မောင်မောင်ဖြူ

 

၂၈-၄-၂၀၂၃ ရက်မှအဆက်

 

“ဘာလဲ၊ မင်းက တို့မိန်းမတွေကြား ထဲမှာ ဘာများလာရှုပ်ဦးမလို့လဲ ဟု ဆိုလိုက်၏။

မအုန်းတင်မှာ   ကိုအေးဆွေထက် အသက်ကြီးသည့်ပြင် ငယ်မွေးခြံပေါက် သူတို့မျက်စိအောက်တွင် ကြီးပြင်းလာ သည့် ကိုအေးဆွေအား မင်းနဲ့ ငါနဲ့သာ ရင်းနှီးစွာပြောသည်။

“ဝင်ရှုပ်မလို့ မဟုတ်ပါဘူး။ ခင်ဗျား တို့ကို ကူညီပြီး လုပ်အားပေးမလို့ပါ”

 

“ကိုအေးဆွေက ပြောပြောဆိုဆို ၎င်းတို့နှစ်ယောက်ကြားသို့ ဝင်ထိုင်လိုက်သည်။

 

“ရှုပ်မနေစမ်းပါနဲ့ကွာ။ မင်းလုံးတတ်တာမဟုတ်ပါဘူး။ ထန်းလျက်အိုး မီးသွား ထိုးတယ်ဆိုတာကမှ ဟုတ်လိမ့်ဦးမယ်။ သွားစမ်းပါ”

 

မအုန်းတင်သည် ပါးစပ်မှပြောပြောဆိုဆိုနှင့် ကိုအေးဆွေထိုင်အချတွင် တံတောင်နှင့် တွက်လိုက်သည်။

 

“အို အို၊ ဟင်”

 

ကိုအေးဆွေသည်    ထိုင်လိုက်ရင်းမှ ထွေးရီအပေါ်   ယိုင်လဲကျသွားသည်။ ကိုအေးဆွေ မျက်နှာသည်လည်း ထွေးရီ၏ပါးနားမှ ပွတ်သီကာ သူ၏ရင်ညွန့်ပေါ်သို့ ရောက်သွားသည်။ ထွေးရီလည်း တစ်ဖက်သို့လဲပြိုသွားမတတ် ဖြစ်သွားသည်။ ကိုအေးဆွေက ထွေးရီ၏ကိုယ်လုံး ကလေးကို  ရုတ်တရက် ဖက်သိမ်းထိန်းထားလိုက်ရ၏။ ထွေးရီက ရှက်ကိုး ရှက်ကန်း အမူအရာဖြင့် ရုန်းကန်ရင်း တအိုအို တဟင်ဟင်နှင့် ဖြစ်နေသည်။

 

“အို အို၊ ကိုရင်ကလဲ”

 

ကိုအေးဆွေသည်   ချက်ချင်းလိုပင် သူ့လက်ကို ရုပ်သိမ်းလိုက်ရသည်။

 

“မတော်လို့ပါ ထွေးရီရာ” ဟု ကိုအေး ဆွေက ပြောလိုက်ရင်း မအုန်းတင်ဘက် သို့ ပြန်လှည့်ကာ

 

“ခင်ဗျားကြီး လုပ်လိုက်မှဖြင့် အရမ်းချည်းပဲ။ ဒီဘက်မှာ လဲကွဲတောင်ကုန်ပြီ” ဟု ဆိုလိုက်၏။

 

မအုန်းတင်သည် ကိုအေးဆွေနှင့် ထွေးရီတို့၏ အဖြစ်ကိုကြည့်ကာ စပ်ဖြီးဖြီးနှင့် ကြည့်နေသည်။ သူတို့ကိုကြည့်၍ အားလုံးမိန်းမတွေက ဝါးခနဲ ဝိုင်းရယ်လိုက်ကြသည်။

 

“အောင်မယ်၊ မောင်အေးဆွေရယ်။ မင်းအကြောင်းများ ငါမသိဘူးမှတ်လို့လား။ ငါတွန်းတာက  နည်းနည်းရယ်၊ မင်းက တမင်လဲကျပစ်လိုက်တာပါကွာ”

 

“မဟုတ်ရပါဘူး  မအုန်းတင်ရာ၊ မလုပ်ပါနဲ့။ ဒီသောက်ရူးမလေးက တကယ်ထင်ချင် ထင်နေပါဦးမယ်”

 

“ဟုတ်မှာပါပဲ၊ ကိုရင်က ဟင်း”

 

ထွေးရီသည် ကိုအေးဆွေအား မျက်လုံးလေးများ စွေကြည့်ရင်း ဒေါဟန်ပါပါလေးဖြင့် ရန်ထောင်လိုက်သည်။ ပြီးလျှင် ဆက်၍ -

 

“ဟုတ်ပါတယ်၊ အခုဆိုရင် အရင်ကနဲ့ကို မတူတော့ဘူး။ ကျွန်မဆို သိပ်နှိမ်တာတော့”

 

ထွေးရီသည် အခြားသူများကို တိုင်တောသလိုနှင့် ပြောလိုက်ရင်း နှုတ်ခမ်းလေး အစူသားဖြင့် ဖြစ်နေသည်။

 

“ဟောဗျာ”

 

ကိုအေးဆွေ၏ ပါးစပ်မှ အံ့သြသော အသံသည် ရုတ်တရက် ထွက်ပေါ်လာသည်။

 

အခြားသော အပျိုကလေးများသည် ကိုအေးဆွေနှင့် ထွေးရီတို့၏ ထေ့ငေါ့မှု လေးများကိုကြည့်ကာ တစ်ဦးနှင့်တစ်ဦး မေးငေါ့၍ပြကြရင်း ရယ်ကျဲကျဲ မျက်နှာပေးကလေးများဖြင့် ဖြစ်နေကြသည်။

 

ကိုအေးဆွေသည် ယခုမှ ထွေးရီအား စူးစူးစိုက်စိုက် ကြည့်မိသည်။ တကယ် ကြည့်မှလည်း တကယ်ပင် ထွေးရီသည် အပျိုဖော်ဝင်ကာ အပျိုသွေး ကြွကြွရွရွလေး ဖြစ်နေလျက်ရှိလေပြီ။

 

ထွေးရီသည် ကိုအေးဆွေ ရန်ကုန်မှပြန်ရောက်စ အချိန်နှင့်ကား သူ့အမူအရာမှာ လုံးလုံးမတူတော့ပေ။ တစ်နေ့တခြား သူ့ကိုယ်သူတသသဖြစ်လာသည်။ ဝတ်စား ဆင်ပြင်မှုကိုလည်း ဖြူဖြူစင်စင်နှင့် သေသေသပ်သပ် ဖြစ်လာသည်။ ရှင်းရှင်းဆိုရသော် ထွေးရီသည် တစ်နေ့တခြား အပျိုလုပ်၍လာချေပြီ။

 

 

တကယ်ကြည့်မှ ထွေးရီသည် အသားညိုချောလေး ဖြစ်သည်။ ဆံတောက်ကောက်လေးနှင့် မျက်နှာသွယ်၊ နှာတံစင်းစင်းလေးတွင် မျက်ခုံးကောင်း၊ မျက်တောင်ကော့၊ မျက်ရစ်ညိုညိုလေးနှင့်မို့ ချစ်စရာလေး ဖြစ်သည်။ တစ်ဖန် လုံးတန်ရပ်တန် ကလေးကလည်း သူ့ကိုယ်သူ့ အရပ်ကလေးနှင့် အဆင်ပြေ၍ ပြည့်ဖြိုးလုံးကျစ်နေသော ငါးရံ့ကိုယ်လေး ဖြစ်သည်။ ထိုသူသည် ရွှေရင်သိမ်းစ အရွယ်လေးပီပီ ရှက်တတ်ကြောက်တတ်လာသည်။ တစ်ခါတစ်ရံ ကိုအေးဆွေကိုပင် ရှက်သလို ရွံ့သလိုအမူအရာများ ပြလာသည်။ သို့တစေ ယခင်များကဲ့သို့တော့ ရင်းရင်းနှီးနှီး နေလေ့ရှိ၏။ အစ်ကိုကြီး တစ်ယောက်ပမာ လေးစားကြောက်ရွံ့မြဲကြောက်ရွံ့ခဲ့၏။ သို့တိုင်အောင် တစ်ခါတစ်ရံ သူသည် ကိုအေးဆွေအား သူ မေးစရာ မြန်းစရာရှိခဲ့လျှင် ဘာမျှအလိုက်ကန်းဆိုးမသိဘဲ မေးတတ်မြန်းတတ်သည်။ ထိုအခါမျိုးတွင် ကိုအေးဆွေမှာလည်း ရင်တွင်းခံစားမှုမျိုးနှင့် ကြုံကြိုက်နေပါလျှင် ငေါက်ငမ်း ပစ်လိုက်လေ့ရှိသည်။

 

“ဘာ၊ ဟောဗျာလဲ၊ မဟုတ်ဘူးလားလို့။ မသိတာလေးရှိလို့ မေးလိုက်မယ် မကြံနဲ့။ သွား သွား သွား၊ ဒီကောင်မလေး ဘာလာရှုပ်နေတာလဲ၊ ဘာလဲနဲ့ ခဏ ခဏ အအော် အငေါက်ခံရသာချည်းပဲ”

 

ထွေးရီသည် ပြောရင်းဆိုရင်း ဝမ်းနည်းလာပုံရကာ အသံမှာ တုန်တုန်ယင်ယင်လေး ဖြစ်လာသည်။ မျက်ရည်စလေးများ ဝဲသလို ဖြစ်လာသည်။

 

မှန်သည်။ တစ်ခါတစ်ရံတွင် ကိုအေးဆွေမှာ မိမိတို့ စုပေါင်းလုပ်ငန်းနှင့် ပတ်သက် ၍သော်လည်းကောင်း၊ ခင်သန်းဌေးထံမှ စာရောက်လာသည့် အခါမှာသော်လည်းကောင်း ဦးနှောက်ခြောက်ကာ စိတ်၏ဝေဒနာကို တရိရိခံစားနေတတ်သည်။ ထိုအခါထွေးရီသည် ကိုအေးဆွေထံသို့ အမှတ်မထင်ရောက်လာတတ်ကာ “ဘာဖြစ်လို့လဲဟင်” “ဘယ်ကစာလဲ ကိုရင်” ဟု မေးမြန်းတတ်၏။ ဒါကို စိတ်မရှည်သော ကိုအေးဆွေက သူ့အားအကြိမ်ကြိမ် အော်ငေါက်ပစ်ခဲ့ဖူး၏။ မောင်းထုတ်ပစ်ခဲ့ဖူး၏။

 

ယခုတော့ ဒါကိုပင် သူက ပြဿနာလုပ်၍ သူ့အား နှိမ်နေသည်ဟု ဆိုနေချေပြီ။

 

“မဟုတ်ဘူးလားလို့၊ သူများဆို သိပ်နိုင်ချင်တာ”

 

“ဟောဗျာ၊ အဲဒါမှသာခက်ပြီ”

 

ကိုအေးဆွေက အံ့ဩပြီး အံ့ဩရင်းနှင့်ပင် ညည်းလိုက်မိ၏။ မိမိဘဝအား နားမလည်ရှာသော ဤကလေးမအား မည်သို့ရှင်းပြရပါမည်နည်း။

 

ထိုအခိုက်-

 

“ဟေး၊ မောင်အေးဆွေ ဒီတဲထဲမှာ ရှိသလား။ ရှိရင်လာပါဦးကွယ့်” ဟူသော ခေါ်သံကြားလိုက်ရ၍ ကိုအေးဆွေသည် အသံလာရာ တဲပြင်ဘက်ဆီသို့ လှမ်းကြည့်၏။ တဲတန်းရှည်ကြီး၏ မြောက်ဘက် စွန်း တံစက်မြိတ်အောက်ဆီမှ မိမိတို့ မိန်းမတွေ အုပ်စုထဲသို့ လှမ်းကြည့်နေ သော ဦးစံကျော်အား တွေ့ရသည်။

 

“ဟုတ်ကဲ့ ဦးလေးစံ၊ လာပြီ”

 

ဤကဲ့သို့ ကိုအေးဆွေက ဦးစံကျော် အား တုံ့ပြန်လိုက်ပြီးနောက် မအုန်းတင် ဘက်သို့လှည့်ကာ

 

“ကဲ မအုန်းတင်၊ ခင်ဗျားကြီး စတင်မွှေးလိုက်တဲ့ မီးကိုခင်ဗျားပဲ ပြန်ပြီးငြှိမ်း စမ်းပါဦးဗျာ။ ဒီကောင်မလေးက အရူးမဟုတ် အကောင်းမဟုတ်နဲ့၊ တကယ်ထင်နေပြီ။ ဘယ်တုန်းကများစပြီး ကျွန်တော့်အပေါ် ဘယ်လောက်များ အပြစ်တွေ စုထားပါလိမ့်သိပါဘူး” ဟု ပြောပြောဆိုဆိုပင် နေရာမှ ထလိုက်သည်။

 

