နိုင်ငံတစ်ဝန်းတိုးတက်ဖော်ထုတ်ရမည့် စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေများ

 

 

စိုက်ပျိုးရေး ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် လယ်ယာမြေများ အဆင့်မြင့်မားရန်လိုသည်။ မိမိတို့နိုင်ငံတွင် မိရိုးဖလာအားဖြင့် စိုက်ပျိုးရေး လုပ်ကိုင်ကြရာတွင် တောင်သူလယ်သမားအများစုက လုပ်ကွက်ငယ်များကိုသာ ပိုင်ဆိုင်ကြကာ တစ်ကွင်းတစ်စပ်တည်းတွင် ပိုင်ဆိုင်မှုအရွယ်အစား အမျိုးမျိုး၊ ပုံစံအမျိုးမျိုးဖြင့် တည်ရှိနေသည့် လယ်ယာမြေကွက်များ၌ စိုက်ပျိုးလုပ်ကိုင် နေကြခြင်းဖြစ်သည်။

 

မြေမျက်နှာပြင် အနိမ့်အမြင့် မညီညာသည့် လယ်ယာ မြေများတွင် ရေသွင်းရေနုတ်မြောင်း စနစ်မရှိ၊ ကုန်ထုတ် လမ်းများမရှိဘဲ သမားရိုးကျ စိုက်ပျိုးလုပ်ကိုင်ခဲ့ကြရာတွင် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရန် အခက်အခဲ၊ သီးနှံများ စိုက်ပျိုးရာတွင် အရေးကြီးသည့် စိုက်ပျိုးရေရရှိရေးနှင့် ရေသွင်းရေထုတ်ပြုလုပ်ရန် အခက်အခဲ၊ စိုက်ပျိုးသီးနှံ ထွက်ပေါ်ချိန်တွင် ကုန်ထုတ်လမ်းမရှိခြင်းကြောင့် တွေ့ကြုံရသည့် အခက်အခဲများမှာ တောင်သူလယ်သမားတို့ အဖို့ တစ်သက်တာတွင် မထူးဆန်းတော့သည့်အတွက် အခက်အခဲ ဟူ၍ပင် မယူဆတော့သော်လည်း အိမ်နီးချင်းနိုင်ငံများမှ ခေတ်မီစက်မှုလယ်ယာစနစ်ဖြင့် စိုက်ပျိုး ထုတ်လုပ်မှုများနှင့် နှိုင်းယှဉ်လျှင်မူ မိမိတို့ထုတ်လုပ်နိုင်စွမ်း နိမ့်ကျနေမှုတို့ကို တွေ့မြင်ရမည်ဖြစ်သည်။

 

ခေတ်မီစက်မှုလယ်ယာစနစ်ကျ လယ်ကွက်ကျယ်များ ဖော်ထုတ်ရာတွင် မြေမျက်နှာပြင် အနိမ့်အမြင့် မညီညာ သကဲ့သို့ ကုန်ထုတ်လမ်းများမရှိ၊ ရေသွင်းရေထုတ်မြောင်း စနစ်မရှိသည့် လယ်ကွက်ငယ်များကို မြေပြင်ညီညာပြန့်ပြူးစွာဖြင့် စိုက်ကွက်အားလုံးညီမျှစွာ စိုက်ပျိုးရေရရှိနိုင်သည့် ရေမြောင်းစနစ်များ၊ ကုန်ထုတ်လမ်းများ အပါအဝင် စက်မှု လယ်ယာစနစ်ကျ ဖော်ဆောင်ရခြင်းဖြစ်သည်။ ယင်းသို့ ဖော်ဆောင်ရာတွင်လည်း စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေလုပ်ရန် တောင်သူလယ်သမားများ၏ သဘောတူညီချက်၊ အဆိုပြုချက်များ ရယူခြင်း၊ လုပ်ငန်းဧရိယာအတွင်းရှိ တောင်သူတစ်ဦးချင်း၏ ပိုင်ဆိုင်မှုများကို တိုင်းတာ၍ ပုံထုတ်ခြင်းနှင့် ရေမြောင်းနှင့် ကုန်ထုတ်လမ်းတို့ ပါဝင်လာခြင်းကြောင့် အနည်းငယ်ပြောင်းလဲနိုင်သည့် မြေဧရိယာအတွက် တောင်သူများ၏ သဘောတူညီမှုတို့ကို ရယူခြင်းတို့ကို အဆင့်ဆင့် အကောင်အထည်ဖော်ခြင်းဖြစ်သည်။

 

စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဖြစ်လာသည့်အခါ လယ်ယာသုံးစက်ကိရိယာများ သုံးစွဲရန် အဆင်ပြေသွားခြင်း၊ ခေတ်မီစိုက်ပျိုးနည်းစနစ်များကို အလွယ်တကူ ဆောင်ရွက် နိုင်ခြင်း၊ အစွန်အဖျား စိုက်ခင်းများအထိ စိုက်ပျိုးရေ ညီညီမျှမျှ ရောက်ရှိခြင်း၊ စိုက်ပျိုးထွက်ကုန် သီးနှံများကို ကုန်ထုတ်လမ်းမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ယူနိုင်ခြင်းစသည့် အားသာချက်များ၊ အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ရာ သီးနှံအထွက် တိုးတက်နိုင်သည်နှင့်အမျှ တောင်သူတို့ ဝင်ငွေတိုးကာ လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးလာမည်ဖြစ်သည်။ ဒေသအချို့တွင် စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေ ဖော်ထုတ်ရာ၌ ရရှိလာမည့် အကျိုးကျေးဇူး များပြားမှုနှင့်အတူ တောင်သူတစ်ဦးချင်း၏ လယ်ယာမြေပိုင်ဆိုင်မှု အနေအထားအနည်းငယ် အပြောင်းအလဲရှိနိုင်သည့် အခြေအနေကို ကောင်းစွာနားလည် သဘောပေါက်သည်အထိ အသိ ပညာပေးရန် လိုအပ်သည်ကိုလည်း တွေ့ရသည်။

 

စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေများကို နိုင်ငံ တစ်ဝန်း၌ အကောင်အထည်ဖော်လျက်ရှိရာ ပိုမိုတိုးတက် ပေါ်ထွက်လာသည်နှင့်အမျှ စက်မှုလယ်ယာ တစ်ခေတ်ပြောင်း နိုင်ခြင်းနှင့်အတူ လယ်ယာကဏ္ဍ အရှိန်အဟုန်ဖြင့် တိုးတက် စေမည်ဖြစ်သည်။ မြေ၊ ရေ၊ မျိုး၊ နည်းစနစ်ဟူသော (၄) ချက် ညီညွတ်ခြင်းဖြင့် စိုက်ပျိုးသီးနှံအထွက်တိုးမည်ဖြစ်ရာ စနစ်ကျ လယ်ယာမြေများ ဖော်ထုတ်ခြင်းက စိုက်ပျိုးမြေကို အဆင့်အတန်းမြင့်စေသည့်အပြင် စိုက်ပျိုးရေသုံးစွဲမှု ထိရောက်စေ ခြင်း၊ အချိန်နှင့်တစ်ပြေးညီ ရိတ်သိမ်းနိုင်ခြင်းကြောင့် သီးနှံလေလွင့်ဆုံးရှုံးမှု လျော့နည်းခြင်းနှင့် အရည်အသွေးကောင်း သီးနှံများ တိုးတက်ထုတ်လုပ်နိုင်ခြင်းဟူသော အကျိုးရလဒ် ကောင်းများ ရရှိနိုင်မည်ဖြစ်ပါကြောင်း။

 

မြန်မာ့အလင်း