ပရိုတင်းအာဟာရဓာတ် တိုးမြှင့်ရရှိရေး တိုင်းရင်းငါးစင်ရိုင်းများ မွေးမြူစားသုံးပေး

ဝါဝါဖူး(Ph.D) မွေး/သု(မန်း)

ငါးအာဟာရဓာတ်မိတ်ဆက်

ငါးစားသုံးခြင်းဖြင့် လူ့ခန္ဓာကိုယ်ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရရှိစေနိုင်သည်ကို သိရှိကြပြီးဖြစ်သလို ငါးများတွင်ပါဝင်သော အာဟာရဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်များ၏ အကြောင်းများကို သိရှိရန်လည်း လိုအပ်ပါသည်။ ငါးများတွင် ပရိုတင်းဟုခေါ်ဆိုသော အသားဓာတ်အပြင် အဓိကအားဖြင့် Omega-3 ဖက်တီးအက်စစ်များဟု ခေါ်ဆိုသော ငါးကြီးဆီဓာတ်များ အပြည့်အဝပါဝင်နေသောကြောင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိစေမည်ဖြစ်ပါသည်။ သုတေသနလေ့လာတွေ့ရှိချက်များအရ ငါးတွင်ပါဝင်သော အာဟာရဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်များမှာ Omega-3 ဖက်တီးအက်စစ်ခေါ် ငါးကြီးဆီ၊ ဗီတာမင်အေ၊ ဗီတာမင်ဘီ Complex၊ ဗီတာမင်ဒီ၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်ဓာတ်နှင့် သံဓာတ်များပါ၍ ငါး စားသုံးခြင်းအားဖြင့် အာဟာရဓာတ်ကြွယ်ဝခြင်း၊ နှလုံးရောဂါ ဖြစ်နိုင်ခြေ လျော့နည်းခြင်း၊ ကလေးငယ်များ ကိုယ်ခန္ဓာဖွံ့ဖြိုးရေးတွင် အထောက်အကူဖြစ်ခြင်း၊ မှတ်ဉာဏ်ကောင်းမွန်ခြင်း၊ စိတ်ဓာတ်ကျဆင်းမှုမှ ကာကွယ်နိုင်ခြင်း၊ ဗီတာမင်ဒီကြွယ်ဝခြင်း၊ အမြင်အာရုံ အားနည်းခြင်းမှ ကာကွယ်ပေးနိုင်ခြင်းနှင့် နှစ်ခြိုက်စွာအိပ်ပျော်ခြင်း စသောအကျိုးကျေးဇူးများ ရရှိစေနိုင်ပါသည်။

ပရိုတင်းဓာတ်ကြွယ် ဟင်းအမယ်ငါးမျိုး

ငါးအသားများတွင် ပရိုတင်းဓာတ်ကြွယ်ဝစွာ ပါရှိသောကြောင့် ကျေးလက်နေပြည်သူများ၏ စားနပ်ရိက္ခာနှင့် အာဟာရဖူလုံစေရေး အတွက် အကျိုးပြုစေပါသည်။ အခြားပရိုတင်းဓာတ်ကြွယ်ဝသည့် အစားအစာများ၊ အသားတို့နှင့် နှိုင်းယှဉ်ပါက ငါးသည် စျေးနှုန်းသက်သာသည့်အပြင် ပရိုတင်းဓာတ်ကြွယ်ဝစွာ ပါရှိသောကြောင့် လူအများစုဝယ်ယူစားသုံးနိုင်သည့် စားသောက်ကုန်ဟင်းအမယ် တစ်မျိုးဖြစ်ပါသည်။

