ရေဆိုင်ရာလိုအပ်ချက်များဖြည့်ဆည်းရန် အရှိန်အဟုန်မြှင့် ပြောင်းလဲဆောင်ရွက်မှု

ကိုတူး(သာယာမြိုင်)

ကမ္ဘာနှင့်ရေ

ကမ္ဘာပေါ်တွင် အကောင်အထည်ပြနိုင်သည့် အပေါများဆုံးအရာမှာ ရေဖြစ်သည်ဟု ဆိုကြသည်။ ထိုအဆိုကို ကမ္ဘာ့မျက်နှာပြင်၏ ၇၁ ရာခိုင်နှုန်းကို ရေဖုံးလွှမ်းလျက်ရှိသည်ဟူသောအချက်က ထောက်ခံလျက်ရှိသည်။ သမုဒ္ဒရာများသည် ကမ္ဘာ့ရေအားလုံး၏ ၉၇ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ထား သည်။ ထို့ပြင် ရေသည်လေထုထဲတွင် ရေခိုးရေငွေ့ များအဖြစ်လည်းကောင်း၊ မြစ်ချောင်းအင်းအိုင်များ၊ ရေခဲပြင်များ၊ ရေခဲမြစ်များတွင်လည်းကောင်း၊ မြေအောက်နှင့်မြေဆီလွှာအတွင်းတွင်လည်းကောင်း၊ လူ နှင့်တိရစ္ဆာန်များ၊ သစ်ပင်များတွင်လည်းကောင်း ရေရှိနေသည်။ သို့သော်ရှိသမျှရေတိုင်းကို အသုံးချ ၍မရနိုင်ပါချေ။ သမုဒ္ဒရာများအတွင်းမှ ရေများသည် ငန်လွန်းသဖြင့် သောက်သုံးရန် သို့မဟုတ် စိုက်ပျိုး ရေးအတွက်အသုံးချရန်မဖြစ်နိုင်ပေ။

ကမ္ဘာ့ရေများ၏ သုံးရာခိုင်နှုန်းသည်သာ ရေချိုဖြစ်သည်။ သို့သော် ကမ္ဘာ့ရေအားလုံး၏ ၂ ဒသမ ၅ ရာခိုင်နှုန်းသည် ရေခဲမြစ်များ၊ ဝင်ရိုးစွန်းရေခဲဖုံး ဒေသများ၊ လေထုနှင့် မြေဆီလွှာအတွင်းတို့တွင် ရှိနေသည်ဖြစ်ရာ ယင်းတို့ကိုအသုံးပြု၍မရနိုင်ပြန်ပေ။ ထိုရေများသည် သုံးစွဲရန်မသင့်သော အလွန် ညစ်ညမ်းနေသည့် သို့မဟုတ် ထုတ်ယူရန်အတွက် ကုန်ကျစရိတ်မြင့်မားလွန်းသည့် အခြေအနေတွင် ရှိနေသည်။ ထို့ကြောင့် ကမ္ဘာပေါ်ရှိ ရေအရင်းအမြစ် အားလုံး၏ ၀ ဒသမ ၅ ရာခိုင်နှုန်းသည်သာ လူသား တို့အတွက်အသုံးပြုနိုင်သော ရေချိုဖြစ်သည်။မြင်သာအောင် ဖော်ပြရပါလျှင် ကမ္ဘာပေါ်ရှိ  ရေပမာဏအားလုံးသည် လီတာ ၁၀၀ ရှိသည်ဆိုပါက ရေချိုပမာဏသည် လက်ဖက်ရည်ဇွန်းတစ်ဝက် ခန့်(ဒသမ ၀၀၃ လီတာ)သာရှိသည်ဟုဆိုရပါမည်။

ထိုမျှသောရေပမာဏသည်ပင် လူတို့အတွက် ဘေးရန်ကင်းစွာ အသုံးချနိုင်သည် မဟုတ်သေးပေ။ နည်းလမ်းပေါင်းစုံဖြင့် ညစ်ညမ်းသောရေများကို အသုံးချနေကြရသဖြင့် နှစ်စဉ် လူပေါင်း ၁ ဒသမ ၄ သန်းသည် ရေ၊ မိလ္လာနှင့် တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ ရောဂါများကြောင့် သေဆုံးလျက်ရှိပြီး ၇၄ သန်းသည် သက်တမ်းစေ့နေနိုင်မည်မဟုတ်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ ၂၀၂၂ ခုနှစ် အစီရင်ခံစာတွင်ဖော်ပြထားသည်။

ထို့ကြောင့်လည်း ရေနှင့်သန့်ရှင်းရေးကို သတိပေးမီးမောင်းထိုးပြရန် အရေးကြီးလှသည်ဖြစ်ရာ နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့ရေနေ့အခမ်းအနားများကို ကုလသမဂ္ဂကကြီးမှူး၍ ကျင်းပလေ့ရှိသည်။

ကမ္ဘာ့ရေနေ့

နှစ်စဉ်နှစ်တိုင်း မတ်လ ၂၂ ရက်နေ့တွင် ကမ္ဘာ့ရေနေ့ အထိမ်းအမှတ်အခမ်းအနားများ ကျင်းပ ပြုလုပ်လေ့ရှိသည်။ ကမ္ဘာ့ရေနေ့အခမ်းအနားကို ၁၉၉၃ ခုနှစ်တွင် စတင်ကျင်းပခဲ့သည်။ အခမ်းအနား ကျင်းပရာတွင် ရေနှင့်ဆက်စပ်သည့် အကြောင်းအရာများနှင့် ပြဿနာများကို မတူကွဲပြားသောနည်းလမ်းများဖြင့် မည်သို့ဖြေရှင်းနိုင်မည်ကို လေ့လာနိုင်သည့် ဆောင်ပုဒ်တစ်မျိုးစီဖော်ထုတ်ပြီး ဆွေးနွေးအဖြေရှာမှုများ ပြုလုပ်ရန်အတွက် လှုံ့ဆော်မှုများပြုလုပ်ကြလေ့ရှိသည်။ အထူးသဖြင့် ရေချို၏ အရေးပါမှုကို အာရုံစိုက်ကာ ရေချိုအရင်းအမြစ်များ စဉ်ဆက်မပြတ် စီမံခန့်ခွဲမှုအတွက် လှုံ့ဆော်ပေးသည့် နည်းလမ်းအဖြစ် နှစ်စဉ်ကျင်းပလေ့ရှိသည်။ ထိုသို့ ဆောင်ရွက်ခြင်းသည် ၂၀၃၀ ပြည့်နှစ်တွင် လူသားအားလုံးအတွက် ရေနှင့်ရေဆိုးရေညစ်များ သန့်ရှင်းရေးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးရေး (Sustainable Development Goal - SDG 6)ကို အထောက်အကူပြုစေခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ ရေအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် လုပ်ဆောင်ရမည့်ကိစ္စဖြစ်သည်။ နှစ်စဉ် ထွက်ပေါ်သည့် ဆောင်ပုဒ်ကို ကုလသမဂ္ဂရေအစီအစဉ် (UN – Water)က ထုတ်ပြန်ပေးခြင်းဖြစ်သည်။ ကမ္ဘာ့ ရေနေ့အခမ်းအနားများကို ကုလသမဂ္ဂ ရေအစီအစဉ် (UN – Water)က စိတ်ဝင်စားသော ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လေ့ရှိရာ ၂၀၂၃ ခုနှစ်တွင် ယူနက်စကို(UNESCO)က ပူးပေါင်း ဆောင်ရွက်မည်ဖြစ်သည်။

ယခုနှစ်ကမ္ဘာ့ရေနေ့၏ ဆောင်ပုဒ်မှာ ရေဆိုင်ရာ လိုအပ်ချက်များဖြည့်ဆည်းရန် အရှိန်အဟုန်မြှင့် ပြောင်းလဲဆောင်ရွက်မှု (Acceleration Changes) ဖြစ်သည်။ ထိုဆောင်ပုဒ်သည် ရေနှင့်သန့်ရှင်းရေး ဆိုင်ရာ အကျပ်အတည်းများကို ဖြေရှင်းရာတွင် အပြောင်းအလဲများကို အရှိန်အဟုန်မြှင့်ဆောင်ရွက် ရန်အတွက် ပိုမိုအာရုံစိုက်အလေးထားနိုင်ရန် တိုက်တွန်းထားသည်။

ကမ္ဘာ့ရေနေ့ပေါ်ပေါက်လာခြင်း

၁၉၉၂ ခုနှစ်တွင် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုး၌ ကျင်းပခဲ့သည့် ကုလသမဂ္ဂ ပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ညီလာခံ၏ အစီအစဉ်အမှတ် ၂၁ ဖြင့် ကမ္ဘာ့ရေနေ့ကို ပထမဆုံးအဆိုပြုခဲ့သည်။ ၁၉၉၂ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံက ဆုံးဖြတ်ချက် A/RES/47/193 ဖြင့် ကမ္ဘာ့ရေနေ့ကို အတည်ပြုပေးခဲ့သည်။ ထို့ကြောင့် နောက်တစ်နှစ်ဖြစ်သော ၁၉၉၃ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ကမ္ဘာ့ရေနေ့ကို ပထမဆုံးစတင်ကျင်းပခဲ့သည်။

ကမ္ဘာ့ရေနေ့ဟူ၍ ပေါ်ပေါက်လာသည်မှစ၍ ဤနေ့သည် အမြဲတမ်းအမှတ်ရ သတိပြုစရာတစ်ခု ဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လူထုလူတန်း စားပေါင်းစုံကို အထောက်အကူပြုသည်သာမက နေ့စဉ်ဘဝများတွင် အလွန်အကျွံရေသုံးစွဲမှုကို ကာကွယ်ရန် ထိရောက်သည့်လှုပ်ရှားမှုတစ်ခုဖြစ် ခြင်းကြောင့်လည်းဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့ရေနေ့သည် ထင်ရှားသည့်လူမှုကွန်ရက်များတွင် ရေပန်းစားသည့် အကြောင်းအရာတစ်ခုဖြစ်လာခဲ့သည်။ ကမ္ဘာ့ရေနေ့တွင် ကမ္ဘာတစ်ဝန်း၌ မှတ်တမ်း ရုပ်ရှင်များ ထုတ်ဝေဖြန့်ဝေခြင်းများ၊ ညီလာခံများ၊ စားပွဲဝိုင်းဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ၊ ရေအရင်းအမြစ်များထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပြပွဲများမှတစ်ဆင့် ပြည်သူများ၏ အသိပညာမြှင့်တင်ခြင်းကဲ့သို့သော ထိရောက်သည့် လှုပ်ရှားမှုများဆောင်ရွက်ကြသည်။

နှစ်စဉ် ကမ္ဘာ့ရေနေ့ကျင်းပတိုင်း ကုလသမဂ္ဂ ရေအစီအစဉ်၏ ကမ္ဘာ့ရေဖွံ့ဖြိုး တိုးတက်မှုအစီရင်ခံစာကို ထုတ်ပြန်လေ့ရှိသည်။ ကုလသမဂ္ဂကမ္ဘာ့ရေ ဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာ(UN WWDR) သည် ကုလသမဂ္ဂ၏ ရေပန်းစားသော အစီရင်ခံစာဖြစ်သည်။ ၎င်းသည် ကမ္ဘာ့ရေချိုအရင်းအမြစ်များ၏ အလုံးစုံအခြေအနေ၊ အသုံးပြုမှုနှင့် စီမံခန့်ခွဲမှုတို့ကို တရားဝင် ကျယ်ကျယ်ပြန့်ပြန့်အကဲဖြတ်ပေးကာ ရေရှည်တည်တံ့သော ရေမူဝါဒများချမှတ် အကောင်အထည်ဖော်ရန်နှင့် အကောင်အထည်ဖော်ရန် ဆုံးဖြတ်ချက်ချမှတ်သူများကို ပံ့ပိုးပေးရန် ရည်ရွယ်သည်။

အဘယ့်ကြောင့် အရေးပါသနည်း

WHOနှင့် UNICEF ၏ ၂၀၂၁ ခုနှစ်တွင် ဖော်ပြချက်အရ ယနေ့ကမ္ဘာတစ်ဝန်းရှိ လူလေးဦးလျှင် တစ်ဦး ဖြစ်သော လူပေါင်း နှစ်ဘီလီယံခန့်သည် ဘေးကင်းသော သောက်သုံးရေ ချို့တဲ့လျက်ရှိသည် ဟု ဆိုသည်။ WHO ၏ ၂၀၂၁ ခုနှစ်တွင်ဖော်ပြချက်အရ ကမ္ဘာ့လူဦးရေ၏ ထက်ဝက်နီးပါး (၃ ဒသမ ၆ ဘီလီယံ)သည် လုံခြုံသော မိလ္လာစနစ် ကင်းမဲ့နေ သည်ဟု သိရသည်။ တစ်ကမ္ဘာလုံးတွင် အိမ်သုံး ရေဆိုးများ၏ ၄၄ ရာခိုင်နှုန်းကို ဘေးကင်းစွာစီမံ၍ စွန့်ပစ်ခြင်း မပြုလုပ်နိုင်သေးပါဟု ၂၀၂၁ ခုနှစ် ကုလသမဂ္ဂရေအစီအစဉ်၏ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။ ကမ္ဘာ့ရေလိုအပ်ချက်သည် ၂၀၅၀ ပြည့်နှစ် တွင် ၅၅ ရာခိုင်နှုန်းတိုးလာမည်ဟု OECD (The Organization for Economic Cooperation and Development) က ၂၀၁၂ ခုနှစ်ကတည်းက ခန့်မှန်း ထားသည်။ ထိုတွေ့ရှိချက်များက ရေသည် လူသားတို့အတွက် မည်မျှအရေးပါလှကြောင်းနှင့် သတိမမူလျှင် အသက်ဇီဝိန်ခြွေနိုင်သည်ဆိုသည်ကို မီးမောင်း ထိုးပြထားသည်ကို တွေ့ရှိနိုင်သည်။

ရေလုံလောက်ပါသလား

ကမ္ဘာပေါ်တွင်ရှိသောရေသည် အရည်၊ အငွေ့၊ အခဲ စသည်ဖြင့် သံသရာလည်လျက်ရှိသည်။ အခြေအနေပြောင်းလဲသွားသော်လည်း ပျောက်ပျက်သွားခြင်းမရှိပေ။ ထို့ကြောင့် မူလအတိုင်းသာရှိနေ သည်ဟု ဆိုရပါမည်။ မူလအတိုင်းရှိမနေသည်က လူသားများဖြစ်သည်။ အစဉ်အမြဲ တိုးပွားလျက်ရှိ သော လူဦးရေအတွက် သောက်ရန်၊ သုံးရန်၊ စိုက်ပျိုး မွေးမြူရန် ရေကိုအစဉ်တိုးတက်အသုံးပြုနေရသည်။ ထို့ကြောင့် လူတစ်ဦးချင်းစီအတွက် အချိုးကျ ရေပမာဏမှာ အချိန်နှင့်အမျှလျော့နည်းလာသည်။

UNFPA (United Nations Population Fund)၏ တွက်ချက်မှုများအရ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကမ္ဘာ့လူဦးရေသည် သန်းပေါင်းရှစ်ထောင် (၈ ဘီလီယံ) ပြည့်ခဲ့ပြီဖြစ်သည်။ “ကမ္ဘာမှာလူတွေ xxx လူသားသန်းပေါင်း လေးထောင် xxx အချစ်ဆုံးတို့နှစ်ယောက်ပါဝင်တယ်” ဟု ဘိုဘိုဟန်ဆိုခဲ့သည့် သီချင်းက နားထဲမှ မထွက်သေးမီမှာပင် လူသားသန်းပေါင်း ၈၀၀၀ ဖြစ်နေလေပြီ။ လူဦးရေနှစ်ဆဖြစ်လာသော်လည်း ကမ္ဘာပေါ်ရှိ ရေအရင်းအမြစ်များမှာမူ ရှိမြဲအတိုင်း သာရှိသည်ဖြစ်ရာ လူတစ်ဦးအတွက် ဝေပုံကျ ရေပမာဏ တစ်ဝက်လျော့ကျသွားခြင်းသာဖြစ်ပေသည်။

ရေအကျပ်အတည်း

ရေသည် မရှိမဖြစ်သောအရာဖြစ်သော်လည်း အကန့်အသတ်နှင့်သာရှိကာ ပိုမိုရှားပါးလာသဖြင့် ရေနံအသစ် (New Oil) ဟု ခေါ်လာကြသည်။ လူသားတို့အတွက် ရေရရှိနိုင်မှု လျော့နည်းလာခြင်းနှင့် သုံးစွဲမည့်သူပိုမိုများလာခြင်းတို့၏ ဆိုးရွားသော အနာဂတ်တစ်ခုတည်ရှိနေသည့်အပြင် လူသားများ သည် ရေနှင့်ပတ်သက်၍ စိုးရိမ်စရာ အမြင့်ဆုံး အခြေအနေသို့ ချဉ်းကပ်လာနေသည်လားဟု ကျွမ်းကျင်သူများက ဆွေးနွေးငြင်းခုံနေကြရသည်။ အခြားတစ်ဖက်တွင်လည်း ရေအကျပ်အတည်း ရောက်နေပြီဟု လူအများက ထင်မြင်ကြသည်။

သို့သော်လည်း ယေဘုယျ ရေအကျပ်အတည်းသည် ရှောင်လွှဲ၍မရနိုင်ပေ။ ရာသီဥတုဖောက်ပြန်မှုက ရေချိုပမာဏနှင့် သန့်ရှင်းမှုကို ခြိမ်းခြောက်နေချိန်တွင် လူများသည် နေရာအများအပြားတွင် ရေချိုရရှိနိုင်မှုအပေါ် ပံ့ပိုး ကူညီမှုမရနိုင်သော ဖိအားကိုခံနေရသည်မှာ အမှန် ပင်ဖြစ်သည်။ အထူးသဖြင့် လူဦးရေတိုးတက်မှုနှင့် ရွှေ့ပြောင်းနေထိုင်မှုပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် အထောက်အကူဖြစ်စရာနည်းလမ်းများ နည်းပါးလှသည်။ သို့သော် ကျယ်ပြန့်သောကူညီထောက်ပံ့မှုနှင့် ရေလိုအပ်မှုဆိုင်ရာဖြေရှင်းချက် များကိုရရှိနိုင်ပြီး ထိုဖြေရှင်းချက်များကို အကောင်အထည်ဖော်ခြင်းဖြင့် လူသားတို့၏ ကြီးမားသော ဝေဒနာများကို သက်သာရာရစေနိုင်သည်။

ပြဿနာအမြွှာ

ရေအကျပ်အတည်းသည် ရောထွေးနေသော အကျပ်အတည်းနှစ်ခုဖြစ်သည်။ ပထမအချက်မှာ ယီမင်မှ အမေရိကန်အနောက်တောင်ပိုင်းအထိ ရေရှားသောဒေသများတွင် ကြုံတွေ့ရသည့် ရုပ်ပိုင်း ဆိုင်ရာရှားပါးမှုဖြစ်သည်။ ဒုတိယအချက်မှာ ဆင်းရဲသောနိုင်ငံများတွင် အခြေခံအဆောက်အအုံများ ချို့တဲ့ခြင်းကြောင့်ဖြစ်သော ဘေးကင်းစိတ်ချရသည့် သောက်သုံးရေရှားပါးမှုပင်ဖြစ်သည်။ ယူဂန္ဓာကဲ့သို့ မိုးရွာသွန်းမှုများပြားသည့်ဒေသတွင်ပင် ထိုအခြေအနေဖြစ်ပေါ်လျက်ရှိသည်။ အာဖရိကဦးချိုဒေသသည် အကျပ်အတည်းနှစ်ခုလုံးကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နေကြရသည်။ 

ရေရှားပါးမှုသည် သိသာထင်ရှားပြီး ကြီးထွားလာသော ပြဿနာတစ်ရပ်ဖြစ်သည်။ လူသားတို့သည် ရေဖြင့်ဖုံးလွှမ်းထားသော ကမ္ဘာပေါ်တွင် နေထိုင်သော်လည်း သုံးစွဲနိုင်သောရေချိုက အနည်း ငယ်သာရှိသည်။ ထိုနည်းပါးလှသော ရေချိုကို မညီမမျှ ခွဲဝေသုံးစွဲနေကြရသေးသည်။ ထို့ကြောင့် တစ်ကမ္ဘာလုံးတွင် ရေပြတ်လပ်မှုမရှိသည့်တိုင် ရေရှားပါးသောဒေသများ တိုးပွားလာနေခြင်းဖြစ်သည်။

သုံးမည့်သူကပိုများလာ

ယခုအခါ ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံခန့်သည် ရေအတွက်ကြောင့်ကြရမှု အလယ်အလတ်အဆင့်မှ မြင့်မားသောအဆင့်အတွင်းရှိ နိုင်ငံများတွင် နေထိုင်ကြသည်။ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ၏ သုံးပုံနှစ်ပုံသည် ထိုအခြေအနေများအောက်တွင် နေထိုင်ရမည်ဖြစ်သည်။ မကြာသေးမီက မက်ကင် ဆေးနှင့်ကုမ္ပဏီ (McKinsey and Company) ၏ အစီရင်ခံစာအရ ဆယ်စုနှစ်နှစ်ခုအတွင်း ရေလိုအပ် ချက်သည် ရေရှိနိုင်မှု ၄၀ ရာခိုင်နှုန်းထက် ကျော်လွန်သွားမည်ဖြစ်ကြောင်း သတိပေးထားသည်။

