အာဖဂန်နစ္စတန်နိုင်ငံ၌ ပြင်းအား ၆ ဒသမ ၅ အဆင့်ငလျင်လှုပ်မှုကြောင့် သုံးဦးထက်မနည်းသေဆုံး

မတ် ၂၂

အာဖဂန်နစ္စတန်နိုင်ငံတွင် ယမန်နေ့ညက အင်အားပြင်းငလျင်လှုပ်ခတ်သဖြင့် သုံးဦးထက်မနည်းသေဆုံးပြီး အခြား ၄၄ ဦး ဒဏ်ရာရရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ပြောရေးဆိုခွင့်ရှိသူ ရှာရာဖတ်ဇာမန်အာမာက ယနေ့တွင် ပြောကြားသည်။

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်နှင့်ပြည်နယ်အများအပြားတွင် ယမန်နေ့ည ၉ နာရီ ၁၇ မိနစ်က  ပြင်းအား ၆ ဒသမ ၅ ပမာဏရှိငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအာဏာပိုင်များက တွစ်တာတွင် ရေးသားဖော်ပြထားသည်။

အဆိုပါငလျင်သည် ဘာဒတ်ရှန်ပြည်နယ်မြောက်ပိုင်းတွင် ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဘာဒတ်ရှန်ပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအာဏာပိုင်အဖွဲ့အကြီးအကဲ မိုဟာမက်အာခ်ဘာအာကရာမီက ထိုငလျင်လှုပ်မှုကြောင့် နေအိမ်ခုနစ်လုံး ပျက်စီးသွားသည်ဟု သတင်းထောက်များကိုပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို