍ ကိုအေးဆွေက မထဘဲ ပြောလိုက်၏။ သူသည် မိဘများထံမှ စာကိုရပြီးသည့် ရက်ကစ၍ ညဘက်ညဘက်တွင် အိပ်မပျော်တော့ ချေ။ အတွေးလွန်နေသည်။ စိတ်ဓာတ်တွေ ကျဆင်း နေသည်။ ထိုကြောင့်လည်း ဘာမျှ စားချင်သောက် ချင်စိတ်မရှိ ဖြစ်နေသည်။

 

“ထလကွယ်၊ဘယ့်နှယ်မစားတော့ဘူးလို့။ မဟုတ်တာ”

 

“တကယ်ပါ အစ်ကိုအောင်၊ မဆာလို့ပါ”

 

“ဘယ့်နှယ် မဆာလို့တုံး။ မင့်အတွက်ပါ ဝယ်လာ တာဟ။ ဒီနေ့ အော်ဒါဆွဲရလို့ တော်တော်တွက်ခြေ ကိုက်လာတာကွ။ ထဟေ့၊ ထဟေ့။ ငါတောင် အစောကြီး ပြန်လာတာ”

 

ထိုအခိုက် စီအိုဒီဝင်းဆီမှ ညဉ့် ၁၂ ချက်တိတိ ခေါက်လိုက်သော နာရီသံချောင်းသံကို ကြားလိုက်ရ ၏။ နောက်ဆုံးတွင် ကိုအေးဆွေသည် မနေသာ တော့ဘဲ ထကာ ခေါက်ဆွဲကို စားရတော့သည်။

 

“ဟေ့ နေဦးဟ” ဟု ကိုအောင်ဖေသည် သူ့ကိုယ် သူပင်ပြော၍ ခေါက်ဆွဲစားရင်းတန်းလန်းမှ ထကာ အောက်သို့ ဆင်းသွားသည်။ ချက်ချင်းဆိုသလိုပင် ပြန်တက်လာသည်။ သူ့လက်ထဲတွင် စာအုပ် တစ်အုပ် ပါလာသည်။

 

“ရော့ဟေ့ ရှေ့သို့ စာစောင်၊ မင်းကြည့်ဖို့ဆိုပြီး ဝယ်လာတာ” ဟု ဆိုကာ ကိုအောင်ဖေက လှမ်းပေး နေသည်။

 

ကိုအေးဆွေသည် ကိုအောင်ဖေလှမ်းပေးနေသော ရှေ့သို့စာစောင်ကို လှမ်းယူလိုက်ပြီးလျှင် ခေါက်ဆွဲ စားရင်းတန်းလန်းမှ ဟိုဟိုဒီဒီ တစ်ရွက်စီ လျှောက်လှန်ကြည့်နေသည်။ ထို့နောက်သူသည် ခေါက်ဆွဲကို အပြီးသတ်အောင် လျင်မြန်စွာစားလိုက်ပြီးနောက် ရှေ့သို့ စာစောင်ကို သဲသဲမဲမဲ ကြည့်နေလေသည်။

 

အတန်ကြာလျှင် သူသည် စာမျက်နှာတစ်နေရာရှိ အကြောင်းအရာစာပိုဒ်များကို နှစ်ကြိမ်သုံးကြိမ်ပင် ပြန်၍ဖတ်နေသည်။ ဖတ်လိုက် စဉ်းစားလိုက်ဖြင့် ပြုနေသည်။ ထိုနောက် သူသည်သဘောပေါက်သွား ဟန်ဖြင့် ခေါင်းတညိတ်ညိတ်ဖြစ်နေသည်။ နောက်ပြီး ဆုံးဖြတ်ချက်တစ်ခုခုကိုလည်း ချမှဖြစ် တော့မည်ဟု သူ့စိတ်ထဲတွင် ပိုင်းဖြတ်လိုက်လေ သည်။

 

