၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော် မတ် ၂၉

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် တာဝန်ရှိသူများနှင့်အတူ ယနေ့၊ မွန်းလွဲပိုင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဒုတိယနေ့၊ အုပ်စုပတ်လည် ပွဲစဉ်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေး သည်။

 

ဦးစွာ ဒုတိယဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိကွင်းအမှတ် ၁ သို့ရောက်ရှိပြီး အုပ်စု ၁ ကွန်ပျူတာ တက္ကသိုလ် (အထက်မြန်မာပြည်) ပွဲစဉ်ဖြစ်သည့် အသင်း(ခ) ကွန်ပျူတာတက္ကသိုလ်(မန္တလေး၊ လားရှိုး၊ တောင်ကြီး)နှင့် အသင်း(ဂ) ကွန်ပျူတာတက္ကသိုလ်(မကွေး၊ မိတ္ထီလာ)များမှ ကျောင်းသားအားကစားသမားများ၏ ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးသည်။

 

 အဆိုပါ ပွဲစဉ်တွင် အသင်း(ခ)မှ အသင်း(ဂ)ကို ၅ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး သည် ဝဏ္ဏသိဒ္ဓိကွင်းအမှတ် ၃ တွင် အုပ်စု ၃ နည်းပညာတက္ကသိုလ်(အထက် မြန်မာပြည်) ပွဲစဉ်ဖြစ်သည့် အသင်း(ခ) နည်းပညာတက္ကသိုလ် (ကျောက်ဆည်၊ တောင်ကြီး၊ လားရှိုး၊ ပင်လုံ၊ ကျိုင်းတုံ)နှင့် အသင်း(ဂ) နည်းပညာတက္ကသိုလ် (မန္တလေး၊ ရတနာပုံဆိုက်ဘာစီးတီး၊ ကလေး၊ မုံရွာ၊ စစ်ကိုင်း)တို့ ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးသည်။  

 

အဆိုပါ ပွဲစဉ်တွင်  အသင်း(ခ) က  အသင်း(ဂ) ကို ၂ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရရှိကြောင်း သိရသည်။

(သတင်းစဉ်)