နေပြည်တော် စက်တင်ဘာ ၁၈
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျန်စုပြည်နယ်၊ နန်ကျင်းမြို့ရှိ ကျန်စုပြည်နယ် ရောဂါ ကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနသို့ ရောက်ရှိ၍ ကျန်စုပြည်နယ် ကျန်းမာရေးကော်မရှင် ဒုတိယဥက္ကဌနှင့် ကျန်စုပြည်နယ် ရောဂါကာကွယ် ထိန်းချုပ်ရေးဗဟိုဌာနမှ တာဝန်ရှိ သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဦးစွာ ကျန်စုပြည်နယ် ကျန်းမာရေးကော်မရှင် ဒုတိယဥက္ကဌ Mr. Zhou Minghao က နှုတ်ခွန်းဆက် စကားပြောကြားပြီး နှစ်နိုင်ငံ ပြည်သူ့ကျန်းမာရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေး ကဏ္ဍများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်သွားမည့်အစီအစဉ်များကို ဆွေးနွေးပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက လက်ရှိတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် တစ်မျိုးသားလုံး သက်ရှည်၊ ကျန်းမာ၊ ကြံ့ခိုင်ရေးအတွက် အထူးဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထူးသဖြင့် နေပြည်တော်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပူးပေါင်း အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာရောဂါကာကွယ် ထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာရေးသင်တန်းကျောင်း (Myanmar Center for Disease Control and Health Staff Training Center) အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ မကြာမီဖွင့်လှစ်နိုင်ရေး အတွက် စီစဉ်လျက်ရှိပါ ကြောင်း၊ ထိုသို့ဖွင့် လှစ်ဆောင်ရွက်ခြင်းအားဖြင့် နောင်ဖြစ်ပေါ်လာမည့် ကပ်ရောဂါအသစ်များနှင့် ပြည်သူ့ ကျန်းမာရေးအရေးပေါ် အခြေအနေများကို ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်သွားနိုင်မည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျန်စုပြည်နယ် ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနသို့ ကျန်းမာရေးဝန်ကြီး ဌာနမှ ဆရာဝန်များနှင့် ကျွမ်းကျင် ပညာရှင်များစေလွှတ်၍ သင်တန်းပေးနိုင်ရေးနှင့် နှစ်နိုင်ငံကျန်းမာရေး ပညာရှင်များ အပြန်အလှန်စေလွှတ်မည့်ကိစ္စများအတွက် လိုအပ်သည်များကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြား သည်။
ထို့နောက် မြန်မာ-တရုတ်ကိုယ်စားလှယ်များက ကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက် မည့်အစီအစဉ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသများတွင် ဌက်ဖျားရောဂါအပါအဝင် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် တိုင်းရင်းဆေးပညာကဏ္ဍသစ်တွင် နှစ်နိုင်ငံ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စများကို အသေးစိတ် ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများသည် အမှတ်တရ လက်ဆောင်များ အပြန်အလှန် လဲလှယ်ခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ကိုယ်စားလှယ်အဖွဲ့အား ကျန်စုပြည်နယ် ရောဂါကာကွယ် ထိန်းချုပ်ရေး ဗဟိုဌာနမှ တာဝန်ရှိသူများက ဇီဝလုံခြုံမှုအဆင့် (၃) ရှိ ဗိုင်းရပ်စ်ရောဂါပိုးများ စစ်ဆေးသည့်ဓာတ်ခွဲခန်း၊ အစားအသောက်နှင့် ရောဂါပိုးမွှားများ စစ်ဆေးသည့် ဓာတ်ခွဲခန်းများ၊ လုပ်ငန်းခွင်ကျန်းမာရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးဆိုင်ရာ စစ်ဆေးသည့်ဓာတ်ခွဲခန်းများကို လိုက်လံရှင်းလင်းပြသခဲ့ကြပြီး မြန်မာကိုယ်စားလှယ်အဖွဲ့က သိရှိလိုသည်များကို မေးမြန်းခဲ့ကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် တရုတ်နိုင်ငံမှ ရန်ကုန်မြို့ သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)