နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရခိုင်ပြည်နယ်အတွင်းရှိ လေယာဉ်ကွင်းများအဆင့်မြှင့်တင်ရန် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင်  ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင် များ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရခိုင်ပြည်နယ်အတွင်းရှိ လေယာဉ်ကွင်းများ အဆင့်မြှင့်တင် ရန် ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား စစ်တွေလေဆိပ်ဧည့်ခန်းမဆောင်၌ ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် တာဝန်ရှိသူ များက စစ်တွေ၊ ကျောက်ဖြူနှင့် သံတွဲလေယာဉ်ကွင်းများ၏ သမိုင်းအကျဉ်းနှင့် လေယာဉ်ကွင်းဆိုင်ရာ အချက်အလက်များ၊ လေယာဉ်များဆင်းသက်နိုင်မှု၊ လေဆိပ်  ဆိုင်ရာအချက်အလက်များ၊ လေဆိပ်အထောက်အကူပြုစက်ကိရိယာများနှင့် လေကြောင်း ဆက်သွယ်ရေးစက်များ တပ်ဆင်ထားမှု၊ လုံခြုံရေးစက်ပစ္စည်းများတပ်ဆင်ထားရှိမှု၊ လေယာဉ်ပြေးလမ်းများနှင့် လေဆိပ်များတိုးချဲ့တည်ဆောက်ခြင်းနှင့် အဆင့်မြှင့်တင်မှု လုပ်ငန်းများ အဆင့်လိုက် ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေ အနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လေယာဉ် ကွင်းများသို့ ရောက်ရှိစစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော် ဝန်ကြီးချုပ်က လေယာဉ်ကွင်းများတိုးချဲ့ခြင်းနှင့် အဆင့်မြှင့်တင်မှုများ ဆောင် ရွက်ရာတွင် လေယာဉ်ပြေးလမ်းများကို ရေရှည်အတွက် မျှော်တွေးပြီး စနစ်တကျ တွက်ချက် ဆောင်ရွက်ရန်လိုကြောင်း၊ လေယာဉ်ပြေးလမ်းများ တိုးချဲ့အဆင့်မြှင့်တင် ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိအောင် တည်ဆောက်ရန်လိုကြောင်း၊ လေယာဉ် ရပ်နားရန်နေရာများ တည်ဆောက်ရာတွင်လည်း စနစ်တကျတည်ဆောက် ရန်လိုကြောင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် နောင်အချိန်တွင် ဆိပ်ကမ်းစက်မှု လုပ်ငန်းများတိုးတက်လာပြီး ကုန်သွယ်မှုများပါမြင့်တက်လာနိုင်ခြင်းကြောင့် နိုင်ငံ ခြား ခရီးသွားများလည်း ပိုမိုဝင်ရောက်လာနိုင်ပြီး ကုန်တင်လေယာဉ်ကြီးများပါ ဝင်ရောက်လာနိုင်သဖြင့် လေယာဉ်ပြေးလမ်းတိုးချဲ့ရာ၌ ၎င်းအတွက်လည်း မျှော်မှန်း ဆောင်ရွက်သွားရန် လိုကြောင်း။

စစ်တွေလေယာဉ်ကွင်းသည် ပြည်နယ်၏မြို့တော်ကွင်းဖြစ်ကြောင်း၊ ထို့ကြောင့် A-320 ၊ B-737 စသည့် လေယာဉ်များ ဆင်းသက်နိုင်မည့် လေယာဉ်ပြေးလမ်း တိုးချဲ့ ခြင်းနှင့် လေဆိပ်တိုးချဲ့အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းကို အဆင့်လိုက် ဦးစားပေး အနေဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ သံတွဲလေယာဉ်ကွင်းသည်လည်း ပြည်တွင်း၊ ပြည်ပ ခရီးသွားများဝင်ရောက်မှုများပြားသည့်အတွက် ဂျက်လေယာဉ်များ ဆင်းသက်နိုင်သည်အထိ မြှင့်တင်ဆောင်ရွက်ရန်လိုကြောင်း၊ အိမ်နီးချင်းနိုင်ငံများတွင် ပြည်တွင်းလေကြောင်း ပြေးဆွဲမှုများကိုတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည့် နည်းတူ မိမိတို့နိုင်ငံတွင်လည်း ပြည်တွင်းလေကြောင်းပြေးဆွဲမှု အဆင့်မြှင့်တင် တိုးတက်စေရေး ဆောင်ရွက်သွားမည်ဆိုပါက ပြည်တွင်းခရီးသွားလာမှုကို ပိုမို အထောက် အကူပြုစေ မည်ဖြစ်ကြောင်း ဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် သည် စစ်တွေလေယာဉ်ကွင်း အဆင့်မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများအား ကြည့်ရှု၍ တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် စစ်တွေတပ်နယ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်