ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ) ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ နိုဝင်ဘာ ၂၀

စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် နိုဝင်ဘာ ၁၈ရက် နံနက်ပိုင်းတွင် အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) သို့ ရောက်ရှိ၍ သံရည်ကျိုမီးဖို (Electric Arc Furnace) နှင့် သံရည်အချောသတ်မီးဖို (Ladle Refining Furnace) တို့တွင် သံရည်ကျို လုပ်ငန်းများ ဆောင်ရွက်နေမှု၊ စဉ်ဆက်မပြတ် သံရည်များသွန်းလောင်းနေမှု၊ သံမဏိ လေးထောင့်တုံးများ ထွက်ရှိနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။   

ကြည့်ရှု့စစ်ဆေးစဉ် ဒုတိယဝန်ကြီးက သံရည်ကျို လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် စက်အရန်ပစ္စည်းများ ကြိုတင်ဖြည့်ဆည်း ဆောင်ရွက်ထားရှိရန်နှင့် စက်ပစ္စည်းကိရိယာများ ပုံမှန်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို အစီအမံများ ရေးဆွဲထားသည့်အတိုင်း စနစ်တကျလိုက်နာ ဆောင်ရွက်ရန်၊ ထုတ်ကုန်ပစ္စည်းများ၏ အရည်သွေး ကောင်းမွန်စေရေးအတွက် ကုန်ထုတ်လုပ်မှု လုပ်ငန်းများဆောင်ရွက်ရင်း ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ တိုးတက်မြင့်မားအောင် လေ့ကျင့်သင်ကြားပေးရန်၊ စက်မှု ကဏ္ဍ၊ တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သော သံမဏိများကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်ရန်၊ Phase-2, 2A တို့၏ စီမံကိန်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး အတွက် စက်တပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် အစီအမံများကို ကြိုတင်ရေးဆွဲထား ရန်နှင့် လိုအပ်သည့် စက်ပစ္စည်း အစိတ်အပိုင်း စာရင်းကိုလည်း ကြိုတင်ပြုစုထားရှိရန်၊ စက်ရုံမှထုတ်လုပ်သော သံမဏိလေး ထောင့်တုံးများ၏ အရည်အသွေးများ တသမတ်တည်း ဖြစ်စေရေးအတွက် အရည်အသွေးစစ်ဆေးရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရန် နှင့် အရည်အသွေး စီမံခန့်ခွဲမှုစနစ်ထူထောင်ထားရှိရန်၊ စက်ရုံရှိ စက်ပစ္စည်းများ၊ ဝန်ထမ်း၊ စာရွက်စာတမ်း၊ သတင်းအချက်အလက်တို့၏ လုံခြုံရေးကို အထူးအလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်