ဇမ္ဗူသီရိမြို့နယ်၌ ဒုတိယနေ့အဖြစ် မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၂၉

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ဇမ္ဗူသီရိမြို့နယ်၌ မြန်မာအီလက် ထရောနစ်မဲပေးစက် ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ဒုတိယနေ့အဖြစ်  ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီတို့မှ ကိုယ်စားလှယ်များ၊ ဓနသိဒ္ဓိရပ်ကွက်၊ ဇေယျသိဒ္ဓိရပ်ကွက်၊ ဗလသိဒ္ဓိ ရပ်ကွက်၊ ရွှေကြာပင်ရပ်ကွက်နှင့် တဲကြီးကုန်းကျေးရွာအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိနှင့် တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ်မဲပေးစက် တည်ဆောက်ပုံ၊ စက်အသုံးပြု ပုံနည်းလမ်းများ၊ စက်နှင့်စပ်လျဉ်းသည့် အချက်အလက်များ၊ မဲပေးပုံနည်းစနစ်များကို မဲဆန္ဒရှင်ပြည်သူများ စနစ်တကျ သိရှိနားလည်ပြီး ကောင်းမွန်စွာ အသုံးပြုဆောင်ရွက်နိုင်သည်အထိ ရှင်းလင်းဆွေးနွေး၍ လက်တွေ့သရုပ်ပြသကြသည်။

ထို့နောက် မဲဆန္ဒရှင်ပြည်သူများက မဲပေးစက်၏ထိန်းချုပ်စက် (Control Unit) ကို ကိုယ်တိုင် ကိုင်တွယ်ဆောင်ရွက်ခြင်း၊ မဲပေးစက်မှထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များ တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန် မမှန် စိစစ်ခြင်းတို့ကို ဆောင်ရွက်ကြရာ အချိန်တိုအတွင်း ဆန္ဒမဲများကို ပွင့်လင်းမြင်သာမှုရှိစွာဖြင့် မှန်မှန်ကန်ကန် မဲပေးဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်