သဘာဝငါးသယံဇာတကို ထိခိုက်မှုမရှိစေဘဲ ငါးများကို လိုအပ်သလောက် အမြောက်အမြား ထုတ်လုပ်နိုင်ရန်အတွက် ငါးမွေးမြူသည့် နည်းပညာများနှင့် အစာစရိတ်လျှော့ချနိုင်ရန်၊ စွန့်ထုတ်ရေများမှ အာဟာရပြည့်ဝသော ဘိုင်အိုဖလော့အစာကျွေးမွေးခြင်းဖြင့် ငါးများ၏ ရှင်သန်နှုန်းနှင့် ကြီးထွားနှုန်းများကို အချိန်တိုအတွင်း စျေးကွက်ဝင်နိုင်သော ငါးအမျိုးအစားရရှိနိုင်ရန်နှင့် ကျေးလက်နေပြည်သူများ၏ စားနပ်ရိက္ခာဖူလုံစေပြီး တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေနိုင်ရန် ရည်ရွယ်၍ စမ်းသပ်သုတေသနလုပ်ငန်းများ နိုင်ငံတကာတွင် ဆောင်ရွက်လုပ်ကိုင်လာကြပါသည်။ ၎င်းသုတေသနလုပ်ငန်းများမှ ရရှိလာသောရလဒ်များကို ငါးမွေးမြူသူတောင်သူများထံသို့ ပြန်လည်ဖြန့်ဝေပေးခြင်းဖြင့် အသေးစားငါးမွေးမြူရေးများ ဆောင်ရွက်လာနိုင်ခြင်းတို့ကြောင့် လူနေမှုပုံစံပြောင်းလဲလာပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာနိုင်သည်။ ကုန်ကျစရိတ်သက်သာသည့် ဖော်စပ်စာများကျွေး၍ ဥတည်နှုန်းကောင်းမွန်စေပြီး အရည်အသွေး ကောင်းမွန်သော ငါးသားပေါက်များ ရရှိစေပါသည်။ မြန်မာနိုင်ငံ ဒေသအနှံ့အပြား၌ ရေချိုဒေသ၊ ရေချိုရေငန်စပ်ဒေသနှင့် ရေကန်များတွင် နေထိုင်ကျက်စားသည့် ငါးမျိုးစိတ်တစ်မျိုးဖြစ်သော ပြည်တွင်း ငါးမျိုးစိတ် ငါးစင်ရိုင်း (Striped Dwarf Catfish) သိပ္ပံအမည် Mystus pulcher ၏ အာဟာရပြည့်ဝသော ဟင်းအမယ်တစ်မျိုးအဖြစ် ကွင်းဆက်တန်ဖိုးသိရှိနိုင်ရန်အတွက်  သုတေသနအသွင်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။

ငါးစင်ရိုင်းငါးမျိုးစိတ်အကြောင်း အကျဉ်း

Phylum (မျိုးပေါင်းစု)     - Chordata

Class (အမျိုးအစား)  - Actinopterygii

Order (မျိုးစဉ်) - Siluriformes

Family (မျိုးရင်း)  - Bagridae

Genus (မျိုးစု)  -    Mystus

Species (မျိုးစိတ်)  - Mystus pulcher 

(Chaudhuri, 1911) 
Common English name -     Striped Dwarf Catfish 

ဒေသအခေါ်  -  ငါးစင်ရိုင်း ဟူ၍ သိရှိရပါသည်။

Mystus မျိုးစုတွင်ပါဝင်သော ငါးများ၌ နှုတ်သီးမွေးလေးစုံ ပါရှိသည်။ အထက်မေးရိုးရှိ နှုတ်ခမ်းမွေးသည် တင်ဆူးတောင် ထိအောင်ရှည်လျားပြီး နှာတံမှာ ဆောက်ပုံသဏ္ဌာန်ရှိပြီး ခန္ဓာကိုယ်သည် သေးသွယ်ရှည်လျားပါသည်။ တင်ဆူးတောင်၏အနောက်ဘက်မှ အမြီးပိုင်းသို့တိုင်အောင် ကိုယ်ထည်မှာ ချိုင့်ဝင်လျက်ရှိပါသည်။ အမြီးဆူးတောင်မှာ ခွပုံသဏ္ဌာန်ရှိပါသည်။ ခွအထက်ပိုင်းသည် အောက်ပိုင်းထက် အနည်းငယ်ရှည်ထွက်နေပါသည်။ ခန္ဓာကိုယ် ရှည်လျားပြီး အနည်းငယ်ကျယ်ပြန့်သည်။ ကျောဘက်ဆူးချွန် ပါရှိခြင်းကလည်း ငါးစင်ရိုင်း၏ ထူးခြားမှုတစ်ခုဖြစ်ပေသည်။ အကြေးခွံမပါသည့် ခန္ဓာကိုယ်ကို အကျိအချွဲများဖြင့် ဖုံးလွှမ်းထားပါ သည်။ ငါးစင်ရိုင်းငါးသည် ရေပေါ်ရေလွှာ (Pelagic fish) တွင် နေထိုင် ကျက်စားသော ငါးများဖြစ်ကြပြီး အုပ်စုလိုက် ရွှေ့ပြောင်းနေထိုင်တတ်သော ငါးမျိုးစိတ်လည်း ဖြစ်ပါသည်။ သက်တမ်းအားဖြင့် တစ်နှစ်မှ နှစ်နှစ်ခန့်သာ အသက်ရှည်ကြပြီး အရှည်ဆုံး ခန္ဓာကိုယ်အလျားသည် ၂၁ စင်တီမီတာအထိ ရှိပါသည်။ 

မိုးဦးကျတွင် ငါးစင်ရိုင်းငါးများသည် မြစ်ပြင်ကျယ်မှတစ်ဆင့် ချောင်းငယ်၊ မြောင်းငယ်၊ ချောင်းရိုး၊ မြောင်းရိုး၊ လယ်ကွင်းပြင်များ အတွင်းသို့ ဥချသားပေါက်ရန် ရောက်ရှိလာကြပါသည်။ ဥမှ သားပေါက်သော ရေသတ္တဝါဖြစ်ပြီး ညဘက်တွင် အစာရှာဖွေလေ့ ရှိကြပါသည်။ ငါးစင်ရိုင်းများမှာ တစ်ကောင်တည်းနေလေ့မရှိဘဲ အထီးနှင့်အမကို တွဲလျက်တွေ့ရှိရလေ့ရှိပြီး မြစ်ဝများ၊ ဒီရေအတက် အကျရှိသောနေရာများတွင် များစွာတွေ့ရတတ်ပါသည်။ ရွှံ့နွံပေါများသည့် မြစ်၊ ချောင်း၊ ရေပြင်ကျယ်များတွင် အုပ်စုဖွဲ့၍ တစ်အုပ်စုလျှင် ၁၀ ကောင်မှ ၂၅ ကောင်ခန့်အထိ တွေ့ရှိရပါသည်။ 

နေထိုင်မှုအလေ့အထ

ငါးစင်ရိုင်းငါးများသည် အာရှတိုက်နိုင်ငံများဖြစ်သော ပါကစ္စတန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ နီပေါနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ပေါက်ပွားကြသည်ကို တွေ့ရလေ့ရှိသည်။ ရေချဉ်ဖန်နှုန်း (pH) သည် ၆ မှ ၇ အထိနှင့် ရေအပူချိန်သည် (၂၃-၂၅) ဒီဂရီစင်တီဂရိတ်အတွင်း နေထိုင်ပါသည်။ ၎င်းမျိုးစိတ်သည် မျိုးအောင်နှုန်းမြင့်မားပြီး အစုံစားမျိုးဖြစ်ကာ ကြီးထွားနှုန်းမြန်သော ငါးမျိုးစိတ်ဖြစ်ရာ အဓိကအားဖြင့် ရေညှိများ၊ ရေနေအပင်များ၊ အင်းဆက်များ၊ သတ္တမျောလှေးနှင့် ငါးငယ်များကို စားသောက်နေထိုင်ပါသည်။ ငါးများသည် နွေရာသီအချိန်တွင် လျင်မြန်စွာ အစာ ကောက်ယူစားသုံးနှုန်း မြင့်မားသော်လည်း ရေအပူချိန်ကျဆင်းသော ဆောင်းရာသီကာလမျိုးတွင် နှေးကွေးစွာ ကောက်ယူစားသုံးကြသည်ကို ငါးမွေးမြူသူများ သတိပြုမွေးမြူရန် လိုအပ်ပါသည်။

အရွယ်ရောက်ရှိမှု

ငါးစင်ရိုင်းငါးများအတွက် မျိုးပွားရာသီချိန်သည် မေလမှ စက်တင်ဘာလအထိဖြစ်ပြီး အကောင်းဆုံး ဥတည်နှုန်းသည် ဇွန်လမှ ဇူလိုင်လအထိဖြစ်ပါသည်။ အမများသည် အထီးများထက် ခန္ဓာကိုယ်ပိုကြီးပြီး မျိုးပွားရာသီချိန်တွင် ဥလုံးအရောင်ကိုကြည့်ခြင်းဖြင့် သိရှိ နိုင်ပါသည်။ မျိုးငါးများ၏ မျိုးပွားအင်္ဂါသည် မျိုးပွားရာသီချိန် (မေလမှ စက်တင်ဘာလအထိ) တွင် သိသာထင်ရှားစွာ မြင်တွေ့နိုင်ပါသည်။ စတင်အရွယ်ရောက်ချိန်တွင် ခန္ဓာကိုယ်အရွယ်အစားအားဖြင့် ၈ ဒသမ ၂ နှင့် ၉ ဒသမ ၅ စင်တီမီတာရှိပြီး အမများသည် အထီးများထက် စောစီးစွာ အရွယ်ရောက်ကြသော်လည်း အထီးများမှာ ကာလကြာရှည်စွာ မျိုးအောင်နှုန်းကောင်းမွန်သည်ကို လေ့လာမှုများမှ သိရှိရပါသည်။ 

ဥတည်နှုန်း

ဥတည်နှုန်းဟုဆိုရာတွင် မျိုးငါးအမတစ်ကောင်၏ ခန္ဓာကိုယ် အလေးချိန်၊ သားဥအိမ်အလေးချိန်နှင့် အလျားတို့အပေါ်မူတည်၍ သားဥအိမ်တွင်မျိုးတည်နေသော ဥအရေအတွက်ကို ဆိုလိုခြင်းဖြစ်ပြီး ငါးစင်ရိုင်းအမတစ်ကောင်သည် မျိုးပွားရာသီတစ်ရာသီတွင် ပျမ်းမျှ ဥတည်နှုန်း ၆၇၇၀ မှ ၂၁၇၈၀ အထိရရှိပါသည်။ သို့ရာတွင် ဥဘဝ၌ လည်းကောင်း၊ ငါးသားပေါက်ဘဝ၌လည်းကောင်း၊ ငါးကြီးများ၏ ရန်ကြောင့် ပျက်စီးဆုံးပါးခြင်းများရှိသဖြင့် ဥပေါင်းများစွာဥပါမှ တစ်ကောင်တလေသာ  အဖတ်တင်နိုင်ပါသည်။ ထို့ကြောင့် မျိုးအောင်ဥအဆင့်မှ ငါးမှုန်အဆင့်၊ ငါးမှုန်အဆင့်မှ ငါးသန်၊ ငါးဖျန်း အရွယ်ရောက်သည်အထိ ရှင်သန်နှုန်းကောင်းမွန်စေရန်အတွက် သုတေသနပြုလုပ်၍ ရရှိလာသော သားပေါက်များအား အရည်အသွေး ကောင်းမွန်စေရန်နှင့် ငါးမွေးတောင်သူများထံသို့ နည်းပညာများ ပြန်လည်ဖြန့်ဝေပေးနိုင်ရန် အကျိုးပြုသုတေသနများ ဆောင်ရွက်လျက်ရှိပါသည်။ 

မျိုးငါးစုဆောင်းခြင်းနှင့် မျိုးပွားရာသီချိန်

မျိုးပွားရာသီမတိုင်မီ နှစ်လ-သုံးလကြိုတင်၍ ပျမ်းမျှ ၁၀ ဒသမ ၄၃ မှ ၁၅ ဒသမ ၈၁ ဂရမ်အထိ (ခန့်မှန်းကောင်ရေ ၁၅၀) ရှိသော မျိုးငါးများကို တန် ၄၀ ဆံ့ (၁၂၇၀ ဂါလန်) အုတ်ကန်၌ ထည့်သွင်းကာ ရေအသုံးပြုမှုအနေဖြင့် အမြဲစီးဆင်းသည့်စနစ် (Water flow through system) အသုံးပြု၍ မွေးမြူပြုစုပါသည်။ အသားဓာတ် ၃၆ ရာခိုင်နှုန်း ပါဝင်သော ဖော်စပ်စာများအား စုစုပေါင်းခန္ဓာကိုယ်အလေးချိန်၏ သုံးရာခိုင်နှုန်းဖြင့် တစ်နေ့လျှင် နှစ်ကြိမ်ကျွေးမွေးပါသည်။ ပြုစုစဉ်ကာလအတွင်း၌ ရေအရည်အသွေးများဖြစ်သည့် ရေတွင်ပျော်ဝင် အောက်ဆီဂျင် ပျော်ဝင်မှု (Dissolved Oxygen)၊ ချဉ်ဖန်နှုန်း (pH)၊ အပူချိန်၊ အမိုးနီးယားပါဝင်မှု စသည်တို့ကို ပုံမှန်တိုင်းတာ၍ မျိုးငါးများ၏ ကျန်းမာရေးကောင်းမွန်စေရန်အတွက် နေ့စဉ်မပြတ် အထူးဂရုစိုက်ရန် လိုအပ်ပါသည်။ 

သားဖောက်၍ မျိုးပွားခြင်း

မျိုးပွားရာသီချိန်တွင် သဘာဝရေပြင်များ၌ မိတ်လိုက်ဥချ သားပေါက်နိုင်သကဲ့သို့ ငါးမျိုးစေ့များကို သဘာဝအတိုင်း စုဆောင်းရန် မဖြစ်နိုင်သောနေရာများတွင် ဆေးထိုးသားဖောက်သည့် နည်းလမ်းများကိုအသုံးပြုကြပါသည်။ မျိုးပွားရန် ရင့်မှည့်နေသော ငါးများကို ဟော်မုန်းဆေးထိုးခြင်းဖြင့် မျိုးပွားရန်လှုံ့ဆော်ပေးသည့် နည်းလမ်း တစ်ခုဖြစ်ပါသည်။ မွေးမြူထားသော ငါးမျိုးများ၏ အရည်အသွေး ကောင်းမွန်သော ငါးမျိုးစေ့များ(သားပေါက်များ) ထုတ်လုပ်ရန်အတွက် မွေးမြူသည့် နည်းစနစ်တစ်ခုလည်း ဖြစ်ပါသည်။ ဆေးထိုး သားဖောက်ခြင်းဆောင်ရွက်ရာတွင် ဟော်မုန်းဆေးထိုးခြင်းမပြုမီ ၂၄ နာရီအလိုတွင် မျိုးဥရင့်မှည့်ပြီး မျိုးရည်ပြည့်ဝနေသော မျိုးငါးများအား ရွေးချယ်၍ အထီးနှင့်အမ သီးသန့်ကန်ခွဲထားပြီး အထီးနှစ်ကောင် အမတစ်ကောင်နှုန်းစီဖြင့် စီနာဖက် (CINNAFACT) ဟော်မုန်းဆေး အသုံးပြု၍ ဆေးထိုးသားဖောက်ပါသည်။ ထို့အတူ Suprefact Hormone၊ Human Chorionic Gonadotropin (HCG)၊ Luteinizing Hormone-Releasing Hormone(LH-RH) နှင့် Ovaprim စသော ဟော်မုန်းဆေးများကိုလည်း အသုံးပြု၍ရပါသည်။ ဆေးထိုးပြီးသား ငါးအစုံများကို အသင့်ပြင်ထားသော ကန်အတွင်းသို့ ထည့်ပေးပြီးနောက် နှစ်နာရီခန့်အကြာတွင် စတင်လှုံ့ဆော်မှုရှိလာပြီး သဘာဝအတိုင်း ငါးများမိတ်လိုက်ကြပြီးနောက် ခုနစ်နာရီခန့်အကြာတွင် စတင်၍ဥဥချပါသည်။ မျိုးငါးအမတစ်ကောင်လျှင် ပျမ်းမျှအားဖြင့် ဥလုံးရေ ၇၂၈၇ - ၁၉၁၂၃ ဥဥချနိုင်ပါသည်။ ငါးများမိတ်လိုက်သည့် အချိန်တွင် ရှိသင့်သည့်အပူချိန်မှာ ၂၅-၃၀ ဒီဂရီစင်တီဂရိတ်ဖြစ်လျှင် ပို၍ကောင်းပါသည်။ သန္ဓေအောင်ဥများ၏ အရွယ်အစားသည် ၀ ဒသမ ၁၁ မီလီမီတာအရွယ်ရှိပြီး ထွင်းဖောက်မြင်နိုင်ကာ မအောင်မြင် သော ဥများမှာ အလင်းထိုးဖောက်မြင်နိုင်မှုမရှိချေ။ ငါးဥမှ အကောင်ပေါက်ရန် ကြာချိန်သည် ရေအပူချိန်ပေါ်မူတည်၍လည်း ကွာခြားမှု ရှိနိုင်ပါသည်။

ငါးမှုန်များ ပြုစုထားရှိခြင်း

ဥချပြီး ၁၇-၁၉ နာရီကြာမြင့်ချိန်တွင် ငါးသားပေါက်ကလေးများ ပေါက်ဖွားလာကြပါသည်။ အလျား ၆ ပေ x အနံ ၄ ပေ x အနက် ၂ ဒသမ ၆ ပေရှိသော ကွန်ကရစ်ကန်တစ်ကန်လျှင် ငါးမှုန် ၈၀၀၀ မှ ၁၂၀၀၀ အထိ ထည့်သွင်းပြုစုပါသည်။ ငါးရက်သားတွင် အပင်မျော လှေးများနှင့် ကြက်ဥအနှစ်ရည်တို့ကို စတင်ကျွေးပြီး ခုနစ်ရက်သားမှ စတင်ကာ သတ္တမျောလှေးများ စတင်ကျွေးမွေးပြီးသည်နှင့် အစာ ကောက်ယူစားသုံးမှုနှင့် အစာလမ်းကြောင်းများကို လေ့လာရန် လိုအပ်ပါသည်။ ထို့နောက်မှတစ်ဆင့် အသားဓာတ် ၃၄ ရာခိုင်နှုန်း ပါဝင်သော ဘိုင်အိုဖလော့အစာများဖြင့် ဆက်လက်ကျွေးမွေးရာတွင် ငါးမှုန်များ၏ ကြီးထွားမှု၊ အစာစားသုံးမှုနှင့် ကိုယ်ခံစွမ်းအား ကောင်းမွန်မှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဖိအားပေးမှုများနှင့် ကျရောက်လာမည့်ရောဂါပိုးမွှားများကို ခံနိုင်ရည်ရှိရန် လိုအပ်သော ဇီဝကမ္မဖြစ်စဉ် လမ်းကြောင်းများကို ထိန်းညှိပေးနိုင်မှုများကြောင့် ရက်သတ္တပတ် နှစ်ပတ်အကြာတွင် တစ်လက်မမှ တစ်လက်မခွဲ အရွယ်ထိ ကြီးထွားလာသော ငါးသန်ကလေးများ ရရှိမည်ဖြစ်ပါသည်။ 

မြန်မာတိုင်းရင်းငါးများ၏ အနာဂတ်အလားအလာ

မြန်မာတိုင်းရင်းငါးမျိုးများကို သားဖောက်ခြင်းနှင့် မွေးမြူသည့် နည်းပညာများ၊ သဘာဝမှ ရရှိနိုင်မည့် အစာအမယ်များဖြင့် ဖော်စပ် အစာများပြုလုပ်၍ ပြင်ပမှဝယ်ယူမည့် အစာတန်ဖိုးများ လျှော့ချခြင်းဖြင့် အစာကုန်ကျစရိတ် သက်သာစေနိုင်ခြင်းနှင့် စားနပ်ရိက္ခာဖူလုံမှု၊ ပရိုတင်းဓာတ်ကို တိုးမြှင့်ရရှိစေနိုင်သည့် နည်းလမ်းအသစ်များကို ရှာဖွေပြီး နည်းပညာများဖြန့်ဝေမှုများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရေသားတင်ပြလိုက်ပါသည်။ ။

ကိုးကားချက်
(၁) Gupta, S. and S. Banerjee, 2013b. Fecundity estimation of Mystus tengara (Ham.-Buch., 1822) a freshwater catfish from West Bengal, India. Indian Journal of Applied Research, 3(6): 36-37.
(၂)    M.Z.H. Talukdar, M. Shahjahan* and M.S. Rahman SUITABILITY OF DUCKWEED (Lemna minor) AS FEED FOR FISH IN POLYCULTURE SYSTEM Int. J. Agril. Res. Innov. & Tech. 2 (1): 42-46, June, 2012