နွေဦးကာလမြူထသောအခါ

မောင်မောင်ဖြူ

၁၃-၃-၂၀၂၃ ရက်မှအဆက်

ခင်သန်းဌေးမှာ ဘာမျှ ပြန်မပြောနိုင်ဘဲ ဖြစ်နေသည်။

“ဒါပေမဲ့ ကျွန်တော်တို့ကတော့ စာရေးအလုပ်မှ မဟုတ်ပါဘူး။ ရရာအလုပ်ပဲ ဝင်လုပ်တာပါပဲ။ မြေတူး အုတ်သယ် အလုပ်တို့၊ သင်္ဘောကြီးကုန်တင်ကုန်ချ အလုပ်တို့၊ ဆိုက်ကားနင်းတဲ့အလုပ်တို့ ရရာအလုပ် တွေ့မရှောင်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်အလုပ်မှ အတည်တကျ မရခဲ့ပါဘူး။ ခေတ္တခဏပဲ။ ပြီးတော့ ပင်ပန်းလိုက်တာကလည်း ဝီခေါ်နေတာပဲ၊ မပြောပါနဲ့တော့”

ဆင်းရဲပင်ပန်းလှစွာဖြင့် ဘဝတစ်ခုကို ရပ်တည်နေနိုင်အောင် ဘဝမျိုးစုံအား ရုန်းကန်လှုပ်ရှားနေရသော ကိုအေးဆွေ ဘဝကို သိလာရသောအခါ ခင်သန်းဌေးမှာ အလိုလို ကြင်နာလာသည်။ ကရုဏာ သက်လာသည်။ ယခင်က မကြာခဏတွေ့ခဲ့ရသော်လည်း ပင်ပန်းလှသည့် ဤဘဝမျိုးစုံအကြောင်းကို လေသံပင် မဟခဲ့သဖြင့် မသိခဲ့ရပေ။ ကုမ္ပဏီတစ်ခုတွင် စာရေးအလုပ်ရကြောင်း သာမန်အားဖြင့် ပြောပြ၍ သိခဲ့ရ၏။ ယခုတော့ မဟုတ်ပါတကား။

“အေးလေ၊ ဘာပဲဖြစ်ဖြစ် ခုလိုမြို့မှာနေပြီး ရရာအလုပ်ကို ဆင်းရဲဒုက္ခခံလုပ်ပြီး ကိုအေးဆွေ မျှော်မှန်းထားတဲ့ ပညာရေးကို ဒီဂရီတစ်ခုခုရအောင်ထိ ကြိုးစားသွားမယ်ဆိုရင် ကိုအေးဆွေအဖို့ မလွဲနိုင်တဲ့ ခရီးပန်းတိုင်တစ်ခုပဲ။ ခုလို တောပြန်ပြီး ထန်းတက်မယ်ဆိုတော့ သွားပြီပေါ့ ကိုအေးဆွေ”

ခင်သန်းဌေးမှာ ကိုအေးဆွေ၏ ဆုံးဖြတ်ချက်အတွက် စိတ်မကောင်းသည့်ဟန်တွင် အားလျော့သံဖြင့် ယူကျုံး မရပြောရင်း ညည်းလိုက်သည်။

“ကျွန်တော်တော့ အရင်က ချမှတ်ဆုံးဖြတ်ထားတဲ့ ဒီဂရီရသည့်တိုင်အောင် ပညာသင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေဟာ ခုတော့ အားလုံးရေစုန်မျှောပစ်လိုက်ပြီ”

“ဟင်၊ ဘာလို့တုံး”

ခင်သန်းဌေးက အံ့ဩသံဖြင့် မေးလိုက်သည်။

“ခုတင်ကပဲ ပြောခဲ့ပြီကော။ ဘီအေဆိုတဲ့ ဒီဂရီကြီးလက်ဝယ်ထားတဲ့ ပညာရှင်ကြီးတွေတောင် ဘယ်သူကမှ အလုပ်ပေးမယ့်လူမရှိလို့ တလည်လည်ဖြစ်၊ တချို့ ဆိတ်သားကင်ရောင်းနေရတဲ့ ခေတ်မျိုးမှာ ကျွန်တော်ကော ဘီအေအောင်လာရင် အလုပ်တန်းပေးပါ့မယ်လို့ ဘယ်သူက အာမခံချက်ပေးနိုင်မှာလဲ”

“ဒါကတော့ ကိုအေးဆွေရယ် ဒီလောက်ထိအောင်လည်း အတွေးခေါင်မနေစမ်းပါနဲ့။ နောက်ခါ လျောက်လျားပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဘီအေအောင်လာရင် စာရေးစာချီအလုပ် တစ်ခုလောက်ကတော့ မရဘဲမနေပါဘူး။ ရမှာပါပဲ။ လက်ရှိအလုပ်နဲ့ဆိုရင် ရာထူးမြန်မြန် တက်သွားနိုင်တာပေါ့”

ခင်သန်းဌေးက အားတက်သရောဖြင့် မပြန်ရန်တားမြစ်ရင်း တစ်ဖက်ကလည်း အလုပ်အတွက် မျှော်လင့်ချက်တွေပါထည့်၍ ပြောနေပြန်သည်။ 

“ကျွန်တော် လခစား စာရေးစာချီ အလုပ်မျိုးတွေကို ဝင်လုပ်ဖို့ စိတ်မကူးတော့ဘူး”

“ဟင်၊ ဘာပြောတယ်”

ခင်သန်းဌေးမှာ စောစောကတစ်မျိုး၊ ခုတစ်မျိုးဖြင့် စကားအမျိုးမျိုးပြောနေသော ကိုအေးဆွေကို နားမလည်နိုင်ဟန် ဖြစ်နေသည်။ စိတ်မှကောင်းပါရဲ့လားဟုလည်း အတွေးမျိုးကပင် တစ်ဖန် ဝင်လာပြန်သည်။

“ဟုတ်တယ်၊ ကျွန်တော်တော့ သူများကခိုင်းမှ လိုက်မှတ်ရတဲ့ လခစား စာရေးစာချီ အလုပ်အကိုင်မျိုးနဲ့ ဘဝရပ်တည်ရမယ့် အလုပ်မျိုးဆိုရင်တော့ လုပ်ဖို့စိတ် မကူးတော့ဘူး။ ဒီအတွေးအခေါ်မျိုးကို ဒီနေ့ကစပြီး တော်လှန်ပြောင်းလဲပစ် လိုက်ပြီ”

ကိုအေးဆွေ၏ ယတိပြတ် ဆုံးဖြတ်ချက် ချလိုက်သည့်စကားကို ကြားလိုက်ရသောအခါ ခင်သန်းဌေးမှာ အတော်ပင် အံ့သြသွားရပြန်လေသည်။ ယင်းသို့ဆိုလျှင် ကိုအေးဆွေသည် သူ့ဘဝ၏ အနာဂတ်ဘဝလမ်းကြောင်းကို မည်သို့ လျှောက်ပါမည်နည်းဟုလည်း ခင်သန်းဌေးက တစ်ဖန် ပူပူပင်ပင် စိတ်ဝင်စားလာ ချေပြန်သည်။

“ကဲ၊ ဆိုစမ်းပါဦး ကိုအေးဆွေ။ တစ်ထိုင်တည်းမှာပဲ အမျိုးမျိုးပြောင်းလဲနေတဲ့ ရှင့်ရည်ရွယ်ချက် ဆန္ဒတွေ၊ အတွေး အခေါ်တွေ”

ခင်သန်းဌေးက သရော်၍ပင် မေးလိုက်သည်။ သို့သော် ကိုအေးဆွေကမူ အလေး အနက်ထားသောဟန်ဖြင့် ရှိချေသည်။

