မုန်တိုင်းဖြစ်ပေါ်လာသည်နှင့် ဒေသအလိုက် ရေ၊ မြေ အနေအထားပေါ်မူတည်၍ ဖြစ်ပေါ် လာနိုင်သည့် သဘာဝဘေးအန္တရာယ်များမှ ရှောင်ရှားနိုင်ရန် သတိပြုကြိုတင်ပြင်ဆင် ကြရတော့မည်ဖြစ်သည်။ အထူးသဖြင့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် မိုးလေဝသ ဖြစ်စဉ်များမှာလည်း မကြုံစဖူး ထူးထူးကဲကဲများဖြစ်ပေါ်နေရာ လွန်ခဲ့သော ၁၅ နှစ်က နာဂစ် မုန်တိုင်းကို ပြန်လည်အမှတ်ရပြီး သင်ခန်းစာယူကြရန် လိုသည်။ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့ နာဂစ်မုန်တိုင်း ဧရာဝတီ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းမှ ကုန်းတွင်းသို့ မဝင်ရောက်မီကပင် သဘာဝဘေးအန္တရာယ် သတိပေးချက်များကို မီဒီယာများမှတစ်ဆင့် သိရှိခဲ့ကြသော်လည်း ဒေသခံများက ၎င်းတို့ တစ်သက်တာတွင် ကြုံခဲ့ဖူးသမျှ မုန်တိုင်းများကဲ့သို့ပင် အချိန် တန်လျှင် ပြီးသွားမှာပဲဟူ၍ သဘောထားခဲ့ကြကြောင်း၊ မုန်တိုင်းနှင့် တကယ်ရင်ဆိုင်ကြုံတွေ့ရချိန်တွင်မူ လွန်စွာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ငရဲခန်းတမျှ ဆိုးရွားလှကြောင်း ထိုစဉ်က စာနယ်ဇင်းများ၏ တွေ့ဆုံမေးမြန်းမှုများကို ဒေသခံများ၏ ကိုယ်တွေ့ဖြစ်ရပ်များ ဖြေကြားမှုများတွင် တွေ့နိုင်သည်။
မုန်တိုင်းသည် ကြိုတင်ခန့်မှန်းသိရှိနိုင်သည့် သဘာဝဘေးအန္တရာယ် ဖြစ်သည့်အလျောက် ကျရောက်မလာမီကပင် ကြိုတင်ပြင်ဆင်ရှောင်တိမ်းခြင်းဖြင့် ထိခိုက်ဆုံးရှုံးမှု အနည်း ဆုံးဖြစ်အောင် လျှော့ချနိုင်သည်။ မုန်တိုင်းဘေး ကြုံနေကျပဲဟု သဘောထားကာ မရှောင်မတိမ်းဘဲ နေခဲ့ကြရာမှ ယခင်မုန်တိုင်းများထက် အဖျက်စွမ်းအား လွန်စွာကြီးမားသော ဧရာမမုန်တိုင်းကြီးနှင့် နဖူးတွေ့ဒူးတွေ့တွေ့ကာ လူဦးရေ သိန်းဂဏန်းနှင့်ချီ၍ အသက်ဆုံးရှုံးခဲ့ရသည်ကို သင်ခန်းစာယူကာ ဘေးအန္တရာယ် လုံခြုံသည့်နေရာများတွင် အန္တရာယ်ကင်းသည့်အချိန်အထိ တိမ်းရှောင်ခိုလှုံကြရမည်ဖြစ်သည်။
မုန်တိုင်းသတိပေးချက်ထွက်ပေါ်လာသည်နှင့် (၁) နိုင်ငံပိုင် မီဒီယာများနှင့် မိုး/ဇလမှ ထုတ်ပြန်ကြေညာသည့် မိုးလေဝသသတင်းများကို စဉ်ဆက်မပြတ်နားထောင်ပြီး အကြံပြုချက် များကို လိုက်နာရန်၊ အခြားသူများကိုလည်း မျှဝေရန်နှင့် ကောလာဟလများကို မယုံရန်။ (၂ ) အရေးပေါ်သုံးပစ္စည်းများ၊ စားရေရိက္ခာနှင့် အရေးကြီးစာရွက်စာတမ်းများကို မိမိနှင့် အတူ ထားရှိရန်။ (၃) မိသားစုဝင်များ ကွဲကွာသွားပါက ပြန်လည်ဆက်သွယ်ရန် ဖုန်းနံပါတ်၊ အမည်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့၊ ဆက်သွယ်ရမည့်သူ စသည်တို့အား ရေးသားပြီး မိသားစု ဝင်တိုင်း ယူဆောင်ထားရန်။ (၄) မြစ်ဝကျွန်းပေါ်ဒေသနှင့် မြစ်ငယ်၊ ချောင်းငယ်များ ပေါများရာ ဒေသများတွင် မုန်တိုင်းဒီရေကို အထူးဂရုပြုရန်။ (၅) သက်ဆိုင်ရာ အစိုးရဌာန၊ ဒေသ အာဏာပိုင် အဖွဲ့အစည်း စသည်တို့မှ ညွှန်ကြားချက်ရရှိပါက ရွေးချယ်ထားသော ဘေးလွတ်ရာ နေရာများသို့ ပြောင်းရွှေ့ခိုလှုံရန်ဟူသော အချက်များကို လိုက်ပါဆောင်ရွက်ကြခြင်း အားဖြင့် မုန်တိုင်းဘေးအန္တရာယ်မှ ကင်းလွတ်နိုင်ကြစေရန်အလို့ငှာ အကြံပြု အကျိုးဆောင်လိုက်ရပါကြောင်း။
ကြေးမုံ