စစ်ကိုင်း ၂၁ ဖေဖော်ဝါရီ
အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ်၊ မဟာသုဗောဓာရုံ ကျောင်းတိုက်ကြီးများ၏ နာယက ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင် နန္ဒမာလာဘိဝံသ(Ph.D)အရှင်သူမြတ်သည် ကျန်းမာရေးအခြေအနေကြောင့် တရားဟောခြင်း အချိန် သုံးလ ရပ်ဆိုင်းမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၉ ရက်နေ့ က ထုတ်ပြန်ခဲ့သည်။
ပါမောက္ခချုပ်ဆရာတော်ဘုရားသည် စင်္ကာပူနိုင်ငံတွင် Medical Checkup ပြုလုပ်ခဲ့ရာ အချိန်ကာလ (၃)လအတွင်း အသည်းထဲရှိ အကျိတ်မှာ ၁ ဒသမ ၄၃ စင်တီမီတာ မှ ၂ ဒသမ၂၁ စင်တီမီတာခန့်အထိ အရွယ်အစား ကြီးလာပြီး ယင်းအကျိတ်ကို RadioFrequency Ablation (RFA) နည်းစနစ်ဖြင့်ကုသမှုခံယူထားကြောင်း ဆရာတော်ကြီး၏ တပည့်ဒါယိကာများထံမှ သိရသည်။
''ဆရာတော်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် တရားပွဲတွေ ခေတ္တရပ်နားထားတာပါ ။ ဘယ်တော့လောက်ပြန်ဟောဖြစ်မယ်ဆိုတာလည်း ပြောမရသေးပါဘူး။'' ဟု ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ တပည့် ဒကာဖြစ်သူ ဦးကျော်ငြိမ်း က ပြောသည်။
ကုသမှုခံယူထားသည်ကို Biopsy အဖြေ ရယူစစ်ဆေးရာတွင် ကင်ဆာဆဲလ် (လုံးဝ)မတွေ့ရှိရကြောင်း၊ပုံမှန် စစ်ဆေးမှုအဖြစ် သီတင်းပတ် (၆) ပတ် ပြည့်လျှင် စင်္ကာပူနိုင်ငံတွင် ဆေးစစ်ဆေးမှုများထပ်မံပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဆရာတော်အနေဖြင့် ပညာဘူမိတက္ကသိုလ်ကို တည်ထောင်ဖွင့်လှစ်၍ ပညာရေးကိစ္စများ ဆောင်ရွက်ရန်ကိစ္စများ၊ အမေရိကန်နိုင်ငံ ပင်ဆာဗေးနီးယားပြည်နယ် ဘတ်သလေဟမ်မြို့ရှိ သစ္စာနန္ဒဓမ္မစင်တာကျောင်းတိုက် တည်ထောင်ရန် ခရီးစဉ်များရှိကြောင်း သိရသည်။
ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ အား ရွှေကျင်နိကာယဥပဥက္ကဋ္ဌ တွဲဖက်ရွှေကျင်သာသနာပိုင် အဖြစ် ရန်ကုန်တိုင်း၊မှော်ဘီမြို့ ဆေကိန္ဒရာမကျောင်းတိုက်၌ မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ် တပို့တွဲလဆန်း (၁၂) ရက်နေ့မှ (၁၄)ရက်နေ့အထိ အကြိမ်(၂၀)မြောက် အဖြစ် ကျင်းပသော ရွှေကျင်ဂိုဏ်း အစည်းအဝေးကြီးတွင် ခန့်အပ်ခဲ့သည်။
ရွှေကျင်နိကာယဥပဥက္ကဋ္ဌ တွဲဖက်ရွှေကျင်သာသနာပိုင် ဘွဲ့ပုံလက်မှတ် နှင့်ဘွဲ့တံဆိပ်တော် ဆပ်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့တွင် စစ်ကိုင်းမြို့၊ထုံးဘိုရပ်ကွက်၊ စစ်ကိုင်းတောင်ရိုးလမ်း၊ မဟာသုဗောဓာရုံကျောင်းတိုက်၌ ကျင်းပခဲ့သည်။
ကိုမင်း(အင်းတော်)


