မြန်မာ့ကျောက်စိမ်းဈေးကွက် ဈေးနှုန်းပုံမှန်သာ အရောင်းအဝယ်ဖြစ်

နေပြည်တော်      မတ်      ၂၂

 

နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပလျက်ရှိသည့် (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တင်ပြရောင်းချထားသော ကျောက်စိမ်းအတွဲများကို မတ် ၂၂ ရက်က ရောင်းချ‌ခဲ့ရာ ကျောက်မျက်အရည်အသွေးအလိုက် ပုံမှန်ဈေးနှုန်းသာ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း ကျောက်မျက်လုပ်ငန်း လုပ်ကိုင်နေကြသူများထံမှ သိရသည်။

 

“ကျနော်တို့ ကုမ္ပဏီက ဒီပြပွဲမှာ အတွဲ ၁၉ တွဲ တင်ပြရောင်းချထားပါတယ်၊ ၁၆ တွဲ ရောင်းရပါတယ်၊ ထင်သလောက် ဈေးနှုန်းကတော့ မရပါဘူး၊ ပြည်ပကုန်သည် အဝင်နည်းလို့ ပြည်တွင်းကုန်သည်တွေ အတွက် အကျိုးဖြစ်လိမ့်မယ်ထင်တယ်၊ ကျောက်ကုန်ကြမ်း ရှားလာတဲ့အတွက်  ပြည်တွင်းကုန်သည်တွေ အဝယ်များတယ်”ဟု စံတော်ဝင်ကျောက်မျက်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

 

“ကျောက်အတွဲတွေကို တင်ဒါဆွဲဝယ်ယူတဲ့အခါ တစ်ဦးတည်းမတတ်နိုင်လို့ ကျောက်လိုင်းတူရာ အုပ်စုဖွဲ့ပြီး စုပေါင်းကြည့်၊ စုပေါင်းဝယ်ကြတာ၊ လိုချင်တဲ့ ကျောက်တွဲတွေ ရတာလည်းရှိတယ်၊ မရ တာလည်းရှိတယ်၊ ပြပွဲမှာ ဝယ်ယူရတာက ကျောက်စိမ်းမှော်တွေထဲ သွားဝယ်ယူရတာထက် ‌ပိုကောင်းတယ်၊  ကုန်ကျစားရိတ် နည်းတယ်၊  လုံခြုံရေး ကောင်းတယ်၊ တရားဝင် လုပ်ကိုင်ရတာဖြစ်လို့ စိတ်ချမ်းသာစွာ လုပ်ကိုင်နိုင်တယ်”ဟု မန္တလေးမြို့မှ တစ်နိုင်တစ်ပိုင် ကျောက်မျက်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောပြသည်။

 

ခွန်(ဝင်းပ)