ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်သူ့ဆေးရုံ-တပ်ကုန်းမြို့၊ ညောင်လွန့် ကျေးလက်ကျန်းမာရေးဌာနနှင့် ခရိုင်ပြည်သူ့ ဆေးရုံ-ရမည်းသင်း ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ နိုဝင်ဘာ  ၂၀

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည် တာဝန်ရှိ သူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်သူ့ဆေးရုံ-တပ်ကုန်းမြို့သို့ ရောက်ရှိပြီး ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ Oxygen Plant၊ ပြင်ပလူနာဌာန၊ အထူးကုပြင်ပလူနာဌာန၊ ခွဲစိတ်ဆောင်နှင့် ဆေးကုသဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဆေးရုံများတွင် ဆေးဝါးနှင့် ဆေးပစ္စည်းများကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးထားပါကြောင်း၊ လိုအပ်ချက်ရှိပါက ပြန်လည်တင်ပြရန်၊ လူနာများ စိတ်ချမ်းသာစွာ ဆေးကုသမှုခံယူနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရန်၊ ပြည်သူများ အားကိုးရသည့် ဆေးရုံတစ်ရုံ ဖြစ်လာစေရေး ဝိုင်းဝန်းကြိုးပမ်း ကြရန်၊ ယခုအခါ အထူးကု ပြင်ပလူနာဌာနများကိုလည်း တိုးမြှင့်ဖွင့်လှစ်ထားသည့်အတွက် ပြည်သူများအား စနစ်တကျ ဝန်ဆောင်မှုပေးရန်၊ အထူးကုကွင်းဆင်း ခရီးစဉ်များကိုလည်း လိုအပ်သည့် နေရာများတွင် သွားရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးကြရန် မှာကြားသည်။

 

mdn

 

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ညောင်လွန့် ကျေးလက်ကျန်းမာရေးဌာနသို့ ရောက်ရှိပြီး ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ ဆောင်ရွက်နေသော ကာကွယ်ဆေးများ ကို ရည်မှန်းဦးရေ ပြည့်မီအောင်ထိုးနှံပေးရန်၊ မိခင်နှင့်ကလေး ကျန်းမာရေးကို အလေးထား ဆောင်ရွက်ရန်၊ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းများကို အရှိန်ဟုန်မပျက် ဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ခရိုင်ပြည်သူ့ဆေးရုံ-ရမည်းသင်းမြို့သို့ ရောက်ရှိပြီး သွားနှင့်ခံတွင်းဌာန၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ ခွဲစိတ်ခန်းနှင့် ဆေးကုသဆောင်များကို လှည့်လည်ကြည့်ရှုကာ လူနာများကို အားပေးစကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကူးစက်ရောဂါများ ဖြစ်သည့် တီဘီ၊ အိတ်ချ်အိုင်ဗီ၊ ငှက်ဖျားရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ၊ ဆီးချိုသွေး ချိုရောဂါကဲ့သို့ မကူးစက်နိုင်သော ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းများ၊ ကျောင်း ကျန်းမာရေး လုပ်ငန်းများ၊ ကာကွယ်ဆေးထိုးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရန်၊ ပြည်သူများအား ဆေးကုသမှု ကုန်ကျစရိတ် မရှိအောင် စီစဉ်ဆောင်ရွက်ပေးရန်နှင့် လက်ရှိအင်အားဖြင့် ဆေးရုံ၏ လုပ်ငန်းဆောင်ရွက်ချက်များကို စွမ်းအားအပြည့်ရရှိပြီး အကောင်းမွန်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်