ရုရှားဘာသာစကား (အခြေခံ)သင်တန်း ဖွင့်လှစ်

နေပြည်တော် စက်တင်ဘာ ၁၈

 

ရုရှားဘာသာစကား (အခြေခံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Jasmine Naypyitaw Hotel ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ကောင်စီဝင်များ၊ ဌာနဆိုင်ရာ အရာရှိကြီးများ၊ ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်း၊ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များနှင့် ဟိုတယ်များမှ တာဝန်ရှိသူများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ရုရှားခရီးသွား ဧည့်သည်များ မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများသို့ လာရောက်လည်ပတ်ရာတွင် ဘာသာစကား အခက်အခဲရှိစေရန်နှင့် ၎င်းတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြိုတင်သိရှိနိုင်စေရန် ယခုကဲ့သို့ ရုရှားဘာသာစကား သင်တန်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် ရုရှားခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာရေးအတွက် ပြည်ဝင် ဗီဇာဖြေလျှော့ခြင်း၊ ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျှော့ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် နိုင်ငံတကာ ခရီးသွားပြပွဲများ၊ အစည်းအဝေးများသို့ တက်ရောက်ပြီး နှစ်နိုင်ငံခရီးသွား အာဏာပိုင်အဖွဲ့အစည်းများအကြား ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် ယခု သင်တန်းမှ သင်ကြားပို့ချ ပေးမည့်သင်ခန်းစာများကို ကြိုးကြိုးစားစားလေ့လာသင်ယူကြပြီး လက်တွေ့လုပ်ငန်းတွင် အကျိုးပြုအသုံးချနိုင်အောင် ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် Welcome Russia Program in Myanmar အစီအစဉ်တို့တွင် ပါဝင်ဆောင်ရွက်နေမှု၊ ခရီးသွားဆွဲဆောင်ရာနေရာများ ဖော်ဆောင်နေမှု၊ ပြည်ပခရီး သွားဧည့်သည် ဝင်ရောက်မှုနှင့် ဘာသာစကားသင်တန်းများ ဆက်လက်ဖွင့်လှစ်သွားမည့် အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

 

အဆိုပါ ရုရှားဘာသာစကား (အခြေခံ)သင်တန်းကို ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းမှ နည်းပြများက ရက်သတ္တပတ် (၄)ပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ()ဦး တက်ရောက် လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရုရှားဘာသာစကား အခြေခံသင်တန်းနှင့် ဒီပလိုမာသင်တန်း အပါအဝင် စုစုပေါင်း သင်တန်း (၁၂)ကြိမ် ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းသား/ သင်တန်းသူ (၄၉၃) ဦး မွေးထုတ်ပေးနိုင် ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)