ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ (၂၅) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

နေပြည်တော် ဧပြီ ၂

ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ (၂၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဘိုးဝဇီရခန်းမ၌ ကျင်းပသည်။

နှစ်ပတ်လည်နေ့ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အငြိမ်းစားစာတည်းမှူးချုပ်များ၊ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီဥက္ကဋ္ဌဦးအုန်းမောင် (မြင်းမူ-မောင်နိုင်မိုး)၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးထွန်း၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်ဝန်ထမ်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကားပြောကြားရာတွင် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းသည် မြန်မာနိုင်ငံ၌ သက်တမ်းရှည်ကြာပြီဖြစ်သည့် အစဉ်အလာရှိသော အများပြည်သူဝန်ဆောင်မှု ဌာနကြီးဖြစ်ပါကြောင်း၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းက သတင်းထုတ်ပြန်ခြင်းနှင့် သတင်းစာထုတ်ဝေခြင်း လုပ်ငန်းတို့ကို ဦစားပေးအကောင်အထည်ဖော်သည့် ဌာနဖြစ်ပါကြောင်း၊ သတင်းစာတစ်စောင် ထုတ်ဝေရန်ဆိုသည်မှာ လွယ်ကူသည့် အလုပ်မဟုတ်ဘဲ အခက်အခဲများ၊ စိန်ခေါ် မှုများ များစွာရှိပါကြောင်း။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းသည် ပြန်ကြားရေးဝန်ကြီးဌာန၏ မူဝါဒနှင့်အညီ ပြည်သူများကို မှန်ကန်သည့်အသိအမြင်များ ပိုမိုတိုးတက်ပေးဝေနိုင်ရန်အတွက် ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ ချမှတ်ပေးပြီး သတင်းစာသုံးစောင်ကို ပြုပြင်ပြောင်းလဲ၍ ဆောင်ရွက်ခဲ့သည်ကို တွေ့ရပါကြောင်း။

တိုးတက်အောင်ဆောင်ရွက်

မျက်မှောက်ကာလတွင် ပြန်ကြားရေးကဏ္ဍ၏ အဓိကလိုအပ်ချက်မှာ မြန်မာတစ်နိုင်ငံလုံးသာမက တစ်ကမ္ဘာလုံးကိုပါ သတင်းမှန်များ အချိန်နှင့်တစ်ပြေးညီ ပျံ့နှံ့စေရန်ဖြစ်ပါကြောင်း၊ သို့သော် လိုအပ်ချက်များ ရှိနေသည်ကိုလည်း တွေ့ရပါကြောင်း၊ ထို့ကြောင့် အနာဂတ်ကာလတွင် Myanmar Digital News ကို ယခုထက်မက တိုးတက်လာအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံ့တာဝန်ယူခဲ့သည့် နှစ်နှစ်တာကာလအတွင်း သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းသည် အထူးကဏ္ဍများကိုလည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အထူးဆောင်းပါးအချပ်ပိုများ၊ Photo Page စာမျက်နှာများ၊ သတင်းလွှာများ ထုတ်ဝေဆောင်ရွက်ခဲ့ သည်ကို တွေ့ရပါကြောင်း။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းရှိ ဌာနအသီးအသီးမှ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူအကျိုးကို ဦးထိပ်ပန်ဆင်ပြီး စည်းလုံးညီညွတ်စွာဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည်ကို တွေ့ရပါကြောင်း၊ ဆက်လက်ပြီးလည်း နိုင်ငံတော်နှင့်ပြည်သူအတွက် တာဝန်ကျေပွန်အောင် ထမ်းဆောင်သွားနိုင်ကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း။

ယနေ့ကာလတွင် ပြည်သူများအား မှန်ကန်သည့် အသိပညာ ဗဟုသုတ သတင်းအချက်အလက်များ ပေးနိုင်ရေးသည် အရေးကြီးနေပါကြောင်း၊ ပြည်သူလူထု၏ အတွေးအခေါ်၊ အယူအဆနှင့် အလုပ်အကိုင်များ မှန်ကန်စေရန်အတွက် နိုင်ငံပိုင်မီဒီယာများက ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏ ရှေ့ရေးအတွက် အစိုးရ၏ကြိုးပမ်း ဆောင်ရွက်ချက်များကို ပြည်သူများ သိရှိစေရန် အလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဂုဏ်ပြုဆုများချီးမြှင့်

