ဒုတိယဝန်ကြီး ဦးဝင်းဖေ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းပိုင်း)ရှိ Charging Station များ ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၁၈ 

လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲ၊ အသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင် အထည်ဖော်ရေးလုပ်ငန်းကော်မတီဉက္ကဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး တစ် လျောက်ရှိ လမ်း၊ တံတားများ ပြင်ဆင်ထိန်းသိမ်းမှု လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေးအမြန်လမ်း(၂၀၁)မိုင်ရှိ နေပြည်တော် စီလမ်းဆုံယာဉ်ရပ်နားစခန်းတွင် Charging Station ဆောက်လုပ်နေမှု၊ (၁၁၅) မိုင်ရှိ (ဖြူး)ယာဉ်ရပ်နားစခန်းတွင် Charging Station ဆောက်လုပ်နေမှု၊ မိုင်တိုင်(၀/၀)ရှိ အမှတ်(၃) တိုးလ်ဂိတ်တွင် Earth Renewable Energy Co.,Ltd မှ Charging Station ဆောက်လုပ်နေမှုနှင့် အောင်မင်္ဂလာအဝေးပြေး ဝန်းအတွင်း၌  Myanmar Brilliance Auto Co.,Ltd မှ Charging Station ဆောက်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ လှိုင်မြို့နယ် သီရိမင်္ဂလာဈေး၌ Asia Pacific Automaker Corporation Co.,Ltd မှ တာဝန်ယူဆောင်ရွက်သည့် Charging Station တည်ဆောက်ပြီးစီးမှု၊ အလုံမြို့နယ် အောက်ကြည့်မြင်တိုင်လမ်း သခင်မြပန်းခြံ၌ Chin Dwin Shan Co.,Ltd မှ တာဝန်ယူဆောင်ရွက်သည့်  Charging Station တည်ဆောက်ပြီးစီးမှုနှင့် ရန်ကုန်ဘူ တာကြီးအနီး၌  Essential Motors Co.,Ltd မှ  Charging Station  တည်ဆောက်နေမှုကို  ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက သတ်မှတ်ဒီဇိုင်း၊ စံချိန်စံညွှန်းအတိုင်း ဆောင်ရွက်ရန်၊ လိုအပ်သည့်ပစ္စည်းများရောက်ရှိမှု၊ လျှပ်စစ်မီးသွယ်တန်းမှုနှင့် ကားဝင်၊ ထွက်လမ်း သတ်မှတ်နေရာများ အားစနစ်တကျ ဆောင်ရွက်ရန်မှာကြားသည်။

မြန်မာနိုင်ငံအတွင်း လျှပ်စစ်သုံးယာဉ်များ အသုံးပြုနိုင်ရေးအတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီက Pilot Project အနေဖြင့် နေပြည်တော်၊ ရန်ကုန်မြို့ ၊ မန္တလေးမြို့နှင့် ရန်ကုန် - မန္တလေးအမြန်လမ်း မကြီးတစ်လျှောက်တွင် လျှပ်စစ်သုံးယာဉ်များ လွယ်ကူလျင်မြန်စွာ အားသွင်းနိုင်ရေးအတွက် လျှပ်စစ်ဓါတ်အားဖြည့်သွင်းရုံ (Charging Station)များ တည်ဆောက်ရန် စီမံဆောင် ရွက်လျက်ရှိရာ နေပြည်တော်အတွင်း NPK Motor Co.,Ltd က ပထမဦးစွာ တည်ဆောက် ဖွင့်လှစ်အသုံးပြုနိုင်ခဲ့ပြီး တည်ဆောက်ပြီး Charging Stationနှင့်အတူ လျှပ်စစ်သုံး Taxi အငှားယာဉ်လုပ်ငန်းကိုလည်း စတင်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်တည်ဆောက်ဆဲ လျှပ်စစ်ဓါတ်အားဖြည့်သွင်းရုံ  (Charging Station) များကိုလည်း မကြာမီအမြန်ဆုံး ဖွင့်လှစ် အသုံးပြုနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

သတင်းစဉ်