သုခဒဂုံပြည်သူ့ အငှားအိမ်ရာတွင် ပြည်သူများ စတင်နေထိုင်နေမှု ရန်ကုန်မြို့တော်ဝန် ကြည့်ရှုစစ်ဆေး

ရန်ကုန် ဒီဇင်ဘာ ၄

 

ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးဦးစီးကော်မတီ အဖွဲ့ဝင်၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့အငှားအိမ်ရာစီမံကိန်း ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အမှတ်(၇) (မြို့ပတ်)လမ်းရှိ သုခဒဂုံပြည်သူ့ အငှားအိမ်ရာ စီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။ 

 

ထိုသို့စစ်ဆေးစဉ် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ်(MCEF)၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် (MLCA) တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြို့တော်ဝန်က လျှပ်စစ်မီတာများ လုံလောက်စွာရရှိရေး၊ သောက်သုံးရေရရှိရေး၊ ယာယီစျေးအမြန်ဆုံး အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ဆောက်လုပ်ရန် ကျန်ရှိနေသော အဆောက်အဦများ အချိန်မီပြီးစီအောင် ဆောင်ရွက်၍ သက်ဆိုင်ရာများသို့ လွှဲပြောင်းရန်မှာကြားပြီး နေထိုင်ခွင့်ရရှိသည့် ပြည်သူများ နေထိုင်နေသည့် အခန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

အဆိုပါ သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်း ပထမဆင့်တွင် အိမ်ခန်းပေါင်း (၃၁၀၄) ခန်း ပါဝင်သည့်  အဆောက်အဦ (၁၉၄)လုံးအနက် (၁၀၆)လုံး ပြီးစီးနေပြီဖြစ်ရာ အငှားအိမ်ရာ နေထိုင်ခွင့်ပြုထားသည့် အိမ်ထောင်စု ၅၃၁ စုရှိပြီး ထပ်မံ၍ ဆောက်လုပ်ပြီးစီးသည့် အိမ်ခန်းများအား ဆက်လက်အငှားချသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထိုမှတစ်ဆင့်  မြို့တော်ဝန်သည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ  ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ အမှတ်(၇) (မြို့ပတ်)လမ်းမကြီးရှိ စိတ်ကျန်းမာရေးဆေးရုံကြီး (ရန်ကုန်) သို့ သွားရောက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေပေးဝေရေးဇုန် အမှတ် (၇)မှ စိတ်ကျန်းမာရေးဆေးရုံကြီး အတွင်းရှိ ရေဂါလန် ၅၀၀၀၀ ဆံ့ ရေစုကန်အတွင်းသို့ ရေပေးဝေနေမှု အခြေအနေအားကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။ 

 

ဆက်လက်၍ ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် လှည်းကူးမြို့နယ်၊ စစ်ပင်(မြောက်) ကျေးရွာသို့သွားရောက်၍ ငမိုးရိပ် ချောင်းရေစီးရေလာ ကောင်းမွန်စေရေးအတွက် ချောင်းအတွင်းစီးဝင်သည့် တော်သမက် ရေထိန်းတံခါးရေမြောင်း အရှည် ၅၂၀၀ ပေ၊ အကျယ်ပေ ၅၀ အား Amphibious Excavator ယန္တရားယာဉ်ဖြင့် ပြန်လည်တူးဖော်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ထိုမှတစ်ဆင့် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် အင်းဝလမ်းတစ်လျှောက် အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ ကွန်ကရစ်လမ်းသား တိုးချဲ့ခင်းကျင်းနေမှုနှင့် Box Culvert တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ်စံချိန်စံညွှန်းနှင့် အညီအချိန်မီပြီးစီးရေး ဆောင်ရွက်ရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်