ဘရစ်ဇ်(BRICS) အဖွဲ့ဝင် တိုးချဲ့မှုက ဧကဝင်ရိုး မိုးကြိုးခခြင်းဖြစ်လာနိုင်မလား

နွယ်နီလင်း

ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကတို့ပါဝင်သည့် အဓိက ထွန်းသစ်စ စီးပွားရေးနိုင်ငံများအုပ်စု ဘရာစ်ဇ်(BRICS)သည် နောက်ထပ်အဖွဲ့ဝင်နိုင်ငံ ခြောက်နိုင်ငံကို ဝင်ခွင့်ပေးခြင်းဖြင့် ၎င်းတို့၏ အဖွဲ့ဝင်နှစ်ဆကျော် တိုးလာတော့မည်ဖြစ်သည်။

တောင်အာဖရိက ဂျိုဟန်နက်စ်ဘာ့ဂ်၌ ကျင်းပခဲ့သည့် (၁၅)ကြိမ်မြောက် ဘရစ်ဇ် (BRICS) အဖွဲ့ဝင်နိုင်ငံများ ထိပ်သီးအစည်းအဝေးတွင် သမိုင်းဝင် ချဲ့ထွင်မှုအဖြစ် အာဂျင်တီးနား၊ အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်၊ ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့သည် ၎င်းတို့၏အဖွဲ့ဝင် နိုင်ငံများအဖြစ် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ပါဝင်လာတော့မည်ဖြစ်သည်။

BRICS အဖွဲ့ဝင်နိုင်ငံ တိုးချဲ့မှုသည် လျင်မြန်စွာ ပြောင်းလဲနေသော ကမ္ဘာ့ အခင်းအကျင်းတွင် ကမ္ဘာ့စီးပွားရေး သံခင်းတမန်ခင်းနှင့် နိုင်ငံရေး ရင်ကြားစေ့ရေးကို တိုးမြင့်လာစေသည်ဟု ဝါရင့်နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

မိတ်ဖက်ဆက်ဆံရေးရှိ

BRICS အဖွဲ့ဝင်ပါဝင်သည့် အဖွဲ့ဝင် အဟောင်းရော အသစ်ရော အပါအဝင် ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံအများစုသည် လုံးဝအမေရိကန် ဆန့်ကျင်ရေး နိုင်ငံများ မဟုတ်သော်လည်း အများစုမှာ အမေရိကန်နှင့် ရင်းနှီးသော မိတ်ဖက် ဆက်ဆံရေးရှိသည့်နိုင်ငံများဖြစ်သည်။ ၎င်းတို့အနက် နိုင်ငံနှစ်ခု၏ ပိုင်နက်မြေပေါ်တွင် အမေရိကန်တပ်စခန်းများပင် တည်ရှိနေသည်။ သို့သော်လည်း အချို့ သော အဖွဲ့ဝင်နိုင်ငံများသည် လက်ရှိအမေရိကန် ဦးဆောင်မှုအောက်မှ နက်နဲသော ကွာဟချက်များနှင့် ချို့ယွင်းချက်များကို ဖြည့်ဆည်းပေးနိုင်သော ပထဝီဝင်စီးပွားရေး အဆောက်အအုံများကို အစားထိုးတီထွင်ဖန်တီးလိုကြသည်ဟု ကွင်စီအင်စတီကျု၏ လေ့လာရေး ဒါရိုက်တာနှင့် အကြီးတန်း သုတေသန အဖွဲ့ဝင် ဆာရန်ရှီဒိုးက ဆိုသည်။

ဝင်ရိုးစုံကမ္ဘာသစ်ဆီသို့

ဧကဝင်ရိုး သို့မဟုတ် ဒွိဝင်ရိုးမှသည် ဗဟုဝင်ရိုး (ဝင်ရိုးစုံကမ္ဘာသစ်) ဆီသို့ ကူးပြောင်းလာခြင်းသည် အလယ်ပိုင်း ဒေသနိုင်ငံများ၏ ပါဝါချိန်ခွင်လျှာကို ထိန်းညှိပေးနိုင်ရန် တွန်းအားတစ်ရပ် ဖြစ်လာစေနိုင်သည်မှာ သံသယဖြစ်ဖွယ် မရှိကြောင်း အဘူဒါဘီအခြေစိုက်သတင်း အေဂျင်စီ အန်ဝါ ဂါဂတ်ရှ် သံတမန် အကယ်ဒမီ၏ ညွှန်ကြားရေးမှူးချုပ် နီကိုလေး မလဒီနော့ဗ်က ဆိုသည်။

ထို့အပြင် အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး)သည် BRICS နှင့် လိုက်လျောညီထွေရှိခြင်းအားဖြင့် ၎င်းအတွက် အရေးပါသောလမ်းကြောင်း တွေ့ရှိခြင်းပင်ဖြစ်ကြောင်း၊ စီးပွားရေး မက်လုံးများထက် ဤမဟာဗျူဟာ မြောက် ညှိနှိုင်းမှုသည် ၎င်း၏ ပထဝီနိုင်ငံရေး သြဇာလွှမ်းမိုးမှုကို အားကောင်းလာစေရန်နှင့် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး ကြိုးပမ်းမှုများကို မြှင့်တင်ရန် ယူအေအီး၏ မျှော်မှန်းချက်များကို မီးမောင်းထိုးပြနေခြင်းဖြစ်ကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။ BRICS စတင်ဖွဲ့စည်းချိန်မှစ၍ တစ်ဆယ့် ခုနစ်နှစ်တာကာလအတွင်း စီးပွားရေး၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှုနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု၏ အသီး အပွင့်ရလဒ်များကို မြင်တွေ့ခဲ့ရပြီး ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်မှုနှင့် win-win ပူးပေါင်းဆောင်ရွက်မှု စိတ်ဓာတ်ဖြင့် ဆက်လက် ကြီးပွားတိုးတက်ခဲ့သည်။