တနင်္ဂနွေနေ့ဖြစ်၍ တက္ကသိုလ်နယ်မြေတစ်ဝိုက်သည် ငြိမ်သက်လျက်ရှိပေသည်။ သို့ရာတွင် အမျိုးသား ဘော်ဒါကျောင်းဆောင်၊ အမျိုးသမီး ဘော်ဒါကျောင်းဆောင်များ၌မူ အနည်းနှင့်အများ အသက်ဝင်လှုပ်ရှားလျက် ရှိလေသည်။

 

ကိုအေးဆွေသည် အမျိုးသမီးကျောင်းသူများ နေထိုင်ရာ အင်းလျားကျောင်းဆောင် ဧည့်ခန်းမထဲ သို့ ဝင်လာပြီးနောက် ခင်သန်းဌေး၏ အရိပ် အယောင်ကို ရှာကြည့်သည်။မတွေ့သောအခါ အနီးရှိ ကျောင်းသူတစ်ဦးအား ခင်သန်းဌေးကို တွေ့လိုပါကြောင်း ခေါ်ပေးပါရန် တောင်းပန်ရ၏။ ထိုကျောင်းသူလည်း ချက်ချင်းလိုပင် ထိုနေရာမှ ထွက်ခွာသွားလေသည်။

 

ထိုနောက် ကိုအေးဆွေသည် ဧည့်ခန်းတစ်နေရာရှိ စားပွဲကုလားထိုင်တွင် သွားရောက်ထိုင်ချလိုက်ပြီးလျှင် စားပွဲပေါ်ရှိ ၂၄-၂-၆၃ ရက် နေ့စွဲပါ ယနေ့ ထုတ် သတင်းစာများမှ “မြန်မာပြည်ရှိ ဘဏ် အားလုံးကို ပြည်သူပိုင် သိမ်းလိုက်ခြင်း” ဟူသော သတင်းကို စိတ်ဝင်စားစွာ ဖတ်နေသည်။ ယင်းသို့ ဖတ်ရင်း သူသည် တစ်ခါက ဆရာကြီးဦးလှဒင်ပြောခဲ့ ဖူးသော “ဘဏ်လုပ်ငန်းတွေကိုလည်း ပြည်သူပိုင် သိမ်းပစ်ရမယ်” ဟူသော စကားကိုပါ ဖတ်ရင်း တစ်မုဟုတ်ချင်း သတိရလာသည်။

 

“ဟင် ကိုအေးဆွေ၊ ရောက်နေတာ ကြာပလား”

 

ခင်သန်းဌေး၏ နှုတ်ဆက်လိုက်သံကြောင့် ကိုအေးဆွေသည် သတင်းစာထဲတွင် စိတ်ဝင်စား နေရာမှ မျက်နှာချင်းဆိုင်တွင် ရောက်နေသော ခင်သန်းဌေးအား မော့ကြည့်လိုက်သည်။

 

“မကြာသေးပါဘူး ဌေးဌေး”

 

ရွှန်းလဲ့တောက်ပသော မျက်လုံးလေးပိုင်ရှင် ခင်သန်းဌေးကို မတွေ့မမြင်ရသည်မှာ ကြာပြီဖြစ် သမို့လည်း ယခုလို မြင်လိုက်ရလျှင်ပင် ကိုအေးဆွေ ၏ ရင်သည် အလိုလို အေးမြ၍သွားလေသည်။

 

ကျောင်းသားဘ၀ကတိုင် ကိုအေးဆွေမှာ ဘယ်မျှပင် စိတ်ညစ်စရာ ရင်မောစရာများနှင့် ရင်ဆိုင်နေခဲ့ ရသော်လည်း ခင်သန်းဌေး၏ မျက်နှာလေးကို မြင်ရလေတိုင်း စိတ်ချမ်းမြေ့ကာ အေးမြ၍ သွားရ သည်ချည်းပင်။ ယခုလည်း ရင်ထဲဝယ် အလိုလို အေးမြလာကာ စိတ်ကြည်၍လာလေသည်။

 

“ဘယ်က လှည့်လာသလဲ ကိုအေးဆွေ၊ ကိုအေးဆွေ နဲ့ မတွေ့ရတာတောင် အတော်ကြာနေပြီ”

 

ဆက်လက်ဖော်ပြပါမည်။