ကိုလံဘီယာနိုင်ငံ၌ ကျောက်မီးသွေးတွင်းပေါက်ကွဲမှုကြောင့် ၁၁ ဦးသေဆုံး၊ ၁၀ ဦးပျောက်ဆုံးနေ

မတ် ၁၆

ကိုလံဘီယာနိုင်ငံတွင် မတ်လ ၁၄ ရက်နေ့ညပိုင်းက ကျောက်မီးသွေးတွင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ၁၁ ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြား ၁၀ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသတွင်းအာဏာပိုင်များက ယမန်နေ့က ပြောကြားသည်။

အဆိုပါကျောက်မီးသွေးတွင်းပေါက်ကွဲရာတွင် ပိတ်မိနေသူများအားကယ်ဆယ်ရန်လုပ်ဆောင်နေကြောင်း ကိုလံဘီယာ သမ္မတ  ဂတ်စတာဗိုပက်ထရိုက တွစ်တာတွင် ရေးသားထားသည်။

ပိတ်မိနေဆဲဖြစ်သော မိုင်းတွင်းလုပ်သား ၁၀ ဦးအား ကယ်ဆယ်ရန်လုပ်ဆောင်လျက်ရှိပြီး မိုင်းလုပ်သားကိုးဦး သည်ဆေးရုံတွင်ကုသမှုခံယူလျက်ရှိသည်။ ၎င်းတို့အနက် ခြောက်ဦးသည် ဆေးရုံမှဆင်းသွားပြီဖြစ်သည်။

ထိုမတော်တဆမှုဖြစ်ပွားချိန်တွင် မိုင်းလုပ်သား ၃၀ သည် ကျောက်မီးသွေးတွင်းများအတွင်းရှိနေပြီး ခုနစ်ဦးသည် ကံကောင်းစွာဖြင့်လွတ်မြောက်သွားကြောင်း မီးသတ်ဌာနအကြီးအကဲ အယ်လ်ဗာရိုက ပြောကြားသည်။

ကယ်ဆယ်ရေးသမားများက ပိတ်မိနေသော မိုင်းလုပ်သားများ၏ကျန်းမာရေးအခြေအနေသိရှိနိုင်ရန် အတွက်၎င်းတို့နှင့် အဆက်အသွယ်ရရှိရန်ကြိုးစားလျက်ရှိသည်ဟု ၎င်းကဆိုသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို