ပါကစ္စတန်နိုင်ငံ၌ ပြင်းအား ၆ ဒသမ ၅ အဆင့် ငလျင်လှုပ်မှုကြောင့် ကိုးဦးသေဆုံး၊ ၄၇ ဦး ဒဏ်ရာရ

မတ် ၂၂

ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်းတွင် ယမန်နေ့ညနေပိုင်းက ပြင်းအား ၆ ဒသမ ၅ အဆင့်ငလျင်လှုပ်မှုကြောင့် ကိုးဦးထက်မနည်းသေဆုံးပြီး အခြား ၄၇ ဦးဒဏ်ရာရရှိခဲ့သည်ဟု ယနေ့တွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။

နိုင်ငံအနောက်မြောက်ပိုင်း ခီဘာပါ့ထန်ခ်ဟွာပြည်နယ်၏ ပြည်နယ်သဘာဝဘေးစီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့က  ထိုငလျင်လှုပ်မှုကြောင့် ကလေးနှစ်ဦး၊ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသား ငါးဦး သေဆုံးကြောင်း ပြောကြားသည်။

ထိုပြည်နယ်ရှိဆေးရုံများတွင် ထိုငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိသဖြင့် ူ ကလေးခုနစ်ဦး၊ အမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး ၂၁ ဦးထက်မနည်း ဆေးကုသမှုခံယူလျက်ရှိသည်ဟု သိရသည်။

အမေရိကန်ဘူမိဗေဒဆန်းစစ်ချက်အရ ထိုငလျင်သည် မြောက်လတ္တီကျု့ ၃၆ ဒသမ ၅၂၂၇ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု့ ၇၀ ဒသမ ၉၇၈၇၊ ငလျင်ဗဟိုချက် အနက် ၁၈၇ ဒသမ ၅၈၉ ကီလိုမီတာဖြင့် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုငလျင်ကြောင့် အမိုးနှင့်နံရံများပြိုကျမှုအပါအဝင် နေအိမ်အလုံးပေါင်း ၂၁ လုံးလည်းပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံအနောက်မြောက်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင်လည်း ယင်းငလျင်ကြောင့် မြေပြိုမှုများဖြစ်ပွားကာ လမ်းပိတ်ဆို့မှုများဖြစ်ပေါ်စေခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို