ယူကရိန်းနိုင်ငံ၌ နှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ငါးဦးထက်မနည်းသေဆုံး၊ ၁၉ ဦး ဒဏ်ရာရ

နိုဝင်ဘာ ၂၈

ယူကရိန်းသမ္မတဇီလန်စကီးက နိုင်ငံတောင်ပိုင်းဒေသတွင် နှင်းမုန်တိုင်းများတိုက်ခတ်မှုကြောင့် လူငါးဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယနေ့မနက်နှောင်းပိုင်းကပြောကြားသည်။

အဆိုပါနှင်းမုန်တိုင်းများတိုက်ခတ်မှုကြောင့် ဒေသ ၁၇ ခုတွင် လျှပ်စစ်ဓါတ်အားလိုင်းများပြတ်တောက်သွားခဲ့ပြီး ယာဉ်များသွားလာရာတွင် အနှောင့်အယှက်ဖြစ်ပွားခဲ့သည်။

လေပြင်းများတိုက်ခတ်မှုကြောင့် နိုင်ငံအတွင်းအခြေချနေထိုင်သူ ၁၅၀၀ ကျော် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုနှင့်ကြုံတွေ့ရကြောင်း စွမ်းအင်ဝန်ကြီးဌာနက ပြောကြားသည်။

နိုင်ငံတောင်ပိုင်း Odesa နှင့် Mykolaiv ဒေသများ၊ အလယ်ပိုင်း Dnipropetrovsk ဒေသ၊ မြောက်ပိုင်း ကိယက်ဗ်ဒေသတို့သည် နှင်းမုန်တိုင်းအများဆုံးတိုက်ခတ်ခံရသော ဒေသများဖြစ်သည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို