နေပြည်တော်၊ နိုဝင်ဘာ ၂၀

 

TNLA   အဖွဲ့နှင့်   PDF   အမည်ခံ  အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်း ဌာနဆိုင်ရာ အဆောက်အအုံများ၊ လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းအပါအဝင် အကြမ်းဖက် လုပ်ငန်းများကို နည်းမျိုးစုံဖြင့် လုပ်ကိုင်လျက်ရှိသည့်အပြင် ဒေသအတွင်း ကုန်စည်စီးဆင်းမှုပျက်ပြားစေရန်အလို့ငှာ စစ်ရေး ပစ်မှတ်မဟုတ်သည့် အများပြည်သူ အသုံးပြုသွားလာလျက်ရှိသော လမ်းများအား ကန့်လန့်ဖြတ်မြောင်းကြီးများတူး၍ လမ်းအားဖျက်ဆီးကာ မြေစိုင် များဖြင့် ပိတ်ဆို့ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

 

သွားလာမှုရပ်တန့်ခဲ့ရ

 

ထိုသို့လုပ်ဆောင်ရာတွင် TNLA အဖွဲ့ နှင့် PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူများသည် ပြင်ဦးလွင်-နောင်ချို-ကျောက်မဲ-လားရှိုး ပြည်ထောင်စု ကားလမ်းမကြီးတစ်လျှောက်ရှိ နောင်ချို မြို့နယ် ရွှေညောင်ပင်အနီးတွင် တစ်နေရာ၊ လယ်ကျင်းကွေ့ ကျေးရွာအနီးတွင် တစ်နေရာ၊ အုမ္မခါးကျေးရွာအနီးတွင် တစ်နေရာ၊ ဂုတ်တွင်းရှုခင်းသာ အနီးတစ်ဝိုက်တွင် တစ်နေရာ၊ နောင်ပစ်လမ်းခွဲနေရာတွင် တစ်နေရာ၊ နောင်ပစ်နှင့် နောင်ပိန်းကျေးရွာကြားနေရာတစ်ဝိုက်တွင် ခုနစ်နေရာတို့၌ မြေဖြတ်ကျင်းများတူး၍ လမ်းအားဖြတ်တောက်ပိတ်ဆို့ခြင်း၊ အချို့နေရာများတွင် သစ်ပင်ကြီးများအား ခုတ်လှဲပိတ်ဆို့ခြင်းနှင့် မြေကြီးများ စုပုံပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့သဖြင့် မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများ သွားလာမှုရပ်တန့်ခဲ့ရသည်။ ထိုသို့ အကြမ်းဖက်သမားများ၏ လုပ်ရပ်များကြောင့် ပြည်သူများ၏ အရေးပေါ် ကျန်းမာရေးကိစ္စများအတွက် သွားလာရန် အခက်အခဲဖြစ်ပေါ်ခဲ့ရပြီး ဆုံးရှုံးနစ်နာမှုများစွာ တွေ့ကြုံခဲ့ရသည်။

 

အဆိုပါ အကြမ်းဖက်သောင်းကျန်းသူများ လမ်းပိတ်ဆို့ ဖျက်ဆီးထားသည့် နေရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၆ ရက်မှစ၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ကာ အတားအဆီးများအား တစ်ဆင့်ပြီးတစ်ဆင့် ဖယ်ရှားရှင်းလင်း၍ အများပြည်သူ အဆင်ပြေချောမွေ့စွာ ပြန်လည်အသုံးပြုသွားလာနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၁၉ ရက် ညပိုင်းတွင် အကြမ်းဖက်သမားများ ပိတ်ဆို့ဖျက်ဆီးထားသည့် နေရာ ၁၂ နေရာတို့အား ပြန်လည်ဖယ်ရှား ရှင်းလင်းပေးနိုင်ခဲ့ပြီး ကျောက်မဲမြို့အထိ ပုံမှန်အတိုင်းသွားလာနိုင်ပြီးဖြစ်ကာ အဆိုပါ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် ကျန်ရှိသည့် နေရာများအားလည်း ပုံမှန်အတိုင်း ပြန်လည်အသုံးပြုသွားလာနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် အများပြည်သူ အသုံးပြုသွားလာလျက်ရှိသည့် လမ်းမကြီးများအား ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဒေသခံပြည်သူများနှင့်ပူးပေါင်းကာ အကြမ်းဖက်မှုချေမှုန်းရေးစစ်ဆင်ရေးကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

 သတင်းစဉ်

mdn