ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့  ၂၀၂၃ ခုနှစ်၊ တရုတ်နိုင်ငံတကာခရီးသွားပြပွဲနှင့် အာဆီယံ-တရုတ် ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲ-၂၀၂၃ တက်ရောက်

 

နေပြည်တော်၊ နိုဝင်ဘာ၂၀

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ တရုတ်နိုင်ငံလေကြောင်း စီမံခန့်ခွဲရေးဗျူရိုနှင့် ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရတို့ ပူးပေါင်းစီစဉ်မှုဖြင့် ၂၀၂၃ ခုနှစ် တရုတ် နိုင်ငံတကာ ခရီးသွားပြပွဲ (2023 China International Travel Mart) ကို နိုဝင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ လည်းကောင်း၊ အာဆီယံ-တရုတ်ဗဟိုဌာနနှင့် မလေးရှားနိုင်ငံ၊ ခရီးသွားလုပ်ငန်း အနုပညာ နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် အာဆီယံ- တရုတ်ခရီးသွား လုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲ ၂၀၂၃ ကို နိုဝင်ဘာ ၁၈ ရက်တွင်လည်းကောင်း တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

နိုဝင်ဘာ ၁၆ ရက် ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသော နိုင်ငံအလိုက် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များကို ယူနန်ပြည်နယ်၊ အုပ်ချုပ်ရေးမှူးက တွေ့ဆုံနှုတ်ဆက်ပြီး ယူနန်ပြည်နယ်နှင့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကာ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကူမင်းမြို့ရှိ Kunming Duanchi Convention & Exhibition Centre ၌ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံတကာ ခရီးသွားပြပွဲ ဖွင့်ပွဲအခမ်းအနားနှင့် (Nihao China) မင်္ဂလာပါတရုတ်ပြည် အစီအစဉ်တို့ကို တက်ရောက်ခဲ့သည်။ အဆိုပါ ခရီးသွားပြပွဲကို တရုတ်နိုင်ငံ၏ ခရီးစဉ်ဒေသများနှင့် ခရီးသွား ထုတ်ကုန်များ၏ ပုံရိပ်ကိုမြှင့်တင်ရန်၊ တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများအကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရန်၊ ခရီးသွားဧည့်သည်များ အပြန်အလှန် သွားလာလည်ပတ်ရာတွင် လွယ်ကူချောမွေ့စေရန်နှင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အာဆီယံ- တရုတ် ဗဟိုဌာန အတွင်းရေးမှူးချုပ် မစ္စတာ ရှီဂျုံကြွင်းနှင့်တွေ့ဆုံ၍ မြန်မာ - တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲများ၊ သင်တန်းများ စီစဉ်ပေးရေး၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကို မြှင့်တင်ကြော်ငြာရေး ကူညီဆောင်ရွက်ပေးရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ယူနန်ပြည်နယ်ခရီးစဉ်အတွင်း သတင်းမီဒီယာများနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအခြေအနေနှင့် တရုတ်နိုင်ငံ၊ အထူးသဖြင့် ယူနန်ပြည်နယ်နှင့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ဖြေကြားခဲ့သည်။ 

နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Empark Grand Hotel Kumming ၌ ကျင်းပပြုလုပ်သည့် အာဆီယံ- တရုတ်ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲသို့ တက်ရောက်ကာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။  

ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် အာဆီယံ ခရီးသွားလုပ်ငန်း မဟာဗျူဟာအစီအစဉ် (၂၀၁၆-၂၀၂၅) အရ အာဆီယံဒေသအား တစ်ပေါင်းတည်းသော ခရီးစဉ်ဒေသတစ်ခုအဖြစ် မြှင့်တင်လျက်ရှိရာတွင် အာဆီယံဒေသသို့ ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရေးကို မဟာဗျူဟာ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အကောင်အထည်ဖော် ဆောင်လျက်ရှိပါကြောင်း၊ ၎င်း မဟာဗျူဟာ လုပ်ငန်းစဉ်အား အကောင်အထည်ဖော်ဆောင်မှုတစ်ရပ်အနေဖြင့် ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ အာဆီယံ + ၃ နိုင်ငံများတွင် ယခုကဲ့သို့ ဆွေးနွေးပွဲများ အလှည့်ကျ ကျင်းပပြုလုပ်နိုင်ရေးအတွက် ကူညီထောက်ပံ့မှုများပေးသည့် အာဆီယံ- တရုတ်ဗဟိုဌာန၊ အာဆီယံ - ဂျပန်ဗဟိုဌာနနှင့် အာဆီယံ - ကိုရီးယားဗဟိုဌာနတို့အား ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများ များစွာရှိပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဆီယံဒေသ၊ အထူးသဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။

အဆိုပါဆွေးနွေးပွဲတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ နိုင်ငံတကာနှင့်ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ခိုင်မီမီထွန်းက မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်း ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အခြေအနေများနှင့် စပ်လျဉ်း၍ Power Point Presentation ဖြင့် ရှင်းလင်း ဆွေးနွေးခဲ့သည်။ 

 

mdn

 

တရုတ်နိုင်ငံတကာခရီးသွားပြပွဲသည် လွန်ခဲ့သော ၂၅ နှစ်မှ စတင်ကျင်းပခဲ့သော ကမ္ဘာ့တတိယ အကြီးဆုံး ခရီးသွားပြပွဲဖြစ်ပြီး ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံတကာ ခရီးသွားပြပွဲသည် BRI (Belt & Road Initiative) ၏ ၁၀ နှစ်မြောက် နှစ်ပတ်လည်နှစ်အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် “Nihao China” မင်္ဂလာပါ တရုတ်ပြည်အစီအစဉ်ဖြင့် ကမ္ဘာ့ နိုင်ငံအသီးသီးမှ ခရီးသွားများကို ဖိတ်ခေါ်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်၊၊ တောင်အာဖရိက၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ နီပေါ၊ မလေးရှား၊ လာအိုနိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၇၀ ကျော်မှ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများ၊ လေကြောင်းလိုင်းများ၊ ခရီးသွားကုမ္ပဏီများ၊ နည်းပညာ ကုမ္ပဏီများမှ ပြခန်းပါဝင်ပြသသူ ၉၀၀ ခန့်၊ တရုတ်နိုင်ငံ၊ ယူနန်၊ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ် ပြည်နယ်များအပါအဝင် ပြည်နယ်ပေါင်း (၃၁) ခုမှ ပြခန်းပြသသူ ၁၀၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ကူမင်းမြို့မှ ရန်ကုန်သို့ကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်