မြန်မာနိုင်ငံနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု

ထက်ထက်အောင်

ကမ္ဘာ့နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍ 

လွန်ခဲ့သောဆယ်စုနှစ်များအတွင်း ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲများသည် ကမ္ဘာ့အင်အားကြီး နိုင်ငံများအကြား နည်းပညာယှဉ်ပြိုင်မှုများ၊ စစ်လက်နက်အင်အားဖြည့်တင်းမှုများနှင့် ကမ္ဘာ့စီးပွားရေးဈေးကွက် နယ်ပယ်ချဲ့ထွင်မှုများနှင့်အတူ ဖြစ်ပေါ်လာခဲ့ပြီး ကမ္ဘာ့နိုင်ငံများအနေဖြင့် မမျှော်မှန်း နိုင်သော အပြောင်းအလဲများနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် မိတ်ဖက်နိုင်ငံများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးလမ်းစဉ်အား အစဉ်တစိုက် ဦးတည်ဆောင်ရွက်လာခဲ့ကြသည်ကို တွေ့ရှိရသည်။ နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် စိန်ခေါ်မှုများ ဖြေရှင်းရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်း အဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ကောင်းမွန်ခိုင်မြဲသော ဆက်ဆံရေးကို တည်ဆောက်ရသည်ဖြစ်ရာ နိုင်ငံများအကြား ဆက်သွယ် ဆောင်ရွက်မှုသည် ကမ္ဘာ့သမိုင်းမှတ်တမ်း တစ်လျှောက်တွင် အရေးပါသော အခန်းကဏ္ဍ တစ်ရပ်အဖြစ် အစဉ်အမြဲ ပါဝင်လျက်ရှိသည်ကို တွေ့မြင်နိုင်သည်။

ကမ္ဘာ့နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာ ဥပဒေများ (International Laws)၊ ပဋိညာဉ်စာချုပ်များ (Charters)၊ သဘောတူစာချုပ်များ (Treaties) နှင့် နားလည်မှုစာချွန်လွှာများ (Memorandum of Understanding) တွင် ပါဝင်သော ပြဋ္ဌာန်းချက်များ၊ ဖော်ပြချက်များနှင့်အညီ ဆောင်ရွက်လေ့ရှိကြသည်။ ယေဘုယျအားဖြင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု (Bilateralism) နှင့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှု (Multilateralism) ဟူ၍ ပူးပေါင်း ဆောင်ရွက်မှုနည်းလမ်း နှစ်မျိုးရှိပြီး သီးခြားဆွေးနွေးမှုများနှင့် နှစ်နိုင်ငံအကျိုးစီးပွားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် Bilateralism နည်းလမ်းဖြင့်လည်းကောင်း၊ သုံးနိုင်ငံနှင့်အထက် နိုင်ငံများအကြား ဆွေးနွေးမှုများနှင့် အကျိုးတူ ပူးပေါင်းမှုများတွင် Multilateralism နည်းလမ်းဖြင့် လည်းကောင်း ဆောင်ရွက်လျက်ရှိကြသည်။ 

ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ယန္တရားများ၏ အခန်းကဏ္ဍ 

ကမ္ဘာ့နိုင်ငံများအကြား ဆက်သွယ်ချိတ်ဆက် ပူးပေါင်းမှုများ ဆောင်ရွက်ရာတွင် နိုင်ငံများ၏ တည်နေရာနှင့် ရေနှင့်ကုန်းမြေနယ်နိမိတ်ထိစပ်မှု တို့သည်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ပထဝီရေမြေဒေသ ဆက်စပ်တည်ရှိ နေသော ဒေသတွင်းနိုင်ငံများသည် ပိုမိုနီးစပ်သော လူနေမှုဘဝနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ကိုးကွယ်ယုံကြည်မှုများ၊ သဘာဝပတ်ဝန်းကျင် အရင်းအမြစ်နှင့် ဂေဟစနစ်များကို မျှဝေဖြစ်တည် သုံးစွဲလျက်ရှိကြသည်ဖြစ်ရာ ပိုမိုရင်းနှီးသော အိမ်နီးချင်းနိုင်ငံဆက်ဆံရေး ထူထောင်ခြင်းဖြင့် ကောင်းမွန်သည့်ဆက်နွှယ်မှုကို တည်ဆောက်ရန် ကြိုးပမ်းလျက်ရှိကြသည်။ ထိုကဲ့သို့ ဒေသတွင်း နိုင်ငံများအကြား ရှိနှင့်ပြီးဖြစ်သည့် ရင်းနှီးသော ဆက်ဆံရေးအပေါ်တွင် အခြေပြု၍ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ယန္တရားများ တည်ထောင်ကာ ဒေသတွင်းပေါင်းစည်းမှုစွမ်းအားဖြင့် ကြုံတွေ့လာနိုင်သော ဖွံ့ဖြိုးတိုးတက်မှု၊ ကျန်းမာရေး၊ လုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ မမျှော်မှန်းနိုင်သော စိန်ခေါ်မှုများနှင့် အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းရန် ကြိုးပမ်းလျက်ရှိကြသည်။ 

ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အားကောင်းခြင်းအားဖြင့် ဒေသတွင်းနိုင်ငံများအကြား ငြိမ်းချမ်း စွာ အတူယှဉ်တွဲနေထိုင်ခြင်း၊ အပြန်အလှန်နားလည်မှု၊ လေးစားယုံကြည်မှုများ တိုးပွားလာစေခြင်း၊ အဖွဲ့ဝင်နိုင်ငံများအကြား အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုမြင့်မား လာစေခြင်း၊ အဖွဲ့ဝင်နိုင်ငံများ၏ အစိုးရအဖွဲ့အစည်းများနှင့် ပြည်သူများအကြား ချိတ်ဆက်ဆောင်ရွက်မှုများ ပိုမိုတိုးမြင့်လာသဖြင့် ရင်းနှီးဆက်နွှယ်မှုများ ပိုမိုတိုးပွားလာစေခြင်း၊ နည်းပညာ၊ ဗဟုသုတနှင့် အကျိုးစီးပွားများ ပိုမိုမျှဝေနိုင်ခြင်း စသော အကျိုးကျေးဇူးများရရှိအောင် ပုံဖော်လာနိုင်ကြသည်ကို တွေ့ရှိရသည်။ 

မြန်မာနိုင်ငံ၏ ဒေသတွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများအနက် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (Mekong-Lancang Co- operation-MLC) သည် သိသာထင်ရှားသော ရလဒ်များဖြင့် အရှိန်အဟုန်မြှင့် လက်တွေ့ကျကျ လည်ပတ် နေသည်ကို မျက်ဝါးထင်ထင် တွေ့ရှိရမည်ဖြစ်သည်။ 

မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့တွင် မဲခေါင်မြစ်ဟု ခေါ်တွင်ပြီး တရုတ်နိုင်ငံ၌ လန်ချန်းမြစ်ဟု ခေါ်တွင်သည့် မဲခေါင်- လန်ချန်းမြစ်သည် မိုင်ပေါင်း ၂၇၀၀ ကျော် ရှည်လျားပြီး ကမ္ဘာ့ ၁၂ ခုမြောက် အရှည်ဆုံးမြစ် ဖြစ်သည်နှင့်အညီ ရှည်လျားသောသမိုင်းကြောင်း ဖြစ်တည်မှုနှင့် ယင်းဖြတ်သန်းစီးဆင်းရာ မြစ်ကြောင်း တစ်လျှောက်ရှိ နိုင်ငံအသီးသီးနှင့် ဒေသအသီးသီး တွင် မှီတင်းနေထိုင်သူများ၏ လူမှုစီးပွားဘဝများကို များစွာ အထောက်အကူပြုလျက်ရှိသည်။ 

မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၇) ကြိမ် မြောက် အာဆီယံ- တရုတ် ထိပ်သီးအစည်းအဝေးတွင် ထိုင်းနိုင်ငံက မဲခေါင်ဒေသတွင်းနိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်ကို လျှော့ချရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်လိုကြောင်း ကနဦးဆွေးနွေးမှုအပေါ် တရုတ်နိုင်ငံက ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်သည့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တစ်ရပ် ထူထောင်ရန် အဆိုပြုခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ 

မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ ပထမအကြိမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် တရုတ်နိုင်ငံ ကျင်းဟုန်မြို့၌ ကျင်းပခဲ့ပြီး မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ကို နိုင်ငံရေးနှင့် လုံခြုံရေးမဏ္ဍိုင် (Political and Security)၊ စီးပွားရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး မဏ္ဍိုင် (Economic and Sustainable Develo-pment) နှင့် လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူ အချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံရေးမဏ္ဍိုင် (Social, Cultural and People-to-People Exchanges) စသည့် မဏ္ဍိုင်သုံးရပ်ဖြင့် ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။ 

ပထမအကြိမ် မဲခေါင်- လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေး ကို ၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် တရုတ်နိုင်ငံ ဆန်းယမြို့၌ ကျင်းပခဲ့ပြီး ဆန်းယကြေညာစာတမ်း (Sanya Declaration) ကို ထုတ်ပြန်ကြေညာကာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို တရားဝင်စတင်ခဲ့သည်။ ဆန်းယကြေညာစာတမ်းအရ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများသည် ပေါင်းစည်းဆက်နွှယ်မှု (Connectivity)၊ ထုတ်လုပ်မှု စွမ်းရည်တိုးမြှင့်ရေး ပူးပေါင်းဆောင်ရွက်မှု (Production Capacity Cooperation)၊ နယ်စပ်ဖြတ်ကျော် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Cross-border Economic Cooperation)၊ ရေအရင်းအမြစ်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု (Water Resources) နှင့် စိုက်ပျိုးရေး နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု (Agricultural and Poverty Reduction) ဟူသည့် ဦးစားပေးနယ်ပယ် ငါးရပ်တွင် အဓိကထား ပူးပေါင်းဆောင်ရွက်လိုကြသည်။ ထို့ကြောင့် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု မဏ္ဍိုင်သုံးရပ်နှင့် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ ငါးခုတို့ကို ပေါင်းစပ်ကာ 3+5 မူဘောင် (3+5 Frame-work) ဟု သတ်မှတ်ခေါ်ဆိုခဲ့သည်။ 

၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ကျင်းပခဲ့သည့် ဒုတိယအကြိမ် နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ငါးနှစ်တာ လုပ်ငန်းအစီအစဉ် ၂၀၁၈-၂၀၂၂ (MLC Five-Year Plan of Action 2018-2022) ကို အတည်ပြုထုတ်ပြန် ခဲ့သည်။ အဆိုပါ လုပ်ငန်းအစီအစဉ်အရ ကျန်းမာရေး၊ ပညာရေး၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှု၊ အကောက်ခွန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တော၊ ဘဏ္ဍာရေး၊ လျှပ်စစ်နှင့်စွမ်းအင်နှင့် သတင်းမီဒီယာ စသည့် ဦးစားပေးနယ်ပယ် ၁၀ ခုကို ယခင် 3+5 မူဘောင်တွင် ထပ်မံထည့်သွင်းခဲ့ပြီးနောက် 3+5+X မူဘောင် (3+5+X Framework) အဖြစ် ပူးပေါင်း ဆောင်ရွက်မှုကို တိုးချဲ့ခဲ့သည်။ 

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ဆန်းယကြေညာစာတမ်းပါ အခြေခံမူ (၇) ချက် ဖြစ်သည့် တူညီဆန္ဒ (Consensus)၊ ညီတူညီမျှရှိမှု (Equality)၊ အပြန်အလှန် အကြံပြုဆွေးနွေးမှုနှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်မှု (Mutual Consul-tation and Coordination)၊ မိမိဆန္ဒအလျောက် ပါဝင်မှု (Voluntarism)၊ အားလုံးမှ ပါဝင်ပူးပေါင်း ထည့်ဝင်ဆောင်ရွက်မှု (Common Contribution)၊ အကျိုးအမြတ်မျှဝေခံစားမှု (Shared Benefits) နှင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာဥပဒေ များကို လေးစားမှု (Respects for UN Charter and International Laws) တို့အပေါ် အခြေခံ၍ 3+5+X မူဘောင်နှင့်အညီ လုပ်ငန်းအစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး သိသာ ထင်ရှားသော ပူးပေါင်းဆောင်ရွက်မှု အကျိုးရလဒ်များကို ဖော်ဆောင်လျက်ရှိသည်။ 

မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေနှင့် စီမံကိန်းများ
မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုယန္တရား အောင်မြင်စွာ လည်ပတ်နိုင်ရေးအတွက် တရုတ်နိုင်ငံ က ရန်ပုံငွေအမျိုးအစား လေးမျိုးဖြစ်သည့် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (MLC Special Fund) ကို အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဖြင့်လည်းကောင်း၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်လုပ်မှုစွမ်းရည် မြှင့်တင်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် အတိုးနှုန်းသက်သာသောချေးငွေ (Concessional Loan) ကို ယွမ် ၁၀ ဘီလီယံဖြင့်လည်းကောင်း၊ အခြားချေးငွေ (Credit Line) ကို အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံဖြင့်လည်းကောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေ (South-South Cooperation Fund) ကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဖြင့်လည်းကောင်း အသီးသီး မတည်ထူထောင်ပေးထားသည်။ 

မြန်မာနိုင်ငံအနေဖြင့် အထူးရန်ပုံငွေ တစ်မျိုး တည်းတွင်သာ မဲခေါင်- လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် အဆိုပြုလျက်ရှိပြီး တရုတ်နိုင်ငံဘက်က ၂၀၁၇ ခုနှစ်မှစ၍ ၂၀၂၂ ခုနှစ်အထိ အထူးရန်ပုံငွေစီမံကိန်း စုစုပေါင်း ၉၂ ခုကို ပေးအပ်ခဲ့ပြီးဖြစ်သည်။

မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အကျိုးရလဒ်များ

မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် စီမံကိန်းအခြေပြု ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် တစ်ခုဖြစ်ပြီး ဒေသတွင်း မှီတင်းနေထိုင်သော ပြည်သူများအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် လက်တွေ့အကျိုးကျေးဇူးရရှိရေးတို့ကို ဦးတည်ကာ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ သိသာထင်ရှားသော ပူးပေါင်း ဆောင်ရွက်မှု ရလဒ်များရရှိခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများရှိ ပြည်သူများနှင့် နိုင်ငံတကာအသိုက်အဝန်း၏ အသိအမှတ်ပြုမှုများကိုရရှိခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် မဲခေါင်- လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ ရေအရင်းအမြစ်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ သစ်တော၊ နယ်စပ်ကုန်သွယ်ရေး၊ ခရီးသွားလာရေး၊ ဘဏ္ဍာရေးနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေး ကဏ္ဍစသည့် ကျယ်ပြန့်လှသည့် နယ်ပယ်ပေါင်းစုံ တွင် စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဆောင်ရွက်ပြီးစီးခဲ့သော စီမံကိန်းများမှလည်း သိသာထင်ရှားသော အကျိုးရလဒ်များ ရရှိလျက်ရှိသည်။

ထိုကဲ့သို့ ဒေသတွင်းငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်သူများ၏ လူမှုဘဝ သာယာလှပရေး၊ အဖွဲ့ဝင်နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်များကို လျှော့ချရေးနှင့် အလုံးစုံပါဝင်သော စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးတို့ကို ဦးတည်ဆောင်ရွက်ခဲ့သော မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ယခုအခါ ခုနစ်နှစ်တာ ကာလ ပြည့်မြောက်တော့မည် ဖြစ်သည်။ 

မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုတွင် တရုတ်နိုင်ငံက အမြဲတမ်းဥက္ကဋ္ဌအဖြစ် ဆောင်ရွက် ပြီး ကျန်အဖွဲ့ဝင်နိုင်ငံများက အက္ခရာစဉ်အလိုက် ပူးတွဲဥက္ကဋ္ဌတာဝန်ကို နှစ်နှစ်လျှင်တစ်ကြိမ် လွှဲပြောင်းလက်ခံဆောင်ရွက်ကြသည်။ မြန်မာနိုင်ငံသည် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ၂၄ ရက်နေ့ တွင်ကျင်းပခဲ့သော တတိယအကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေး၌ ၂၀၂၁-၂၀၂၂ ခုနှစ် နှစ်နှစ် တာကာလအတွက် ပူးတွဲဥက္ကဋ္ဌတာဝန်ကို လာအိုနိုင်ငံထံမှ လွှဲပြောင်းလက်ခံရယူခဲ့သည်။ 

မြန်မာနိုင်ငံအနေဖြင့် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးတွဲဥက္ကဋ္ဌတာဝန် ထမ်းဆောင်စဉ် ကာလအတွင်း (၆) ကြိမ်မြောက် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ၂၀၂၁ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် တရုတ်နိုင်ငံ ချုံချင့်မြို့၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ထိုအစည်းအဝေးတွင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ကြပြီး ပူးတွဲ ထုတ်ပြန်ချက် သုံးခုဖြစ်သည့် ဒေသဆိုင်ရာ အစိုးရ/ အုပ်ချုပ်ရေးအဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍ၊ ဒေသတွင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍနှင့် တိုင်းရင်းဆေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို ထုတ်ပြန်နိုင်ခဲ့သည်။ 

ထို့ပြင် (၇) ကြိမ်မြောက် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ တွင် ပုဂံမြို့၌ အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့သည်။ ထိုအစည်းအဝေးတွင် တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ကြပြီး (၇) ကြိမ်မြောက် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပူးတွဲကြေညာချက်နှင့်အတူ အကောက်ခွန်၊ စိုက်ပျိုးရေး၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနှင့် လူ့အဖွဲ့အစည်းများအကြား အပြန်အလှန်သင်ယူမှုနှင့် အမြင်ချင်းဖလှယ်မှုတိုးမြှင့်ရေး စသည့်သီးခြား ထုတ်ပြန်ချက်လေးခုကိုလည်း အတည်ပြုထုတ်ပြန်နိုင်ခဲ့သည်။ 

လာမည့် (၄) ကြိမ်မြောက် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးကိုလည်း ပူးတွဲဥက္ကဋ္ဌဖြစ်သည့် မြန်မာ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားရန်ရှိပြီး အဆိုပါအစည်းအဝေးတွင် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အလှည့်ကျပူးတွဲဥက္ကဋ္ဌ တာဝန်ကို ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်သွားမည် ဖြစ်သည်။ 

မြန်မာနိုင်ငံသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ တက်ကြွသော အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ်လည်းကောင်း၊ လက်ရှိပူးတွဲဥက္ကဋ္ဌအနေဖြင့်လည်းကောင်း မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်တွင် အဖွဲ့ဝင်နိုင်ငံများနှင့် အပြန်အလှန်နားလည်မှု၊ လေးစားမှုနှင့် မဲခေါင်- လန်ချန်း မိသားစုစိတ်ဓာတ်ကို အခြေခံကာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများအကြား ပြည်သူအချင်းချင်း အပြန်အလှန်ဆက်ဆံမှုမြှင့်တင်ရေး၊ လူငယ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ အဖွဲ့ဝင်နိုင်ငံများ၏ မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အတွင်းရေးမှူးရုံး/ ပူးပေါင်းညှိနှိုင်းရေး ရုံးများအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။ 

မြန်မာနိုင်ငံအနေဖြင့် အနာဂတ်ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းစဉ်များတွင် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု ဦးစားပေးမူဝါဒတစ်ရပ်အနေဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး မဲခေါင်ဒေသတွင်း နိုင်ငံများ၏ ပေါင်းစည်းဆက်နွှယ်မှု ပြယုဂ်တစ်ခုအဖြစ် နိုင်ငံတကာမျက်နှာစာတွင် ခိုင်မာစွာရပ်တည်နိုင်ရန် စုပေါင်းအင်အားဖြင့် ကြိုးပမ်းသွားမည်ဖြစ် ကြောင်းတင်ပြရင်း မတ်လ ၂၃ ရက်နေ့တွင် ကျရောက်မည့် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (၇) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုအပ်ပါသည်။ ။