ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Ms. Elena Ajmone Sessera အားလက်ခံတွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၁၈

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်းသည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera ဦးဆောင် သောအဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ရခိုင်ပြည်နယ်အတွင်း လူမှုပဋိပက္ခကြောင့် လူသားချင်းစာနာမှုအကူအညီ လိုအပ်သူများ အတွက် ၂၀၁၇ ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း(IFRC)နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS)တို့မှတစ်ဆင့် လူသားချင်းစာနာမှု အကူအညီပေးအပ်ခဲ့မှု၊ ရခိုင်ပြည်နယ်အတွင်း COVID -19 တုံ့ပြန်ရေးလုပ်ငန်းများတွင် ICRC မှ ကူညီဆောင်ရွက်ပေးခဲ့မှု၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ယနေ့အထိ ပြည်တွင်းနေရပ်စွန့်ခွာသူများအား ဝန်ကြီးဌာန၏ ဘတ်ဂျက်ငွေကျပ်(၁၁၄) ဘီယီယံ သုံးစွဲ၍ အထောက်အပံ့ပေးနေမှုအခြေအနေများ၊ ICRC နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသော လူသားချင်းစာနာမှုလုပ်ငန်းများ၊ ကျန်းမာရေးဝန်ကြီး ဌာနနှင့် ICRC တို့အကြား ရခိုင်ပြည်နယ်တွင် လုပ်ငန်းပူးပေါင်းဆောင်ရွက်နိုင်ရန် Regional Agreement လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်နေမှု၊ မိုင်းထိခိုက်ခံရသူများအတွက် ICRC၏ ခြေတုလက်တုတပ်ဆင်ပေးရေးလုပ်ငန်းများ၊  ဝန်ကြီးဌာနနှင့် ICRC တို့အကြား လူသားချင်း စာနာထောက်ထားမှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)