“ဒီနေ့ ကျွန်တော်တို့ ခေတ်လူငယ်တွေကို ကြည့်စမ်းပါ။ ခေတ်ပညာလေး အတော်အသင့်တတ်လာရင်ပဲ ဘာလုပ်မလဲ။ စာရေးစာချီ လခစားအလုပ်မျိုး လုပ်ဖို့ပဲတတ်တယ်။ တိုင်းပြည်တိုးတက် ကြီးပွားအောင် နည်းသစ်ထွင်ပြီး လုပ်ငန်းတစ်ခုကို တည်ထောင်မယ်၊ စမ်းသပ်မယ်ဆိုတာ စိတ်မကူးဘူး။ အေးလေ၊ ဒါကိုလည်း တကယ်တော့ အပြစ်တင်စရာ မလိုပါဘူး။ တတ်လာတဲ့ စာပေပညာကိုကပဲ အင်္ဂလိပ်တွေ ထားပစ်ခဲ့တဲ့ ကျွန်ပညာရေးစနစ်ဖြစ်နေတာကိုး။

ဒါကြောင့်မို့လို့လည်း ဒီနေ့လူငယ်လေးတိုင်း ကြည့်လိုက်ရင် ဆယ်တန်းပဲ၊ အိုင်အေပဲ၊ ဘီအေပဲ အောင်လာရင် ဘာလုပ်မလဲ။ စာရေးစာချီစတဲ့ အထက်ကချမှတ်ပေးတဲ့အတိုင်း လိုက်လုပ်ရတဲ့ အလုပ်မျိုး၊ ပြည်သူလူထုအပေါ် ဗိုလ်လုပ်အုပ်ချုပ်ရတဲ့ အရာရှိအရာခံအလုပ်မျိုး စတဲ့ လခစားအလုပ်မျိုးပဲ လုပ်တတ်ကြတာပဲ ရှိတယ်။

“တခြားမပြောနဲ့၊ သိပ္ပံပညာဖြစ်တဲ့ စက်မှုလက်မှု အတတ်ပညာရှင် ဘီအက်စီတွေတောင် သူများက အလုပ်ပေးမှ လုပ်တတ်တာမျိုး မဟုတ်လား။ ကိုယ့်ဟာကို ဘာမှတီထွင်ပြီး မလုပ်တတ်ဘူး။ အေးလေ၊ တကယ်တော့လည်း အင်္ဂလိပ် အစိုးရဟာ သူတို့အုပ်ချုပ်တဲ့အခါမှာ လွယ်ကူမှုရှိအောင်ခိုင်းတာကို လုပ်တတ်ဖို့လောက်ပဲ ရည်ရွယ်ပြီး ကျွန်ပညာရေးစနစ်ကို ဖန်တီးပုံသွင်းခဲ့တာကို”

ကိုအေးဆွေ၏ စကားများကြောင့် ခင်သန်းဌေးမှာ တအံ့တသြ ဖြစ်သွားရ၏။ ယနေ့လူငယ်လူရွယ်လေးတိုင်းသည် မိမိတို့ဘဝ ရပ်တည်နိုင်မှုအတွက် ကျောင်းပညာကို လိုလိုလားလားဖြင့် သင်ကြားဆည်းပူးနေချိန်ဝယ် ကိုအေးဆွေက အဘယ်ကြောင့် ဤသို့ပညာ သင်ကြားနေခြင်းကို ကျွန်ပညာဟုဆိုကာ အပြစ်ပြောနေသနည်း။ ထေ့ငေါ့၍ သရော်နေသနည်း။ 

“ကဲ ဒါဖြင့်ရင် ဒီထက်ကောင်းတဲ့ သခင်ပညာရေးများကော ရှိလို့လား”

ခင်သန်းဌေးက ခံပြင်းသည့်စိတ်ဖြင့် ရုတ်တရက် ကောက်မေးလိုက်သည်။

“ရှိတာပေါ့”

“ဘယ်လိုပညာရေးလဲ”

“ဆိုရှယ်လစ်ပညာရေးစနစ်လေ”

“အင်း၊ ဆိုရှယ်လစ်ပညာရေးစနစ် ဟုတ်လား။ နေပါဦး၊ ကိုအေးဆွေတို့ရဲ့ ဆိုရှယ်လစ်ပညာရေးစနစ်က ခုလက်ရှိ ပညာရေးစနစ်နဲ့ ဘယ်လောက်ထိ ဒီလောက်ကွာခြားနေလို့လဲ”

ခင်သန်းဌေးက မယုံကြည်ဟန်ဖြင့် တစ်ဆင့်တက်၍ မေးလိုက်သည်။ 

“ခြားနားပြီကောဗျာ၊ ဘယ့်နှယ်ပြောပါလိမ့်။ ဒါကြောင့်လည်း ကျောက်ပန်းတောင်းမှာတုန်းက ဆရာကြီး ဦးလှဒင် က ခဏခဏပြောဖူးတယ်။ “ဆရာတို့ တတ်ထားတဲ့ပညာ၊ ခု မင်းတို့သင်နေတဲ့ ပညာဟာ ကျွန်ပညာပါတဲ့။ မင်းတို့ စာရေးစာချီ စတဲ့ ရာထမ်းမှုထမ်းလုပ်ရုံ၊ လခစား လုပ်ရုံကလွဲလို့ ဘာများ လုပ်တတ်ဦးမှာလဲတဲ့”။ ဒီတော့ ကျွန်တော်ကလည်း အခု ဌေးဌေးက ကျွန်တော့်မေးသလို မေးတာပေါ့။ ဒီတော့ဆရာကြီးက ဒီနေ့မြန်မာပြည်မှာ သင်ကြားနေတဲ့ ပညာရေးစနစ်နဲ့ ဆိုရှယ်လစ်နိုင်ငံတွေမှာ သင်ကြားနေတဲ့ ဆိုရှယ်လစ်ပညာရေးစနစ်နဲ့ နှိုင်းယှဉ်ပြီး ဝေဖန်ပြသွားဖူးတယ်။ အင်း အင်း၊ ခုမှ ဆရာကြီးပြောတာတွေ သဘောပေါက်တယ်။ အရင်ကတော့ သဘောမပေါက်ဘူး”
ကိုအေးဆွေမှာ ဘာကိုသဘောကျနေသည် မသိ။ သရော်သောဟန်ပန်ဖြင့် ခေါင်းတဆတ်ဆတ်ညိတ်ရင်း ပြုံးရယ်နေသည်။

“ဌေးမေးတာကို ရှင်းစမ်းပါဦး။ ဘယ်လို ခြားနားနေလို့လဲ” 

သည်တော့မှ ကိုအေးဆွေသည် သူ့အတွေးနှင့်သူ သဘောကျနေသည်ကို ဖြတ်လိုက်ကာ ဆရာကြီး မကြာခဏ ပြောပြလေ့ရှိသည့် အကြောင်းအရာထဲမှချုပ်၍ ခင်သန်းဌေးအား ရှင်းပြလေသည်။

“တကယ်တော့ အင်္ဂလိပ်တွေဟာ သူတို့အုပ်ချုပ်တဲ့ လက်အောက်ခံ ကျွန်နိုင်ငံတွေကို နိုင်နိုင်နင်းနင်းနဲ့ လွယ်ကူစွာ အုပ်ချုပ်နိုင်အောင်သာရည်ရွယ်ပြီး ပညာရေးစနစ်ကို တီထွင်ဖန်တီးခဲ့တာဖြစ်တယ်။ တစ်နည်းအားဖြင့်ဆိုရင် ကျွန်သက်ရှည်သထက်ရှည်အောင် တည်တံ့နိုင်မယ့် ဗျူရိုကရေစီ အုပ်ချုပ်ရေးစက်ယန္တရားကြီး လည်ပတ်နိုင်အောင်၊ အဲဒီ ဗျူရိုကရေစီ စက်ယန္တရားကြီးထဲမှာ ဘီးငယ်၊ ခွေးသွား စိတ်များသဖွယ်၊ မူလီကလေးတွေအဖြစ်၊ စူးဆောက်တန်ဆာပလာ ကိုင်တွယ်စရာအဖြစ်လောက်ပဲ အသုံးချတာပဲရှိတယ်။ နိုင်ငံအတွက် အကျိုးရှိမယ့် လူသုံးကုန်ပစ္စည်းတစ်ခုခု တီထွင်ထုတ်လုပ်နိုင်လောက်အောင် တတ်တဲ့ပညာရေးကို ပြဋ္ဌာန်းမပေးခဲ့ဘူး”

ခင်သန်းဌေးကမူ ကိုအေးဆွေအား သက်သက်မဲ့ လိုက်၍ကတ်ဖဲ့ပြောနေသည်ကို ထင်မြင်နေသည်။

“ဒီလို မပေးရုံမကဘူး၊ ဒီကျွန်ပညာ စနစ်ဖြစ်တဲ့ တက္ကသိုလ်ပညာကိုလည်း ငွေကုန်ကြေးကျခံနိုင်တဲ့ မြေရှင်ကြေးရှင် အရာရှိ အရာခံ သားသမီးများသာ တက်ရောက်သင်ကြားနိုင်အောင် စရိတ်ကြီးကြီးနဲ့ ပုံသွင်း ဖန်တီးထားတယ်။ ဒီတော့ တက္ကသိုလ်ပညာရေးကို လူတိုင်းသင်ကြားနိုင်ဖို့ ခဲယဉ်းလာတယ်။ ဒီလိုနဲ့ တန်ဖိုးရှိအောင်လုပ်ထားပြီး လူတန်းစားခွဲခြားမှုကို အလိုလိုဖန်တီးပေးခဲ့တယ်။ ကောလိပ်ကျောင်းထွက် ပညာရှင်တစ်ယောက်ကိုလည်း ပြည်သူလူထုအပေါ် ဗိုလ်ကျပြီး အုပ်ချုပ်ဖို့ဆိုတဲ့ စိတ်နေစိတ်ထားပါ သင်ပေးလိုက်တယ်။

“ဒါကြောင့်မို့လို့လည်း ဒီတက္ကသိုလ်ပညာကို တတ်မြောက်လာတဲ့ ပညာရှင်တစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ဘီအေ၊ အမ်အေ၊ ဘီအက်စီဆိုတဲ့ ဘွဲ့ဒီဂရီကြီး ရထားတဲ့အနေနဲ့ အခြောက်တိုက်ဘဝင် မြင့်ပြီး နိုင်ငံကိုအကျိုးရှိစေမယ့် ကုန်ပစ္စည်းတစ်ခုခုကိုမှ မထုတ်လုပ်နိုင်တဲ့အပြင် ကိုလိုနီစနစ်နဲ့ မတရားသွေးစုပ် အမြတ်ထုတ်နိုင်ဖို့ မြေရှင်အရင်းရှင် စနစ်ကို အကျိုးပြုကာကွယ်စောင့်ရှောက်တဲ့ အတတ်ပညာသာ ရလာတယ်။ ကြည့်လေ၊ ဒီနေ့ တက္ကသိုလ်ကပေးအပ်လိုက်တဲ့ သိပ္ပံဘွဲ့ပိုင်ရှင် ဘီအက်စီ အင်ဂျင်နီယာတစ်ယောက်ဟာ ဟောဒီလိုခဲတံတစ်ချောင်း လုပ်တတ်လို့လား”

ဆက်လက်ဖော်ပြပါမည်။