“ဟုတ်တယ် ဟုတ်တယ်၊ အပြစ်တွေမှ အများကြီးပဲ စုထားတာ”

 

ထွေးရီကလည်း လှမ်းထွက်စပြုနေ ပြီဖြစ်သော ကိုအေးဆွေအားမော့၍ မျက်စောင်းထိုးကာ ကြည့်လိုက်ရင်းက အနိုင်မခံငေါ့လျက် ပြောမိအောင် ပြောလိုက်သေးသည်။

 

ထွေးရီ၏ စကားဆုံးလျှင် မိန်းမတွေ၏ တဝါးဝါး ရယ်မောသံများက ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။

 

ကိုအေးဆွေမှာ အမျိုးသမီးများ၏ ဟားတိုက်ကာ ရယ်မောနေကြခြင်းကြောင့် ကြာကြာနေ ခက်ချေရဲ့ဟု အောက်မေ့လျက် ပြန်စောင်းပင်မခတ်နိုင်တော့ဘဲ တစ်ချိုးတည်းသာ လစ်ခဲ့ရ တော့၏။

 

“ဪ ဘကြီးထွန်းဘော်တို့ပါကလား။ ဘယ်က လှည့်လာကြပါသလဲ ခင်ဗျာ”

 

ဦးစံကျော်၏ တဲတွင်းသို့ ဝင်လိုက်မိလျှင် ကိုအေးဆွေက ဘကြီးထွန်းဘော်တို့အား နှုတ်ဆက်လိုက်၏။

 

ဦးစံကျော်၏ တဲခေါင်းရင်းဘက်အပိုင်းရှိ ကွပ်ပျစ်ပေါ်တွင် ဦးစံကျော်နှင့်အတူ ဧည့်သည်များဖြစ်သော ဘကြီးထွန်းဘော်နှင့် အမည်မသိ လူလတ်ပိုင်းတစ်ဦး တို့သည် လက်ဖက်ရည်ကြမ်းသောက်ရင်း ဝိုင်းထိုင် စကားပြောနေကြ၏။

 

“အေးကွယ့်၊ အိမ်ကပဲ မင်းတို့ဆီကို တမင်လာခဲ့တာပဲကွယ်” .

 

ဘကြီးထွန်းဘော်က သောက်လက်စလက်ဖက်ရည်ကြမ်းပန်းကန်ကို လက်မှချရင်း ပြောလိုက်၏။

 

“လာ လာ မောင်အေးဆွေ၊ အရီးထွန်းဘော် က မင်းနဲ့တွေ့ချင်လို့ လာခဲ့တာတဲ့”

 

ဦးစံကျော်သည် ကိုအေးဆွေအား သူ့အနီးတွင် လာထိုင်ရန် နေရာရွှေ့ပေးရင်းခေါ်၏။ ကိုအေးဆွေ နေသားတကျ ထိုင်မိလျှင် ဦးစံကျော်က -

 

“ဒီမှာ မောင်အေးဆွေရဲ့။ အခု အရီးထွန်းဘော်တို့ လာတဲ့ကိစ္စက တို့များစုပေါင်းထန်းလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်သိချင်လို့တဲ့။ အဲဒါ ငါ့ကို မေးနေတာ။ တချို့ဟာကျတော့ လည်း ငါက အသေးစိတ်မပြောတတ်ဘူး၊ နားမလည်ဘူးမဟုတ်လား။ ဒါကြောင့် မင်းကိုခေါ်ပြီး တွေ့ဆုံပေးရတာ”

 

ဤသို့ဖြင့် ကိုအေးဆွေသည် ဘကြီးထွန်းဘော်တို့ သိလိုသော စုပေါင်းလုပ်ငန်း ထန်းအကြောင်းများကို အသေးစိတ်ရှင်းပြသည်။ ဘကြီးထွန်းဘော်နှင့် ပါလာသူမှာ ဘကြီးထွန်းဘော်တို့ စပယ်ပင်ရွာမှ ကိုပန်းဒွေးဆိုသူဖြစ်သည်။ သူသည် ကိုအေးဆွေတို့၏ စုပေါင်းလုပ်ငန်းအကြောင်းကို နေ့ရှိသရွေ့ကြားနေရသဖြင့် စိတ်ဝင်စားလာပြီး လုပ်လိုစိတ် ဖြစ်ပေါ်လာကာ အကြောင်းစုံသိနိုင်ရန် ကိုအေးဆွေတို့ထံ လာရောက်ဆွေးနွေးခြင်း ဖြစ်လေသည်။