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ကဏ္ဍသစ်များဖန်တီးဖော်ပြခြင်းနှင့် အသွင်အပြင်ဆန်းသစ်ဖော်ပြနိုင်ခဲ့သည့် မြန်မာ့အလင်းသတင်း စာတိုက်ဝန်ထမ်းများ၊ ကဏ္ဍသစ်များ စဉ်ဆက်မပြတ် ထည့်သွင်းခြင်းနှင့် ကြော်ငြာဝင်ငွေအများဆုံး ရှာဖွေပေးနိုင်ခဲ့သည့် ကြေးမုံ သတင်းစာတိုက် ဝန်ထမ်းများ၊ နိုင်ငံတော်နှင့် ပြည်ထောင်စုအဆင့် သတင်းများ၊ တွေ့ဆုံမေးမြန်းခန်း များ စဉ်ဆက်မပြတ်ကြိုးပမ်းအား ထုတ်ရယူနိုင်ခဲ့သည့် မြန်မာ့သတင်းစဉ် ဝန်ထမ်းများအတွက် အသိအမှတ်ပြု ချီးမြှင့်သည့် ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်က ဒစ်ဂျစ်တယ်စနစ်ဖြင့် သတင်းများ ဖြန့်ဝေနိုင်ခဲ့သည့် မြန်မာ ဒစ်ဂျစ်တယ်နယူးစ်ဌာန ဝန်ထမ်းများနှင့် သတင်းစာများတွင် သတင်းများ ထည့်သွင်းဖော်ပြနိုင်ရေး စီမံခန့်ခွဲမှုကောင်းမွန်သည့် ရုံးချုပ်(သတင်းဌာန)မှ ဝန်ထမ်းများအတွက် အသိအမှတ်ပြု ချီးမြှင့်သည့် ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့်ဌာနဆိုင်ရာ အကြီးအကဲများက ရုံးချုပ် (စီမံ၊ ငွေစာရင်း၊ ထုတ်လုပ်ဌာန)မှ ဝန်ထမ်းများ၊ ကိုယ်ပွား သတင်းစာတိုက် (မန္တလေး၊ မော်လမြိုင်၊ မုံရွာနှင့် စစ်တွေ)တို့မှ ဝန်ထမ်းများအတွက် အသိအမှတ်ပြု ချီးမြှင့်သည့် ဂုဏ်ပြုဆုများကိုလည်းကောင်း၊ ပြည်သူ့ဝန်ထမ်း ကောင်းတံဆိပ်ရရှိကြသူ ခုနစ်ဦးအတွက် ဂုဏ်ပြုမှတ်တမ်းများကို လည်းကောင်း၊ ဝန်ထမ်းများအတွက် ဝတ်စုံများကို လည်းကောင်း ပေးအပ်ချီးမြှင့်ကြ သည်။

ယင်းနောက် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုကို ပြသသည်။

ဆက်လက်၍ ကြေးမုံသတင်းစာတိုက်စာတည်းမှူးချုပ် (ငြိမ်း) သတင်းစာဆရာကြီး ဦးမြတ်သူ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌဦးအုန်းမောင် (မြင်းမူ-မောင်နိုင်မိုး)နှင့် အမျိုးသားစာပေဆုရ ကဗျာဆရာ ဇော်မင်းမင်းဦးတို့က မုဒိတာစကားများ ပြောကြားကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်နှင့် ဧည့်သည်တော် ကြီးများက စက်ဘီးနှင့် ငွေသားကံစမ်းမဲများ ဖောက်ပေးကြပြီး ကံစမ်းမဲပေါက်သူများကို ဆုများပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အခမ်းအနားသို့ တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး နှစ်ပတ်လည်နေ့အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်