နတ်လသဘင်ရောက်ပြန်လျှင်မူ၊ ဖျင်မျှအုံထပ်၊ ဘွဲ့အပ်မည်ပေး

တက္ကသိုလ်မြတ်သူ

“နှင်းစီစီချမ်းမြလေ။

မှိုင်းဝေရီရီ၊ မိဂသီနှင့်၊

တိမ်ဆီမိုးလ၊ ရွှန်းရွှန်းပလျက်၊

မွှေးပြကြည်လင်၊ နန်းလုံးရှင်လျှင်၊

သဇင်ကြိုင်မွှန်း၊ ရွှင်လန်းဖွယ်သာ၊

မင်းဆရာတို့၊ မဟာပိန္နဲ၊

ပူဇော်ပွဲနှင့်။”

(ဝန်ကြီးပဒေသရာဇာ)

“ရှစ်ခွင်ကိုမြူဆင်းလို့၊

ငွေနှင်းတဲ့ နုစို၊

ဂမုန်းသဇင်တို့၊

စုံခွင်မှာ လေချိုညင်းက၊

သုတ်သွင်းဘယ်ညာနှံ့၊

သင်းပျံ့ပျံ့ချို။

ယုဂန္ဓိုရ် တောင်မိုထိပ်ဖျား။

ရွှေလစန္ဒီနှင့်၊

မိဂသီ ရောင်ခြည်ဖျန်းတယ်၊

မြန်းတူကြွသွား”။    ။

(ဖိုးသူတော်ဦးမင်း)

“စုံမြိုင်ရင်းမှာ

ကြိုင်သင်းတောလုံး၊

ပတ်ကုံးဝန်းကျင်၊

မြေတွင်မရောက်၊

ပင်ပေါ်ပေါက်၍၊

နှင်းသောက်ရွှင်ရွှင်၊

ဖူးတံဆင်သည်၊

သဇင်ရွှေပွင့်၊

လျှပ်ရောင်ဝင့်လို့

လျှံတင့်စိမ်းလျှံ၊

မျက်မှန်ကျောက်စုံ၊

ရွှေနန်းဘုံသို့၊

ဖူးငုံပေါ်စ. . . တင်ဆက်သသည်။”

(ဦးယာ)

“ပျံ့ပျံ့သာ ဖြူးတော့တယ်၊

နံ့မြူးငယ်မြိုင်ခွင်မှာ၊

လှိုင်သဇင်ရွှေပေါင်းနှင့်၊

ငွေပျောင်းငယ်စုံတို့က ထုံပျံ့ချိန်။”

(လူဦးမင်း)

“ငွေရည်သာ ကျင်းတော့တယ်၊

ဆီးနှင်းမှုန်ရစ်နှင့် ထုံရစ်ခြယ်။

နှစ်ဆယ်အညီ၊

တစ်ပါဒ်ကယ်ချီသည်၊

ရာသီဓနု၊ ခါရတုဝယ်၊

ဣန္ဒုစန်းဆောင်၊

ကြငှန်းညောင်နှင့်၊

ကြယ်ပြောင်မိဂသီ၊

တည့်မွန်းညီလို့၊

ရေမှီတံငါ၊

ဗျိုင်းတာရာလည်း၊

အဝါရောင်လျှံ

နှစ်နန်းစံကြတယ်။

ယုဂန်ကြော့တောင်ယံမှာ၊

မှောင်ဗိမာန်ချိုလို့၊

ပုလဲချပ်ရောင်ညွန့်နှင့်

လွမ်းကွန့်ထပ်လှယ်။”

(ဉာဏ်ဝန်ကြီး ဦးဖြေ)

မြန်မာပြက္ခဒိန်တွင် ကိုးလမြောက်ဖြစ်သော နတ်တော်လဘွဲ့ကို ရှေးစာဆိုများစွာက ဖွဲ့ခဲ့ကြသည်။ ရာသီအမည်က ဓနုရာသီ၊ နှစ်လတစ်တွဲ ဥတု(ရတု) တစ်ခုသတ်မှတ်ရာတွင် တန်ဆောင်မုန်းနှင့် နတ်တော်လပေါင်းကာ ဟေမန္တဥတု(ရတု)ဖြစ်သည်။

နတ်တော်လပြည့်ည သန်းခေါင်ယံတွင် ငွေစန္ဒာလမင်းနှင့်အတူ ယှဉ်တွဲမွန်းတည့်သောနက္ခတ်မှာ သမင်ဦးခေါင်းပုံရှိသော မိဂသီနက္ခတ်ဖြစ်သည်။ ယှဉ်၍သွားသော ကြယ်တာရာ (ကြယ်)မှာ ဟင်္သာတာရာဖြစ်သည်။ ရာသီရုပ်မှာ လူတစ်ပိုင်း မြင်းတစ်ပိုင်း လေးကိုင်ထားသူ၏ရုပ်ပုံဖြစ်သည်။ ရာသီပန်းကား သဇင်(သန့်စင်)ပန်းနှင့် ဂမုန်းပန်းဖြစ်သည်။ ရာသီ(လ)အလိုက် ကျင်းပသော ရိုးရာပွဲတော်ကား နတ်ပူဇော်ပွဲကျင်းပသောလဖြစ်သည်။ ရှေးကသက္ကတကျမ်းလာ မဟာပိန္နဲနတ်ကို ပူဇော်ခဲ့ကြသည်။ နှောင်းခေတ်များတွင်ကား မြန်မာတို့၏ ရိုးရာ နတ်(မိရိုးဖလာ)နတ်များကို ပူဇော်ကြသည်။

ဆောင်းရာသီဖြစ်သည်နှင့်အညီ နေ့တာတို၍ ညတာရှည်သည်။ ရှေးမြန်မာ ဗဟိုရ်စည်နာရီအရ တစ်ရက်လျှင် နာရီ ၆၀ သတ်မှတ်ခဲ့ရာ နတ်တော်လတွင် နေ့နာရီ ၂၆၊ ညနာရီ ၃၄ နာရီဖြစ်သည်။ ရှေးစာဆို အများအပြားက ရာသီပန်းအဖြစ် သဇင် (သန့်စင်) ပန်းဘွဲ့ကို အထူးဖွဲ့ကြသည်။ အချို့စာဆိုများက ဂမုန်းပန်းကိုပါ ရာသီပန်းအဖြစ် ပူးတွဲဖွဲ့ဆိုခဲ့ကြသည်။

စာပန်းချီခြယ်မှုန်း၍ သီကုံးရေးဖွဲ့

မြန်မာနိုင်ငံ၏ ပထဝီမြေအခင်းအကျင်း၊ အလှ၊ ရာသီဥတုအလိုက် ဩကာသ လောကကြီးကို အလှဆင်လေ့ရှိရာ နတ်တော်လတွင်ကား ငွေနှင်းပြာပြာ ဇာပဝါလွှမ်း၍ ချမ်းစရာသီဖြစ်၍ “ငွေနှင်းတဲ့စိုစို”၊ “နှင်းစီစီချမ်းမြလေ”၊ “ဆီးနှင်းမှုန်ရစ်နှင့်ထုံရစ် ခြယ်” စသည်ဖြင့် နတ်တော်လ၏ နှင်းရည်ပေါင်းခ၊ ချမ်းအေးသောလရာသီကို စာပန်းချီခြယ်မှုန်း၍ သီကုံးရေးဖွဲ့ခဲ့ကြသည်။ နှင်းပဝါခြုံလွှာထွေး၍ ချမ်းအေးမြမြရှိသော နတ်တော်လ၏ တောအလှ၊ တောင်အလှ၊ မြစ်အဏ္ဏဝါအလှ၊ ပန်းအလှ၊ တိမ်အလှ (ကောင်းကင်အလှ)၊ မြေပြင်ရေပြင်အလှ၊ နှင်းအလှ တို့ကို တခမ်းတနား ဖွဲ့လေ့ရှိကြသည်။ သဇင်ပန်းကိုဖွဲ့သော ရာမရကန် ဦးတိုး၏ စိမ့်ကြီးမြိုင်ကြီး၊ ရိပ်ကြီးတောတောင် အစချီအဖွဲ့ ဂန္ထဝင်တေးသီချင်း ကြီးအဖွဲ့များတွင်လည်း သဇင်ပန်းဘွဲ့ကို ဖွဲ့ကြသည်။

နတ်တော်လ၏ အခင်းအကျင်းသည် စာဆို၏ ကဗျာဉာဏ်၊ စာဉာဏ်ကွန့်မြူးကြသော လရာသီပင် ဖြစ်တော့သည်။ နတ်တော်လသည် မိုးရာသီ လွန်မြောက်၍ ဟေမန္တဆောင်းဥတုသို့ ပီပီပြင်ပြင် ရောက်သောလဖြစ်ပေသည်။ မိုးကား ရွာခဲလှသည်။ တစ်ခါတစ်ရံ ရုတ်ခြည်းအခါမဲ့မိုးရွာလျှင် တောထဲမှ ဆင်ခြေရာခွက်များကိုပင် တိမ်သွားအောင် (မြုပ်သွားအောင်) ရွာတတ်သဖြင့် “ဆင်ရာတိမ်မိုး” ဟူသော အသုံးအနှုန်းဖြင့် စာဖွဲ့တတ်ကြသည်။ အချို့ပညာရှင်များကမူ မိုးမရွာသော်လည်း တိမ်များ က ရွာတော့မယောင်မြင်ရ၊ ထင်ရ၍-ဝဠာတစ်ခွင် ရွာလုနိုးနိုး ဟန်ရေးပြကာ အာကာပြင်ကို တန်ဆာဆင်လေ့ရှိ၍ ဆင်ရာတိမ်မိုးဟု အဓိပ္ပာယ်ဖွင့်ကြသည်။

ပန်းကံ့ကော် ရွှေစံကား၊

ငွေသားနု စံပယ်မှန်၊

မြတ်လေး၊ ခတ္တာနှင့်

ရွှေရင်းမာ -ကြာခဝဲ

ဖွဲစ နှင်းလျှံ၊

သဇင်ကျံ ခွာတံ-ပေါက်လဲ၊

ပန်းဝတ်မှုန်ရွှေဖီမင်း

သင်းထုံနံ့ကဲ ဟူ၍ ၁၂ လ၊ ၁၂ ရာသီတွင် လအလိုက်ပွင့်သောပန်းကို ရာသီပန်းဟု သတ်မှတ် ကြသည်။

အထက်ပါ ၁၂ လ၊ ၁၂ ရာသီ၊ ရာသီပန်း ၁၂ မျိုး အဖွဲ့တွင် ဂမုန်းမပါချေ။ သို့သော် နတ်တော်လတွင် ဂမုန်းပင်မျိုးစုံကလည်း သဇင်ပန်းနှင့်အပြိုင်ပွင့်ကာ လောကကို အလှဆင်တတ်ပေသည်။ စာဆိုများက နတ်တော်လ၏ရာသီပန်းကို ဂမုန်းသဇင်ဟု တွဲ၍စပ်ဆိုကြသည်။ လရာသီတိုင်းမှာပင် ရာသီပန်းအဖြစ် သတ်မှတ်သောပန်းတစ်မျိုးသာ ပွင့်ကြသည်မဟုတ်။ ရာသီပန်းနှင့်အပြိုင်ပွင့်သော ပန်းအမျိုးအစားကလည်း များလှပေသည်။ ရာသီပန်းကို ဝန်းရံသော ပန်းများဟု ဆိုနိုင်ပေသည်။ 

သဇင်ပန်းသည် ရှေးက သစ်ပင်ထက်၌ သစ်ကိုင်းကို ခွ၍ပေါက်သော အပင်ငယ်မျိုးဖြစ် သည်။ ဂမုန်းပန်းများသည်လည်း သစ်ပင်သစ်ကိုင်း ကို ခွ၍ပေါက်သော အပင်များဖြစ်သော်လည်း နှောင်းခေတ်တွင် မြေ၌ ချစိုက်ခြင်း၊ ပန်းအိုးဖြင့် စိုက်ခြင်း၊ သစ်ပင်ကို ခွ၍ဖြစ်စေ၊ အုန်းဆန်ဖတ် များဖြင့်ပတ်၍ဖြစ်စေ စိုက်ပျိုးလာသဖြင့် လူတို့နှင့် ပိုမိုနီးကပ်လာရပေသည်။ ဧည့်လာဂမုန်း၊ ရွှေလမင်း ဂမုန်း၊ မီးကွင်းဂမုန်း၊ ဂမုန်းလက်ဆက်၊ ဂမုန်းဘီလူး စသည်ဖြင့် ဂမုန်းမျိုးစုံလှပေသည်။ ပုပ္ပားတောင်တွင် ဂမုန်းစုံတို့ ပျံ့နှံ့စွာ ပေါက်ကြပေသည်။

ထီးသုံးနန်းသုံးတော်ဝင်ပန်း

သဇင်ပန်း(သန့်စင်ပန်း)ကား ရှေးကထီးသုံးနန်းသုံးတော်ဝင်ပန်းအဖြစ် သတ်မှတ်ခဲ့သည်။ သဇင်ပန်းပွင့်ဦးရာသီတွင် ဘုရင်၊ မိဖုရားတို့ ဦးစွာ သဇင်ပန်းပွဲသဘင် ဆင်ယင်ပြီးမှသာ အများပြည်သူတို့ ပန်ခွင့်ရခဲ့သောပန်းဖြစ်သည်။ သဇင်ပန်း ပေါက်ရာ၊  ပွင့်ရာမှာ တောဂနိုင်စုံမြိုင်အတွင်း ခက်ချင်း၊ ရွက်ချင်းထပ်ကြ၊ ဆက်ကြသဖြင့် နေရောင်မရ၊ မိုးပေါက်မိုးစက်သော်မျှ များများစားစား မတွေ့ရဘဲ ဆောင်းနှင်းများ ကျဆင်းသောကာလတွင် ပွင့်လေသည်။ ယနေ့ခေတ်တွင်မူ သဇင်ပန်းများကို အုန်းဆန်ကြိုးခွေ၊ အုန်းဆန်ဖတ်တို့ဖြင့် သဇင်ဥကို စိုက်ပျိုးကြသဖြင့် သဇင်ပန်းသည် လူထုပန်း ဖြစ်လာပေသည်။ ရခိုင်ယိမ်းအကများကိုကြည့်တိုင်း ရခိုင်လှပျိုဖြူတို့သည် သဇင်ပန်းများကို ဝေနေအောင် ပန်ထားကြသည်ကို တွေ့ရသည်။ သန့်စင် ပန်းကိုဖွဲ့ရာ၌ ရာမရကန်တွင် ဦးတိုးက “စိမ့်ကြီး မြိုင်ကြီး၊ ရိပ်ကြီးတောတောင်” အစချီပြီး ဖွဲ့ခဲ့သည်။ မြဝတီမင်းကြီးဦးစကလည်း  “သည်ဆောင်း ဟေမန်” အစချီ သဇင်ပန်းဘွဲ့ပတ်ပျိုး ရေးသားရာ လူသိများ၊ လူကြိုက်များခဲ့သည်။

သဇင်ပန်းသည် တစ်နှစ်တွင် တစ်ကြိမ်သာ ပွင့်သည်။ နတ်တော်၊ ပြာသိုလတို့တွင် နှင်းလှိုင်လှိုင်၌ ဖြိုင်ဖြိုင်ပွင့်လေသည်။ သဇင်ဥသည် တစ်လက်မသာသာခန့်သာကြီးသည်။ စိမ်းညိုရောင် လုံးရှည်သွယ်ဖြစ်သည်။  သဇင်ဥအခြေမှ အရွက်ကလေးနှစ်ရွက်သည် မိုးဦးကျရာသီ၌ ထွက်လာသည်။ အရွက်သည် တစ်လက်မမှ သုံးလက်မအထိရှည်၍ အစိမ်းနုရောင်ဖြစ်ကာ အရွက်တွင် အလယ်ကြောမကြီးတစ်ခုသာရှိသည့် ပြောင်ချောအရွက်မျိုးဖြစ်သည်။ ပွင့်ချိန်၌ အရွက် များကြွေကျသည်။ အပွင့်သည် ခိုင်တံသွယ်ရာ ဘေးတစ်ဖက်တစ်ချက်တွင် သေးငယ်သောအပွင့် ကလေးများစီ၍ပွင့်သည်။  အပွင့်၏အလယ်၌ ဝတ်ဆံပါသည်။

သဇင်ပန်းအဖြူ၊ သဇင်ပန်းအနီ၊ သဇင်ပန်း အဝါ၊ သဇင်ပန်းအနက်ဟူ၍ လေးမျိုးရှိသည်။ သဇင်ပန်းဖြူများမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ မော်လမြိုင်မြို့အနီးတစ်ဝိုက်တွင်ရှိပြီး ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့နယ်များ၊ ကျေးလက်ဒေသများနှင့် ပြင်ဦးလွင်တစ်ဝိုက်တွင် သဇင်ဝါများ ပေါက်ရောက်သည်။ ပြင်ဦးလွင်တစ်ဝိုက် ကျေးရွာများ၊ တောတောင်ဒေသများတွင် တစ်ခါတစ်ရံ သဇင်နက်တွေ့ရသည်။ ရခိုင်ပြည်နယ် တွင်လည်း သဇင်ပန်းများရှိနေပေသည်။ သဇင်ဝါ သည် မွှေးရနံ့အသင်းထုံဆုံးဖြစ်သည်။ သဇင်နီမျိုးကို တောင်ငူတစ်ဝိုက်မှ တောတောင်ဒေသများတွင် တွေ့ရသည်။ သဇင်နီနှင့် သဇင်နက်တို့က ရနံ့ မမွှေးကြပေ။ သဇင်ဖြူကမူ သင်းရုံမျှသာမွှေးကြိုင်သည်။ သဇင်နီတွင် အပွင့်သာနီ၍ ရိုးတံမနီသော သဇင်နီ၊ အပွင့်ရော ရိုးတံပါနီသော သဇင်နီဟူ၍ နှစ်မျိုးရှိသည်။ သဇင်နီဆိုသော်လည်း ပန်ရောင် ရင့်ရင့်မျိုးသာဖြစ်သည်။ သဇင်နက်မှာ မီးသွေးရောင်ကဲ့သို့ မည်းနက်၏။ သို့သော် ရှားရှားပါးပါး တွေ့ရတတ်သည်။

မြန်မာ့တိုင်းရင်းဆေးပညာရပ်တွင် သဇင်ပန်းသည် မူးဝေငိုက်မြည်းသော ဝေဒနာကိုလည်းကောင်း၊ ဦးခေါင်းကိုက်ခြင်း၊ မျက်စိနာခြင်းတို့ကိုလည်းကောင်း၊ ဆာလောင်မွတ်သိပ်သော အနာရောဂါ ဝေဒနာကိုလည်းကောင်း၊ သလိပ်၊ သည်းခြေအား ကြီးသော အနာရောဂါကိုလည်းကောင်း ချမ်းသာစေတတ်သည်ဟု ဖော်ပြထားလေသည်။ ယောမင်းကြီး ဦးဖိုးလှိုင်ပြုစုသော ဥတုဘောဇနသင်္ဂဟကျမ်း တွင် တန်ဆောင်မုန်း၊ နတ်တော်လ နှစ်လသည် ဟေမန္တဥတု(ရတု)မည်၏၊ လောကသည် အေး၏။ လောကမခြောက်သွေ့၊ ဆီးနှင်းများ၏။ မြောက်က လေလာ၏။ ကျီး၊ ကျွဲ၊ သိုး၊ ဆင်တို့ မြူးထူးကုန်၏။ သစ်စေး၊ ဆီးဖြူ၊ ခဝဲ၊ ခတ္တာ၊ ဂမုန်း၊ သဇင် စသော ပန်းတို့ပွင့်ကုန်၏ဟု ဖော်ပြထားသည်။

ကဗျာဉာဏ်၊ စာဉာဏ် ပို၍ကွန့်မြူး

နတ်တော်လ၏ ဥတုရာသီ၊ လောကအဆင် တန်ဆာတို့ကြောင့် စာဆိုတို့ နတ်တော်လတွင် ကဗျာဉာဏ်၊ စာဉာဏ် ပို၍ကွန့်မြူး၏။ ထို့ကြောင့် မြန်မာစာပေလောကအတွက် နတ်တော်လသည် အရေးပါ၏။ ရှေးက ရဟန်းစာဆို၊ လူစာဆို (နန်းတွင်း /နန်းပြင်)တို့ ရေးဖွဲ့ပြုစုခဲ့သော ဂန္ထဝင် ကဗျာ၊ စကားပြေ၊ လင်္ကာစကားပြေရောသော ဝိမိဿာစာများ ရသမြောက်၊ ဂုဏ်မြောက်၊ အလင်္ကာ မြောက်စွာ ခမ်းနားစည်ပင်စွာ ထွန်းကားခဲ့ကြောင်း ရေးသားလိုက်ရပါသည်။   ။