(၇၈)နှစ်မြောက် ‌တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နောင်ဆိုင်ကျေးရွာ၌ ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်

ဆီဆိုင် မတ် ၁၉

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နားသံကျေးရွာအုပ်စု၊‌ နောင်ဆိုင်ကျေးရွာ၌ ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

ဦးစွာ ဆီဆိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး‌အောင်ဆန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထျာရယ်က နောင်ဆိုင်ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားကာ ကျေးရွာရှိ ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဦးစီးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ကျေးရွာတွင်းကွန်ကရစ်လမ်း မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းအား ဖြတ်သန်းကြည့်ရှု စစ်ဆေးကြကာ မြို့နယ်ဦးစီးမှူးက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များထံသို့ လုပ်ငန်းလွှဲပြောင်း မှတ်တမ်းလွှာပေးအပ်ခဲ့ကြသည်။

 

အဆိုပါကွန်ကရစ်လမ်းသည် အရှည် ၆၀၀ ပေ၊ အကျယ် ၁၀ ပေ၊ ထု ၇ လက်မရှိပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းပံ့ပိုးရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေများ အသုံးပြုကာ ဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ/သားများကိုယ်တိုင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ပထမအပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း ဆီဆိုင်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထျာရယ်ထံမှ သိရသည်။

 

မောင်ခိုင်