ရေရှားပါးသည့်နေရာတွင် လူဦးရေသည် အလျင်မြန်ဆုံး တိုးပွားလာနေသည်။ ကမ္ဘာ့ဘဏ်၏ ရေနှင့်ဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာတွင် ရေရှားပါးပြီး စီးပွားရေးအရ ဆင်းရဲနွမ်းပါးသည့် နိုင်ငံ ၄၅ နိုင်ငံကို ဖော်ပြထားသည်။ အဆိုပါနိုင်ငံများတွင် အမျိုးသမီးတစ်ဦးလျှင် ပျမ်းမျှကလေးမွေးဖွားနှုန်း ၄ ဒသမ ၈ ဦးရှိပြီး ကမ္ဘာ့ပျမ်းမျှ မွေးနှုန်းထက် နှစ်ဆနီးပါးရှိကာ ၎င်းတို့၏လူဦးရေသည် ၂၀၅၀ ပြည့်နှစ်တွင် နှစ်ဆတိုးလာမည်ဟု ခန့်မှန်းထားသည်။ “လူဦးရေ လျင်မြန်စွာ တိုးလာခြင်းကြောင့် ရေပြဿနာများကို ပိုမိုရှုပ်ထွေးစေပြီး ဖြေရှင်းရ ခက်ခဲစေသည်” ဟု Global Water Policy Project အင်တာဗျူးတစ်ခုတွင် ဒါရိုက်တာ Sandra Postel က ပြောကြားသည်။
 
မရ ရတာသုံးကြမည်

ရေရှားပါးသောနိုင်ငံများသည် မြေပြင်ပေါ်မှ ရေရရှိမှု ချို့တဲ့လာသောအခါတွင် မြေအောက်ရေများကို အလျှံပယ်စုပ်ယူကြသည်။ ရလဒ်အနေဖြင့် လွန်ခဲ့သည့် ကိုးနှစ်အတွင်း ကမ္ဘာအနှံ့တွင် မြေအောက်ရေပမာဏ သိသိသာသာကျဆင်းသွားခဲ့ပြီး အိန္ဒိယ၊ တရုတ်၊ ပါကစ္စတန်နှင့် နိုင်ငံအချို့တွင် ရေတွင်းများ ခန်းခြောက်သွားခဲ့သည်။

မြေအောက်ရေ လျော့နည်းခြင်းသည် ကမ္ဘာ့စားရေရိက္ခာ ထုတ်လုပ်မှုအတွက် နိမိတ်မကောင်းသော လက္ခဏာတစ်ရပ်ဖြစ်သည်။ တိုးပွားလာသော ကမ္ဘာ့လူဦးရေ၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန် ၂၀၅၀ ပြည့်နှစ်တွင် စားရေရိက္ခာ ၇၀ ရာခိုင်နှုန်း တိုးလာရမည်ဖြစ်သည်။ ယခုအခါ ကမ္ဘာ့စားရေ ရိက္ခာထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်းသည် မြေအောက်ရေကို အလွန်အကျွံစုပ်ယူမှုအပေါ် မူတည်နေသည် ဟု ပညာရှင်များက ခန့်မှန်းထားသည်။

မြွေပူရာကင်းမှောင့်

ထို့အပြင် ကမ္ဘာ့နေရာအတော်များများတွင် မိုးခေါင်ရေရှားမှု ပိုမိုပြင်းထန်လာနေပြီဖြစ်သော ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု၏ မှတ်တမ်းဆိုး တစ်ခုရှိပြန်သည်။ အာဖရိကဦးချိုဒေသကို ဖျက်ဆီး နေသည့် အငတ်ဘေးသည် အခြားသောနိုင်ငံငယ်များ တွင်လည်း ဖြစ်ပေါ်လာမည့် အရိပ်အယောင်ရှိလာ သည်။ ကင်ညာနှင့် အီသီယိုးပီးယားအပါအဝင် နိုင်ငံအများအပြားသည် လက်ရှိရေရှားပါးမှု၊ လူဦးရေ လျင်မြန်စွာတိုးပွားလာမှု၊ အုပ်ချုပ်ရေးညံ့ဖျင်းမှုနှင့် ဆင်းရဲမွဲတေမှုတို့အပေါ် လွှမ်းမိုးထားသည့်ကာလ ကြာရှည်စွာ ပိုမိုပြင်းထန်သော မိုးခေါင်မှုကို ကြုံတွေ့ ရနိုင်ဖွယ်ရှိသည်။ 

အခြားသော ဆိုးရွားလှသည့်တိုးတက်မှုဟုဆိုရမည့် ရာသီဥတုဖောက်ပြန်မှုကြောင့် ဟိမဝန္တာ တောင်တန်းများ၊ ဟိန္ဒူကူရှ် (Hindu Kush) နှင့် အင်ဒီး(စ်)တောင်တန်းများ(Andes)အပါအဝင် ကမ္ဘာ့ တောင်တန်းကြီးများတွင် ရေခဲမြစ်များနှင့် ဆီးနှင်း များ အရည်ပျော်လျက်ရှိသည်။ ထိုရေခဲမြစ်များက ကမ္ဘာပေါ်ရှိ လူခြောက်ဦးလျှင် တစ်ဦးအတွက် သောက်သုံးရေပေးနေသည့် ရေချိုအရင်းအမြစ်များ ဖြစ်သည်။ အထောက်အထားအသစ်များအရ အဆိုပါရေခဲမြစ်များသည် မျှော်လင့်ထားသည်ထက် ပိုမိုလျင်မြန်စွာ ပျောက်ကွယ်လျက်ရှိခြင်းကြောင့် ပီရူးနှင့် အခြားနေရာများတွင် ရေပြတ်တောက်မှုများ ဖြစ်ပေါ်စေလျက်ရှိသည်။

