ငါးသယံဇာတ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

နေပြည်တော်      မတ်      ၂၂

 

ငါးသယံဇာတ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေးကို မတ် ၂၂ ရက် နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ မြိတ်အများပိုင်ကုမ္ပဏီ အစည်းဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ ဦးလှသန်းနှင့် ပုဂ္ဂလိကငါးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 

လုပ်ငန်းညှိနှိုင်းစည်းဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက “အမျိုးသားအဆင့် ငါးပုစွန် မွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာ သုတေသနစနစ် တည်ထောင်ပြီး သုတေသနလုပ်ငန်းများ နိုင်ငံတကာ အဆင့်မီ ဆောင်ရွက်နိုင်ရေးအတွက် ဌာနနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ငါးပုစွန်မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ ပြောင်းလဲတိုးတက်လာရေးအတွက် မျိုးရင်းမျိုးစစ်များ ထိန်းသိမ်းခြင်း နှင့် စီမံခန့်ခွဲခြင်း၊ မျိုးထိန်းမျိုးပွားခြင်း၊ မျိုးကောင်းမျိုးသန့် ထုတ်လုပ်ခြင်း၊ အစာအာဟာရ ဖွံ့ဖြိုးရေး စီမံခန့်ခွဲခြင်း၊ ရောဂါကြိုတင်ကာကွယ်ခြင်း၊ ကုသခြင်းဆိုင်ရာ လက်တွေ့ အသုံးချနိုင်သည့် နည်းပညာရပ်နှင့် တီထွင်ဆန်းသစ်မှုများရရှိရန် သုတေသနကဏ္ဍသည် များစွာအရေးပါကြောင်း၊ ငါးလုပ်ငန်းသုတေသနအတွက် အလားအလာကောင်းရှိသည့် ဒေသများကို ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တစ်ပိုင်တစ်နိုင် ငါးပုစွန် မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် လုပ်ကွက်ငယ် မွေးမြူသူများနှင့် လုပ်ငန်းရှင်ကြီးများ၏ ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးပါကြောင်း၊ ငါးပုစွန် မွေးမြူရေးနှင့် ရေထွက်ကုန်ပစ္စည်းများကို တန်ဖိုးမြင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်တင်ပို့နိုင်ရေးနှင့် စျေးကွက်ဆိုင်ရာ သုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေး ကြိုးပမ်းကြရန်လိုကြောင်း” ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက တနင်္သာရီတိုင်းဒေသကြီးအတွင်း ငါးသုတေသနလုပ်ငန်း ဆောင်ရွက်နေမှု၊ တနင်္သာရီတိုင်းဒေသကြီးရှိ လုပ်ငန်းရှင်များက ပြည်ပတင်ပို့သည့် ရေထွက်ပစ္စည်းတင်ပို့မှု တန်ဖိုး၏ ၀ ဒသမ ၅ ရာခိုင်နှုန်းကို ငါးလုပ်ငန်းဆိုင်ရာ သုတေသနရန်ပုံငွေအဖြစ် ထည့်ဝင်ဆောင်ရွက်နေမှု၊ ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် ငါးလုပ်ငန်း သုတေသန ဆောင်ရွက်ချက် များကို အထောက်အကူပြုရန်နှင့် ပူးပေါင်းဆောင်ရွက်ရေး စင်္ကြံတည်ထောင်ရန် စီစဉ် ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြသည်။ ထို့နောက် တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များက ငါးပါးနီငါးမျိုးများ မျိုးဥနှင့် မျိုးရည်များ ရင့်ကျက်လာစေရန် မတူညီသော အစာ၊ ဆေးဝါးများဖြင့် စမ်းသပ်သုတေသနပြုနေမှု၊ မြိတ်မြို့ဝန်းကျင်ရှိ ခရုကမာ ထုတ်လုပ်မှုများကို လေ့လာခြင်းနှင့် သားဖောက်မွေးမြူခြင်း သုတေသနပြု လေ့လာထားရှိမှု၊ မြိတ်မြို့နယ် ကလွင်ကျေးရွာရှိ ငါးလုပ်ငန်းစခန်း၏ ဂျီအေကျူပီစံပြကွက် (GAqP Model Fram) အဆင့်မြှင့်တင်ရေး လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းကဏ္ဍများအလိုက် လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ် ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်