မိုင်းဆတ်မြို့အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား အကျဉ်းသူများအား အထူးလျှော့ရက် ခံစားခွင့်ပြုနိုင်ရန်စစ်ဆေး

မိုင်းဆတ် မတ် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်အကျဉ်းထောင်၌  ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား အကျဉ်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ အထူးလျှော့ရက်များ ခံစားခွင့်ပြုနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်် တာဝန်ရှိသူများက မတ် ၁၈ ရက် နံနက်ပိုင်းက သွားရောက်စစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနိုင်လင်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်နှင့် တာဝန်ရှိသူများက ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား အကျဉ်းသူများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက အကျဉ်းသား အကျဉ်းသူများအား အကျဉ်းဦးစီးဌာန၏ စည်းကမ်းချက်များကို လိုက်နာ နေထိုင်ကြရန်နှင့် ကျန်းမာရေး အထူးဂရုစိုက်နေထိုင်ကြရန် အားပေးစကား ပြောကြားသည်။

ထို့နောက် မိုင်းဆတ်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား အကျဉ်းသူများအနက် “က”အဆင့် ၆၆ ဦး၊ “ခ”အဆင့် ၁၁ ဦးနှင့် “ဂ”အဆင့် ၂၇ ဦး စုစုပေါင်း ၁၀၄ ဦးအား အထူးလျှော့ရက် ခံစားခွင့်ပြုခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)