ဇေယျာသီရိမြို့နယ် ကြို့ပင်ကျေးရွာတွင် တောင်သူများကိုယ်တိုင် ပူးပေါင်းရွေးချယ်သည့် မျိုးစပါးသားဆက်လိုင်းများ ကွင်းဆင်းရွေးချယ်

နေပြည်တော် အောက်တိုဘာ ၂၉

နေပြည်တော် ဇေယျာသီရိမြို့နယ် ကြို့ပင်ကျေးရွာတွင် တောင်သူများကိုယ်တိုင် ပူးပေါင်းရွေးချယ်သည့် မျိုးစပါးသားဆက်လိုင်းများ ကွင်းဆင်းရွေးချယ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်ခိုင်ဆွေ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ကြသည်။

တောင်သူများနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က ၂၀၂၂ နွေစပါး ရာသီ တွင် ကျော်ဇေယျနှင့် ရတနာတိုးမျိုး ကိုလည်းကောင်း၊ ပြည့်ဝနှင့် ရွှေအာဆီယံ မျိုးတို့ကိုလည်းကောင်း မျိုးကူးစပ်ပြီးရလာသည့် သားဆက်လိုင်းများကို ၂၀၂၂ မိုးစပါးရာသီတွင် မျိုးပြန်စပ်၍ ၂၀၂၃နွေစပါးရာသီ တွင် ပြန်လည် စိုက်ပျိုးကာ ယခု ၂၀၂၃ မိုးစပါးရာသီတွင် စိုက်ပျိုးရွေးချယ်ခြင်း ဖြစ်ကြောင်း၊ စပ်မျိုးတွဲ(၃)တွဲ၏ ဗီဇကွဲများမှ သက်တမ်း ၁၁၀ ရက်ရှိ မျိုးစပါးသားဆက် လိုင်းများကို မျိုးအဖြစ် ပထမအကြိမ်တွင် သိမ်းယူခဲ့ပြီး ယခုအကြိမ်တွင် သက်တမ်း(၁၂၀)ရှိ မျိုးကွဲများကို ရွေးယူခြင်းဖြစ်ကြောင်း၊ ရွေးချယ်ပြီးသားဆက်လိုင်းများကို လာမည့် ၂၀၂၄ နွေစပါးရာသီတွင် ဆက်လက်စိုက်ပျိုး ရွေးချယ်ရမည်ဖြစ်ကြောင်းနှင့် မျိုးရွေးချယ်ရာတွင်  တောင်သူများနှင့်အတူ ပူးပေါင်း၍ မျိုးရွေးချယ်ကြရန်နှင့် ရွေးချယ်ပြီးသည့် မျိုးများအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စမ်းသပ်ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ တောင်သူများ ပူးပေါင်းမျိုး မွေးမြူခြင်း(Farmer Participatory Breeding)ကို ရေရှည်တည်တံ့စွာ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေး အတွက် စိုက်ပျိုးရေး သုတေသနဦးစီးဌာနတွင် ကျွမ်းကျင်ပညာရှင်များ ပါဝင်သောဌာနစု တစ်စု စနစ်တကျ ဖွဲ့စည်း၍ ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်နှင့် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများသည် မျိုးစပါးသားဆက်လိုင်းများကို ကွင်းဆင်းရွေးချယ်ကြရာ ဒုတိယဝန်ကြီးက မျိုးစပါးသားဆက်လိုင်းများ၏ ဝိသေသလက္ခဏာနှင့် မျိုးရွေးချယ်ခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများကို အသေးစိတ်ရှင်းလင်းပြသပြီး တောင်သူများနှင့်အတူ မျိုးစပါး သားဆက်လိုင်းများရွေးချယ်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်