ကိုလံဘီယာနိုင်ငံ၌ ကျောက်မီးသွေးတွင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ ၂၁ ဦးရှိလာ

မတ် ၁၇

ကိုလံဘီယာနိုင်ငံအလယ်ပိုင်းတွင် မတ်လ ၁၄ ရက်က ကျောက်မီးသွေးတွင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် သေဆုံးသူ ၂၁ ဦးထက်မနည်းရှိလာသည်။

အဆိုပါမတော်တဆမှုသည် ကွန်ဒီနာမာကာပြည်နယ်ရှိ ကျောက်မီးသွေးတွင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုပေါက်ကွဲမှုသည် ဓါတ်ငွေ့ယိုစိမ့်မှုကြောင့်ဖြစ်နိုင်သည်ဟု ယူဆရသည်။ ကျောက်မီးသွေးတွင်းထဲ၌ လူ ၁၀ ဦးပိတ်မိခဲ့ပြီး သေဆုံးသွားသဖြင့် သေဆုံးသူ ၂၁ ဦးအထိမြင့်တက်လာကြောင်း ဒေသတွင်းအာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။

နိုင်ငံအတွင်း ကျောက်မီးသွေးဝယ်လိုအားများလာချိန်တွင် ကျောက်မီးသွေးတွင်းမတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ကိုလံဘီယာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်က ကျောက်မီးသွေးတွင်းမတော်တဆမှု ၁၀၀ ကျော်ဖြစ်ပွားခဲ့သောကြောင့် လူပေါင်း ၁၄၆ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို