(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တွေ - ပလ္လင်ပြင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်

စစ်တွေ       မတ်       ၂၂

 

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တွေ - ပလ္လင်ပြင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို မတ် ၂၂ ရက် နံနက်ပိုင်းက အဆိုပါလမ်းမုခ်ဦးရှေ့၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ စစ်တွေ တပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံများ တက်ရောက်ကြသည်။

 

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က “စစ်တွေ-ပလ္လင်ပြင်လမ်းကို (စစ်တွေမြို့ မီးစက်ကြီးလမ်းဆုံမှ သဲချောင်း တံတားအထိ) ၂ မိုင် ၄ ဖာလုံအား ၁၈ ပေအကျယ် ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည့်အပြင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာလည်း ပြည်နယ်ရန်ပုံငွေဖြင့် (၁ မိုင် ၁ ဖာလုံ)အား (၁၈ ပေ) အကျယ် ကွန်ကရစ်လမ်းအဖြစ် ဆက်လက်ဆောင်ရွက်ပေးသွားရန် လျာထားပြီးဖြစ်ကြောင်း၊ စစ်တွေ - ပလ္လင်ပြင်လမ်းတွင် ဆောင်ရွက်ရန်ကျန်ရှိသည့် လမ်းပိုင်းများကိုလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရာသီမရွေးသွားလာနိုင်သည့် ကွန်ကရစ်လမ်းအဖြစ် နှစ်စဉ် ဆက်လက်လျာထား အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း”ပြောကြားသည်။ ဆက်လက်၍ လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့(၅)၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးထွန်းလင်းမော်က စစ်တွေ - ပလ္လင်ပြင်လမ်း ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ထို့နောက် စစ်တွေ - ပလ္လင်ပြင်လမ်း ကွန်ကရစ်လမ်းသစ်ကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကာ ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုစစ်ဆေးသည်။ အဆိုပါ စစ်တွေ - ပလ္လင်ပြင်လမ်း ကွန်ကရစ်လမ်းသစ်ကို ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေ ကျပ် ၁၁၅၀ ဒသမ ၇၀၄ သန်းနှင့် ပြည်ထောင်စုရန်ပုံငွေကျပ် ၂၀၃ ဒသမ ၅၀၀ သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာ ကိုးရွာမှ ပြည်သူ ၂၃၃၉၇ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးလုပ်ငန်းများကို အကျိုးပြုနိုင်မည် ဖြစ်ကြောင်းသိရသည်။

 

တင်ထွန်း(ပြန်/ဆက်)