ပြဿနာက အဖော်အပေါင်းနှင့်လာသည်

ရေအကျပ်အတည်းဖြစ်သည့် သန့်ရှင်းသော သောက်သုံးရေရှားပါးမှုသည် ရုပ်ပိုင်းဆိုင်ရာ ရေရှားပါးမှုနှင့်သာပတ်သက်သည် မဟုတ်ပါ။ ပြဿနာကိုဖြေရှင်းရန်အတွက် ရန်ပုံငွေများပိုမို လိုအပ်လျက်ရှိသည်။ ထို့အပြင် ဆင်းရဲမွဲတေမှုများနှင့် ပိုမိုပတ်သက်လျက်ရှိပြီး အခြေအနေများက ရိုးရှင်းလှခြင်းမရှိပေ။ 
ယနေ့အချိန်တွင် လူဦးရေတစ်ဘီလီယံနီးပါးသည် သန့်ရှင်းသောသောက်သုံးရေကို လက်လှမ်း မမီကြပေ။ ၂ ဒသမ ၅ ဘီလီယံသည် မိလ္လာမလုံလောက်မှုနှင့် ရင်ဆိုင်နေကြရသည်။ ကာကွယ်၍ ရနိုင်သော ရေနှင့်ဆက်စပ်သည့်ရောဂါများကြောင့် နှစ်စဉ် လူငါးသန်းခန့် သေဆုံးလျက်ရှိသည်။

အခြားသောအကျပ်အတည်းတစ်ခုမှာ ဖွံ့ဖြိုးဆဲ ကမ္ဘာတွင် လျင်မြန်စွာ တိုးချဲ့နေသော မြို့ကြီးများ ကိစ္စဖြစ်သည်။ မကြာသေးမီဆယ်စုနှစ်များအတွင်း မြို့ကြီးများသည် သိသိသာသာ ကျယ်ပြန့်လာသည် ကို တွေ့မြင်ရပြီး ရာစုနှစ်အလယ်ပိုင်းတွင် ကမ္ဘာ့ မြို့ပြလူဦးရေသည် နှစ်ဆနီးပါးတိုးလာကာ ၃ ဒသမ ၅ မှ ၆ ဒသမ ၃ ဘီလီယံအထိ ရှိလာမည်ဖြစ်သည်။ ယင်းပမာဏမှာ လက်ရှိ တရုတ်၊ အိန္ဒိယနှင့် အမေရိ ကန် သုံးနိုင်ငံ၏ လူဦးရေနှင့် ညီမျှသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ မြို့များတိုးချဲ့ခြင်းသည် ၉၃ ရာခိုင်နှုန်း အထိရှိသည်။ ၈၀ ရာခိုင်နှုန်းကျော်သည် အာရှနှင့် အာဖရိကရှိမြို့များဖြစ်သည်။

ထိုမြို့အများစုသည် ရေနှင့်သန့်ရှင်းရေး အပါအဝင် အခြေခံဝန်ဆောင်မှုများမရရှိကြပေ။ တရားမဝင်ဆင်းရဲသားရပ်ကွက်များနှင့် မြူနီစီပယ် ဝန်ဆောင်မှုများ လက်လှမ်းမမီသောမြို့များကို အသစ်ရောက်ရှိလာသူများက သိမ်းပိုက်ထားသည်။ ဥပမာအားဖြင့် ဒါကာသည် ၁၉၇၅ ခုနှစ်က ထက် ခြောက်ဆတိုးလာခဲ့ပြီး ယခုအခါ လူဦးရေ ၁၇ သန်းနီးပါး နေထိုင်လျက်ရှိသော်လည်း ဤလူဦးရေ၏ အနည်းငယ်မျှအတွက်သာ ရေပေးဝေ မှုကွန်ရက်လွှမ်းခြုံမှုရှိကြောင်း World Bank မှ ဦးဆောင်ရေပေးဝေရေးနှင့် သန့်ရှင်းရေးဆိုင်ရာ ကျွမ်းကျင်သူ Pier Mantovani ၏အဆိုအရ သိရ သည်။ ရလဒ်အနေဖြင့် မြို့တော်၏ ဆင်းရဲသား ရပ်ကွက်များအပါအဝင် တရားဝင်ဝန်ဆောင်မှုများ မထမ်းဆောင်နိုင်သောနေရာများတွင် လူများသည် သံသယဖြစ်ဖွယ် အရည်အသွေးရှိသောရေများကို ရေစည်များဖြင့် ရောင်းချကြသူများထံမှ မတန်တဆ ဈေးပေး၍ ဝယ်ယူသုံးစွဲနေကြရသည်။

ယနေ့ခေတ်၏ နှစ်ထပ်ကွမ်းရေအကျပ်အတည်းသည် လူသားတို့၏ ကျန်းမာရေးနှင့် ရှင်သန် ရပ်တည်ရေးအတွက် ကြီးမားသောစိန်ခေါ်မှုများ ဖြစ်စေသည်။ သိသာထင်ရှားသောပြောင်းလဲမှုမရှိလျှင် ရေသည် လူ့အဖွဲ့အစည်းအတွက် ပြင်းထန်သော ကန့်သတ်ချက်ကို အမှန်တကယ်ဖြစ်စေနိုင်သည်။ ရေလုံခြုံရေးဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် Global Agenda Council ၏ ဒုဥက္ကဋ္ဌ Margaret Catley-Carlson က “သမားရိုးကျ ရေစီမံခန့်ခွဲမှုအလေ့အကျင့်များသည် နောက်ထပ် ဆယ်စုနှစ်နှစ်ခု ကြာ ဆက်လက်တည်ရှိနေပါက ကမ္ဘာ့နိုင်ငံအများ အပြားသည် စီးပွားရေးတိုးတက်မှု၊ လူမှုဘဝများနှင့် နိုင်ငံတော်လုံခြုံရေးတို့အတွက်ပါ ပြင်းထန်သည့် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်” ဟု ရေးသားခဲ့သည်။

သမားရိုးကျစီမံခန့်ခွဲမှု ဆိုသည်မှာလည်း စိတ်ဝင်စားဖွယ်ကောင်းသည်။ ရေရှားပါးမှုပိုမို ကြီးမားလာသော်လည်း များပြားလှသောရေပမာဏများသည် ထိရောက်မှုမရှိဘဲ ဖြုန်းတီးခြင်းခံနေရ သည်။ ဆည်မြောင်းသည် စိုက်ပျိုးရေးအတွက် ကြီးကြီးမားမား ထောက်ပံ့နိုင်မှုရှိသည်။ သုတေသန များအရ လယ်သမားများသည် ၎င်းတို့အသုံးပြုသည့် ရေအတွက်ကုန်ကျစရိတ်၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိကိုသာ ပေးဆောင်ရသည်။ အဆိုပါ ရက်ရောသော ထောက်ပံ့ကြေးများကို လျှော့ချခြင်း ဖြင့် ထိန်းသိမ်းမှုစရိတ်စကများအတွက် ပိုမိုထိရောက်မည်ဖြစ်သည်။

ဘေးကင်းသော သောက်သုံးရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးသင့်သော်လည်း နိုင်ငံများစွာတွင် ရေပေးဝေမှုအတွက် လုံလောက်သောရန်ပုံငွေ သို့မဟုတ် ပံ့ပိုးပေးမှုများမရှိဟု လေ့လာသူများက ပြောကြသည်။

တစ်ဖက်တွင်လည်းလူဦးရေတိုးနှုန်း နှေးကွေးပါက အကန့်အသတ်ရှိသော ရေထောက်ပံ့မှုအပေါ် ဖိအားများကို လျှော့ချနိုင်ပြီး အသက်ရှူချောင်နိုင်မည်ဖြစ်သည်။ ရေချို့တဲ့သောနိုင်ငံအများအပြားတွင် သားဆက်ခြားရန် ဖြည့်ဆည်းမပေးနိုင်သော လိုအပ်ချက်က မြင့်မားလျက်ရှိသည်။ ကိုယ်ဝန်ရရှိ ခြင်းကို တားဆီးရန် သို့မဟုတ် ရွှေ့ဆိုင်းလိုသော သန်းပေါင်းများစွာသော အမျိုးသမီးများရှိနေသော်လည်း အလှမ်းဝေးဆဲဖြစ်သည်။ သားဆက်ခြား အစီအစဉ်များတွင် ရင်းနှီးမြှုပ်နှံမှုများသည် အမျိုးသမီးများ၏ ကျန်းမာရေးနှင့် လူမှုသုခကို မြှင့်တင်ပေးနိုင်ပြီး လူဦးရေတိုးနှုန်း နှေးကွေးကာ ရေရှားပါးမှုဒဏ်ကိုလည်း လျှော့ချနိုင်သည်။

ပြောင်းလဲစေရန် ပံ့ပိုးကူညီမှုများ

ရေရှားပါးမှုကို ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများသည် နိုင်ငံနှင့်ဒေသများအတွင်းတွင် ရှုပ်ထွေးပြီးကျယ်ပြန့်စွာ ကွဲပြားနေသောကြောင့် UNICEFသည် ဘေးကင်းသောရေရရှိမှုနှင့် ရေရှားပါး မှု၏သက်ရောက်မှုများကို ဖြေရှင်းပေးနိုင်သည့် ဆက်စပ်နည်းပညာများကို မိတ်ဆက်ရန်အတွက် အဆင့်များစွာတွင် လုပ်ဆောင်လျက်ရှိသည်။

ခန့်မှန်းတွက်ချက်ခြင်း၊ ဘူမိရူပဆိုင်ရာ စစ်တမ်းကောက်ယူခြင်းနှင့် ကွင်းဆင်းစုံစမ်းစစ်ဆေးမှုများ အပါအဝင် နည်းပညာအမျိုးမျိုးကို အသုံးပြု၍ ရေအရင်းအမြစ် အသစ်များရရှိနိုင်မှုကို ဆောင်ရွက် လျက်ရှိသည်။ ရေယိုစိမ့်မှုနှင့်ညစ်ညမ်းမှုကို လျှော့ချရန်အတွက် မြို့ပြရေဖြန့်ဖြူးရေးကွန်ရက်များနှင့် သန့်စင်မှုစနစ်များကို ပြန်လည်ထူထောင်ကာ မြေအောက်ရေကို ကာကွယ်ရန်နှင့် စိုက်ပျိုးရေးအတွက် ရေဆိုးများကို ပြန်လည်အသုံးပြုစေခြင်းတို့ဖြင့် ရေအရင်းအမြစ်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးလျက်ရှိသည်။ ရေပြတ်လပ်သောမြို့များ၏ အန္တရာယ်ကိုလျှော့ချရန်အတွက် ရရှိနိုင် သောအရင်းအမြစ်များကို ဖော်ထုတ်ခြင်းဖြင့် မြို့ပြများ၏အနာဂတ် ရေလိုအပ်ချက်များအတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ နေရောင်ခြည် စွမ်းအင်သုံး ရေကွန်ရက်များမှတစ်ဆင့် ပိုမိုနက်ရှိုင်း သော မြေအောက်အရန်ရေများကို အသုံးပြုခြင်း အပါအဝင် ရာသီဥတုဒဏ်ခံနိုင်သော ရေအရင်း အမြစ်များအတွက် နည်းပညာများ ပံ့ပိုးပေးလျက်ရှိသည်။ အသေးစားထိန်းသိမ်းမှု တည်ဆောက်ပုံများမှတစ်ဆင့် ရေသိုလှောင်မှုကို မြှင့်တင်ပေးခြင်း၊ ရေအရည်အသွေး မြှင့်တင်ရန်အတွက် မြေအောက် အရန်ရေများအတွင်းသို့ ပြန်လည်ထည့်သွင်းခြင်းနှင့် မိုးရေသိုလှောင် စုဆောင်းခြင်းတို့အတွက်လည်း နည်းပညာများ ပံ့ပိုးပေးလျက်ရှိသည်။

ကျောင်းများရှိ သဘာဝပတ်ဝန်းကျင်အသင်းများကို ပံ့ပိုးပေးခြင်းဖြင့် ရေ၏တန်ဖိုးနှင့် ၎င်းတို့ ၏ကာကွယ်မှု၏အရေးပါပုံကို နားလည်သဘောပေါက်စေရန် ကျောင်းများ၊ လူမှုအသိုင်းအဝိုင်းများနှင့် လက်တွဲဆောင်ရွက်လျက်ရှိသည်။ 

အိမ်တွင်းအသုံးပြုမှုနှင့် ကျန်းမာရေးနှင့် သန့်ရှင်းရေးအတွက် ရေလိုအပ်ချက်များကို နားလည်ရန် အမျိုးသားအဆင့်နှင့် နိုင်ငံငယ်အဆင့်တွင် အဓိကသက်ဆိုင်သူများနှင့် လက်တွဲလုပ်ဆောင်ပြီး အမျိုးသားစီမံကိန်းများ၌ ထိုအချက်ကို ထည့်သွင်းစဉ်းစားမှုများ၏ ရလဒ်ကောင်းများရှိသည်ကို သိရှိစေရန် ထောက်ခံအားပေးသည်။ 

ရေလက်လှမ်းမီမှုအတွက် စံနှုန်းများကို မြှင့်တင်ရန်အတွက် WASH (Water, Sanitation & Hygene) လေ့ကျင့်သူများအတွက် နည်းပညာဆိုင်ရာ လမ်းညွှန်ချက်များ၊ လက်စွဲစာအုပ်များနှင့် အွန်လိုင်းလေ့ကျင့်ရေးအစီအစဉ်များကို ပံ့ပိုးပေးသည်။

ပြောင်းလဲမှုများကို အရှိန်အဟုန်မြှင့်ကြပါစို့

၂၀၂၃ ခုနှစ် ကမ္ဘာ့ရေနေ့သည် ရေနှင့်သန့်ရှင်းမှုဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းရန်အတွက် အပြောင်းအလဲများကို အရှိန်မြှင့်ခြင်းအကြောင်းဖြစ်သည်။ ရေသံသရာတစ်ခုလုံး ကမောက်ကမ ဖြစ်မှုသည် ကျန်းမာရေးမှသည် ငတ်မွတ်မှုအထိ၊ ကျားမတန်းတူညီမျှမှုမှသည် အလုပ်အကိုင်အထိ၊ ပညာရေးမှသည် စက်မှုလုပ်ငန်းအထိနှင့် သဘာဝဘေးအန္တရာယ်မှသည် ငြိမ်းချမ်းရေးအထိ တိုးတက် မှုများကို ပျက်ပြားစေနိုင်သည်။ ၂၀၁၅ ခုနှစ်တွင် ကမ္ဘာသည် ၂၀၃၀ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း အဖြစ် Sustainable Development Goal -SDG 6 ဖြစ်သော ၂၀၃၀ ပြည့်နှစ်တွင် လူတိုင်းရေနှင့် သန့်ရှင်းရေးကို ဘေးကင်းစွာ စီမံခန့်ခွဲနိုင်မည်ဟု ကတိပြုခဲ့သည်။ 

လူသန်းပေါင်းများစွာနှင့် မရေမတွက်နိုင်သော ကျောင်းများ၊ စီးပွားရေးလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုဌာနများ၊ လယ်ယာများနှင့် စက်ရုံအလုပ်ရုံများသည် ရေနှင့်သန့်ရှင်းမှုဆိုင်ရာ လူ့အခွင့်အရေးများပြည့်စုံရန် လိုအပ်နေသေးသောကြောင့် ရပ်ဆိုင်းထားရသည်။ ထို့ကြောင့် သမားရိုးကျအခြေအနေများကို ကျော်လွှားနိုင်မည့် အပြောင်းအလဲများကို အရှိန်မြှင့်ရန် အရေးတကြီး လိုအပ်နေပါသည်။ နောက်ဆုံးထွက်ပေါ်လာသည့် အချက်အလက်များက အစိုးရများသည် SDG 6 ကို အချိန်မီ အကောင်အထည်ဖော်နိုင်ရန် လေးဆခန့် ပိုမိုမြန်ဆန်စွာ လုပ်ဆောင်ရမည်ဟု ဖော်ပြထားသည်။ ၎င်းသည် လွယ်လင့်တကူဖြေရှင်းနိုင်သည့် အရာမဟုတ်သော်လည်း ယခုအချိန်တွင်မူ လမ်းကြောင်းမှန်ပေါ်သို့ရောက်နေပြီဟု ဆိုနိုင်သည်။

ရေသည် လူတိုင်းအပေါ် သက်ရောက်မှုရှိသောကြောင့် ကျွန်ုပ်တို့အားလုံး အရေးတယူဆောင်ရွက် ကြရန်လိုအပ်ပါသည်။ ထို့ကြောင့် ရေဆိုင်ရာလိုအပ်ချက်များ ဖြည့်ဆည်းရန် အရှိန်အဟုန်မြှင့်ပြောင်းလဲ ဆောင်ရွက်မှုများ ပြုလုပ်ကြရမည်ဖြစ်ကြောင်း အလေးအနက်ဖော်ပြရင်း ၂၀၂၃ ခုနှစ် ကမ္ဘာ့ရေနေ့ကို ဤဆောင်းပါးဖြင့် ဂုဏ်ပြုအပ်ပါသည်။     ။