သမိုင်းဝင်မှုနှင့် နောက်ထပ်ခြေလှမ်းသစ်

BRICS ချဲ့ထွင်မှုသည် ပူးပေါင်းဆောင်ရွက်မှုအတွက် သမိုင်းဝင်မှုနှင့် နောက်ထပ်ခြေလှမ်းသစ် တစ်ခုအတွက် ကိုယ်စားပြုလိမ့်မည်ဟု ကျွမ်းကျင်သူများက ယုံကြည်ကြသည်။

BRICS အဖွဲ့ဝင်နိုင်ငံများက ကိုယ်စားပြုသည့် ထွန်းသစ်စနိုင်ငံများ၏ စီးပွားရေး မြင့်တက်လာမှုသည် ကမ္ဘာ့အခင်း အကျင်းကို အခြေခံကျကျ ပြောင်းလဲစေသည်။ သမိုင်းဝင် ချဲ့ထွင်မှုနှင့်အတူ BRICS ယန္တရားသည် ကမ္ဘာလုံးဆိုင်ရာ၊ အုပ်ချုပ် ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ပိုမိုတရားမျှတပြီး သာတူညီမျှရှိသော ဦးတည်ရာဆီသို့ ဦးတည်မောင်းနှင်ရာတွင် ပိုမိုအားကောင်းလာကာ ကမ္ဘာကြီးအား ပိုမိုသေချာမှုနှင့် တည်ငြိမ်မှုတို့ကို ပေါင်းစပ်ပေးမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။

ထွန်းသစ်စဈေးကွက်များနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် BRICS နှင့် ပူးပေါင်း ခြင်းသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် စီးပွားရေးလွတ်လပ်မှုကို အကာအကွယ်ပေးရင်း ဖွံ့ဖြိုးတိုးတက်မှုကို အတူတကွလျှောက်လှမ်းနိုင်စေမည် ဖြစ်ကြောင်း၊ ယင်းက မိတ်ဖက်နိုင်ငံများ အတွက် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွင် တန်းတူညီမျှမှုနှင့် ဂုဏ်သိက္ခာရှိရှိ ပါဝင်ဆောင်ရွက်နိုင်ခွင့် ရရှိစေခဲ့ခြင်းပင်ဖြစ်ကြောင်း ဘိုလီးဗီးယား နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဖာနန်ဒို ဟွာနာကျုနီက ပြောသည်။

ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် တွန်းအား

BRICS အဖွဲ့ဝင်နိုင်ငံများသည် စစ်မှန်သော နိုင်ငံစုံဝါဒကို ကျင့်သုံးကြပြီး ကုလသမဂ္ဂနှင့် နိုင်ငံတကာစနစ်ကို အဓိကထား ထိန်းသိမ်းရန်၊ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ အဓိကကျသော ဘက်စုံကုန်သွယ်မှုစနစ်ကို ပံ့ပိုးကူညီရန်နှင့် ခိုင်မာ အားကောင်းစေရန်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အင်အားစုများကို ပိုမိုခိုင်မာစေမည်ဟု ကျွမ်းကျင်သူများက ယုံကြည်ကြသည်။
BRICS ၏ အဓိကရည်ရွယ်ချက်မှာ အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအဆင့်ကို တိုးမြှင့်ရန်ဖြစ်ပြီး BRICS သည် ၂၀၀၆ ခုနှစ် ပထမအကြိမ် အစည်းအဝေးမှစပြီး ၎င်းတို့၏ ရည်မှန်းချက်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း တောင်အာဖရိကသမ္မတ စီးပွားရေး အကြံပေးကောင်စီအဖွဲ့ဝင် ကန်းနစ် ခရီယာမာ က ပြောကြားသည်။

ဆော်ဒီနိုင်ငံရေး လေ့လာသုံးသပ်သူ အာမတ် အီဗရာဟင်မ်ကလည်း BRICS ပူးပေါင်းဆောင်ရွက်မှု ယန္တရားအောက်တွင် ထွန်းသစ်စဈေးကွက်များနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် အားကောင်းမောင်းသန် ဆက်လက်ကြီးထွားလာ မည်ဖြစ်ပြီး ဝင်ရိုးပေါင်းစုံကမ္ဘာကြီး၏ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးကာ တစ်ဖက်သတ်ဝါဒကို ထိထိရောက်ရောက် တန်ပြန်တိုက်ခိုက်မည်ဟု ယုံကြည်သည်။ ထို့ကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း သုံးသပ် ပြောကြားထားသည်။

ထို့ကြောင့် BRICS အဖွဲ့ဝင်နိုင်ငံများ တိုးချဲ့ခြင်းသည် စီးပွားရေး၊ ဘဏ္ဍာရေးနှင့် နိုင်ငံရေး အကျပ်အတည်းများနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ရန် အင်အားတစ်ရပ်အဖြစ် ၎င်း၏ အဖွဲ့ဝင်များ၏ စွမ်းရည်များကို ပိုမိုမြှင့်တင်သွားနိုင်ဖွယ်ရှိသည်။

ကိုးကား - ဆင်ဟွာ