နိုင်ဂျာမှ ပြင်သစ်တပ်ဖွဲ့ဝင်များကို ယခုနှစ်ကုန်တွင် ရုပ်သိမ်းမည်ဟု ပြင်သစ်သမ္မတ မက်ခရွန် ပြောကြား

 

ပါရီ၊ စက်တင်ဘာ ၂၅

 

အနောက်အာဖရိကနိုင်ငံ နိုင်ဂျာမှ ပြင်သစ်တပ်ဖွဲ့ဝင်များကို ယခုနှစ်ကုန်တွင် ရုပ်သိမ်းမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ပြောကြားလိုက်သည်။

 

နိုင်ဂျာတွင် ဇူလိုင်လကဖြစ်ပွားခဲ့သည့် တပ်မတော်က အာဏာသိမ်းမှုအပြီး သမ္မတ မိုဟာမက်ဘာဇွမ်ကို ဖြုတ်ချကာ အစိုးရအဖွဲ့ဖြစ်ပေါ်လာခဲ့ပြီးနောက် ထွက်ပေါ်လာသည့် ဆုံးဖြတ်ချက်တစ်ရပ်ဖြစ်သည်။ ပြင်သစ်သည် နိုင်ဂျာ၏ ကိုလိုနီနိုင်ငံဟောင်း ဖြစ်ပြီး ၎င်း၏တပ်များကို ထိုနေရာတွင် ဆက်လက် ချထားခဲ့သည်။ သို့သော်လည်း အနောက်အာဖရိက နိုင်ငံများက ပြင်သစ်နိုင်ငံအပေါ် ဆန့်ကျင်မှုများ တိုးလာခဲ့သည်။

 

သမ္မတ မက်ခရွန်က ပြင်သစ်နိုင်ငံအနေဖြင့် နိုင်ဂျာနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့သည်ဟု ပြင်သစ်ရုပ်သံဌာနများနှင့် စက်တင်ဘာ ၂၄ ရက်က ပြုလုပ်သည့် တွေ့ဆုံ မေးမြန်းခန်းတစ်ခုတွင် ပြောကြားသည်။ နိုင်ဂျာတွင် ပြင်သစ်အမှုထမ်းပေါင်း ၁၅၀၀ ခန့်ရှိပြီး ယခု နှစ်ကုန်တွင် ပြင်သစ်တပ်များ အိမ်ပြန်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

အင်န်အိတ်ချ်ကေ