ဆရာ ဆရာမများရဲ့ ပီတိကျောင်းသား ကျောင်းသူများရဲ့ အပြုံး

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် နိုင်ငံတစ်ဝန်းရှိ အခြေခံပညာဦးစီးဌာန အောက်ရှိ အခြေခံ ပညာကျောင်းများကို ယနေ့စတင်ဖွင့်လှစ်ရာ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း အတန်းအလိုက် ကျောင်းသား ကျောင်းသူများ လာရောက်ပညာကြားလျက်ရှိသည်။

သို့ဖြစ်ရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းများတွင် အတန်းအလိုက် ပညာသင်ယူကြသည့် ကျောင်းသား ကျောင်းသူများနှင့် ပညာသင်ကြားပေးမည့် ဆရာ ဆရာမများ၏ စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။

ဦးဝင်းမြင့်ဦး
ကျောင်းအုပ်ကြီး၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ ဇမ္ဗူသီရိမြို့နယ်

ကျွန်တော်တို့ ကျောင်းမှာ ကျောင်းသားဦးရေ ၂၇၇၃ ဦးရှိပါတယ်။ အခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ ကျောင်းသားတွေ စနစ်တကျ သပ်သပ်ရပ်ရပ် ပညာသင်ကြားနိုင်အောင် ကျွန်တော်တို့ ကျောင်းဝန်းကျင် သန့်ရှင်းရေး ဆောင်ရွက်တာ၊ စာသင်ခန်းအတွင်း စာသင်ခုံတွေ စီစဉ်တာတွေ ဆောင်ရွက်ခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါ နဲ့ပတ်သက်လို့  အရင်လိုကြပ်မတ်နေတာမျိုးမဟုတ်ပေမယ့် ကာကွယ်ရေးအစီအမံကတော့ ကျောင်းသား ကျောင်းသူတွေအတွက် ဆောင်ရွက်ထားရပါတယ်။ လက်ဆေး ရည်တို့၊ လက်ဆေးဖို့နဲ့ Mask တို့ ဒါတွေကိုလည်း စီမံထားပါတယ်။ စာသင်နှစ်တစ်ခုလုံး ကျောင်းသား ကျောင်းသူတွေ အေးအေးချမ်းချမ်း ပညာသင်ကြားနိုင်အောင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေ၊ ဌာနတွေ၊ ကျောင်းအကျိုးတော်ဆောင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ရပါတယ်။ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေကလည်း ယာဉ်အန္တရာယ် ကင်းရှင်း အောင် ကူညီဆောင်ရွက်ပေးပါတယ်။ မိဘတွေအနေနဲ့ ကျောင်းသား ကျောင်းသူတွေကို အရောက်ပို့ပေးကြပါ၊ ကျောင်းသား ကျောင်းသူတွေကလည်း ပညာကိုကြိုးစားသင်ကြဖို့ ပြောကြားလိုပါတယ်။

မောင်သီဟအောင်
Grade-12 ၊ (A) ၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ ဇမ္ဗူသီရိမြို့နယ်

ကျွန်တော်က ဇီဝဗေဒဘာသာတွဲ ယူထားပါတယ်။ ကျွန်တော်တို့က သင်ရိုးသစ်နဲ့ သင်ယူလေ့လာရမှာဖြစ်တဲ့အတွက် စိတ်တော့လှုပ်ရှားပါတယ်။ သင်ရိုးသစ်ကလည်း ထွက်ရှိပြီဖြစ်တဲ့အတွက် ကြိုတင်လေ့လာကြည့်ပါတယ်။ သင်ရိုးသစ်ဖြစ်တဲ့အတွက် အထူးသဖြင့် သင်္ချာနဲ့ရူပဗေဒဘာသာရပ်အတွက် စိတ်လှုပ်ရှားနေပါတယ်။ အကောင်း ဆုံး ကြိုးစားသွားမယ်။ ဒီနေ့ ကျောင်းစတက်ရတဲ့အတွက် သူငယ်ချင်းတွေနဲ့ တွေ့ရတယ်။ ကျွန်တော်က တစ်ဦးတည်းသော သားဖြစ်တဲ့အတွက် သူငယ်ချင်းတွေနဲ့ ကျောင်းမှာစာ သင်ရတာ ပိုကြိုက်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သင်ရိုးသစ်ဖြစ်ပေမယ့် တစ်နေ့စာတစ်နေ့ သေသေချာချာလုပ်ဆောင်သွားရင် စိုးရိမ်နေစရာမလိုဘူးလို့ ထင်ပါတယ်။

မခြူးမြတ်စန္ဒီ
Grade-12 ၊ (A) ၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ ဇမ္ဗူသီရိမြို့နယ်

ကျောင်းပိတ်ရက်မှာ သင်ရိုးသစ်ကို လေ့လာဖြစ်ပါတယ်။ မေမေကလည်း သင်ပေး ပါတယ်။ အခု ကျောင်းဖွင့်ရက်မှာ သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရတော့ ပျော်ရွှင်ပါတယ်။ ကျွန်မတို့က သင်ရိုးသစ်ကို အစဦးဆုံး သင်ကြားရမယ့်သူတွေဖြစ်တဲ့အတွက် ဆရာ ဆရာမတွေရဲ့ သင်ကြားမှုဂရုစိုက်ပြီး စာကိုသေချာလုပ်ဖို့လိုအပ်တယ်လို့ မြင်ပါတယ်။ သင်ခန်းစာတွေက အဆင့်မြှင့်ထားတဲ့အတွက် တစ်နေ့စာတစ်နေ့ ပုံမှန်လုပ်ဖို့ လိုအပ်ပါ တယ်။ ဒီနှစ်ဟာ အရေးကြီးတဲ့ စာသင်နှစ်ဖြစ်တဲ့အတွက် အကောင်းဆုံး ကြိုးစားသွားမှာ ဖြစ်ပါတယ်။

ဒေါ်သီသီဆွေ
ကျောင်းအုပ်ကြီး၊ အမှတ်(၅) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ တပ်မတော်

ဒီနှစ် ကျွန်မတို့ ကျောင်းမှာ ကျောင်းသားကျောင်းသူ ဦးရေ ၃၂၃ ဦးရှိပါတယ်။ အလယ်တန်းကျောင်းခွဲဖြစ်တဲ့အတွက် KG ကနေ Grade-9 အထိ ရှိပါတယ်။ ကျောင်းသား ကျောင်းသူတွေ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် ကျောင်းတက်နိုင်ဖို့ ကျွန်မတို့ ကျောင်းက ဆရာဆရာမတွေအနေနဲ့ တတ်အားသမျှ ကြိုးစားကြပါတယ်။ ဇွန် ၁ ရက်မှာ ကျောင်းဖွင့်နိုင်ဖို့အတွက် ကျောင်းမဖွင့်ခင်ကတည်းက ကျောင်းဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်တာ၊ ကျောင်းခန်းအတွင်း စာသင်ခုံတွေ စီစဉ်တာ စတဲ့ ကျောင်းနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ထားပါတယ်။ ကျွန်မတို့ကျောင်းက ခလရ(၈၅) နဲ့ နီးတဲ့အတွက် တပ်မတော်သားတွေရဲ့ သားသမီးတွေလည်း ရှိတယ်။ ပြီးတော့ ရွာကောက်၊ ကျောက်ကျင်း၊ သာယာကုန်း (၁)၊ သာယာကုန်း (၂) စတဲ့ အနီးနား ရပ်ကွက်တွေမှာ နေထိုင်တဲ့ ပြည်သူတွေရဲ့ သားသမီးတွေက လာရောက်ကျောင်း တက်ကြတာ များပါတယ်။ 

မဇင်နှင်းအေး
Grade-8 ၊ အမှတ်(၅) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ တပ်မတော်

ဒီနေ့က နွေရာသီကျောင်းပိတ်ရက်ကို ကျော်လွန်ပြီး ပထမဆုံး ကျောင်းတက်ရတဲ့နေ့ ဖြစ်တဲ့ အတွက် ပျော်ပါတယ်။ ကျောင်းဖွင့်ပြီဖြစ်တဲ့အတွက် သူငယ်ချင်းတွေနဲ့ အတူ စာသင်ရတာ ပိုကြိုက်ပါတယ်။ တစ်ယောက်တည်း စာဖတ်လေ့လာရတာထက် သူငယ်ချင်းတွေနဲ့အတူ လေ့လာရတာ ပိုကောင်းတယ်ထင်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး မေးမြန်းဆွေးနွေးလို့ရတယ်။ ကျောင်းပိတ်ရက်မှာတော့ မေမေက ဗဟုသုတ ရရှိစေမယ့် စာတွေ ဖတ်ခိုင်းပါတယ်။ သမီးကလည်း စာဖတ်ရတာ ကြိုက်ပါတယ်။ အလွတ် ကျက်မှတ်တာထက် စာဖတ်ပြီး လေ့လာတွေးခေါ်ရတာ ကြိုက်ပါတယ်။ သမီးက ဆရာဝန်မကြီး ဖြစ်ချင်တာပါ။ ဒါကြောင့် ဒီနှစ်မှာလည်း ဆရာဆရာမတွေ သင်ကြား ပေးတာကို လေ့လာဖတ်မှတ်ပြီးတော့ အကောင်းဆုံး ကြိုးစားသွားမှာပါ။

မောင်ခွန်သန့်ဇင်
Grade-9 ၊ အမှတ်(၅) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ တပ်မတော်

ကျွန်တော်တို့ အလယ်တန်းကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် အတန်းကြီးလာတာနဲ့အမျှ စာသင်ကြားတာကို ပိုပြီးအာရုံစိုက်ဖို့ လိုလာပါပြီ။ ဒီနေ့ကတော့ ဆရာဆရာမ တို့နဲ့လည်း ပြန်တွေ့ရတယ်။ သူငယ်ချင်းတွေနဲ့လည်း ပြန်ဆုံတဲ့အတွက် ပျော်ပါတယ်။ ကျောင်းတက်ရတဲ့နေ့တွေကို သဘောကျပါတယ်။ အတန်းကြီးလာတာနဲ့အမျှ စာကို ဂရုစိုက်ဖို့ ဆရာဆရာမတွေကလည်း အမြဲဆုံးမပါတယ်။ အိမ်က မိသားစုကလည်း ဆုံးမပါတယ်။ ကျွန်တော်တို့ အရွယ်မှာက ဗဟုသုတရမယ့် စာတွေလည်း ဖတ်ဖို့ လိုအပ်ပါ တယ်။ ဒါကြောင့် ကျောင်းပိတ်ရက်ရှည်မှာ ဗဟုသုတရမယ့် စာတွေဖတ်ဖြစ်ပါတယ်။ ကျွန်တော်က ခြင်းလုံးအားကစားနည်းကို သဘောကျပါတယ်။ ဒါကြောင့်် အားတဲ့အချိန်မှာ ခြင်းလုံးခတ်ဖြစ်ပါတယ်။ ဒီနှစ် စာသင်နှစ်ကိုလည်း စာသင်ကြားမှုမှာ ပိုပြီး အာရုံစိုက်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။

ဦးသိန်းထွန်း
ကျောင်းအုပ်ကြီး၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အလက(၃)၊ သပြေကုန်း

ကျွန်တော်တို့ ကျောင်းမှာ အရင်နှစ်က ကျောင်းသားကျောင်းသူဦးရေ ၁၁၃၀ လောက်ရှိပါတယ်။ ဒီနှစ်တော့ ကျောင်းသားကျောင်းသူ ဦးရေ ၁၂၀၀ ဝန်းကျင် ဖြစ်လာပါ တယ်။ ကျောင်းသားကျောင်းသူ ဦးရေ တိုးလာပါတယ်။ ကျွန်တော်တို့ ကျောင်းအနေနဲ့ ဇွန် ၁ ရက် ကျောင်းဖွင့်ချိန်မှာ စာသင်ခန်းတွေ ကျောင်းသားတွေအတွက် အဆင်သင့် ဖြစ်နေဖို့ ကြိုတင်ဆောင်ရွက်ရပါတယ်။ ဒီလို ဆောင်ရွက်ရမှာလည်း သက်ဆိုင်ရာ ဌာန ဆိုင်ရာတွေက ကူညီဆောင်ရွက်ပေးပါတယ်။ လာရောက်ပညာသင်ကြားတဲ့ ကျောင်းသား ကျောင်းသူတွေကို အတန်းအလိုက် အခန်းခွဲပြီး စာသင်သားဦးရေ အချိုးကျ သင်ကြား နိုင်ဖို့ ပြင်ဆင်ရပါတယ်။ ပြီးတော့ ကျောင်းဝန်းကျင်မှာ သန့်ရှင်းရေး ဆောင်ရွက်တာ၊ ကျောင်းစာသင်ခန်းအတွင်းမှာ စာသင်ခုံတွေ နေရာတကျ ဖြစ်အောင် စီမံတာ ဒါတွေ လုပ်ဆောင်ရပါတယ်။ ကျွန်တော်တို့အနေနဲ့ ကျောင်းသားကျောင်းသူတွေ အကောင်းဆုံး ပညာသင်ကြားနိုင်အောင် ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။

သန်းမင်းအောင်(သတင်းစဉ်)၊ ဓာတ်ပုံ-အောင်စည်