ရန်ကုန် ဒီဇင်ဘာ ၂၄
မြန်မာနိုင်ငံ ရိုးရာအဖွဲ့ချုပ်ကကြီးမှူးပြီး ANS ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲ ရွှေခါးပတ်ချန်ပီယံဗိုလ်လုပွဲပြိုင်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်းဗန်းစက်မှုဇုန်၌ ကျင်းပသည်။
ဗိုလ်လုပွဲတွင် လုံးတူရွယ်တူဖြစ်ကြသည့် သွေးသစ်မောင် (အဖြူရောင်သွေးသစ်) နှင့် သက်ဝင်းအောင် (360SPORS) ပြိုင်ပွဲတွင် ပထမအချီ၌ တစ်ဦးနှင့်တစ်ဦး အမှားမခံ စောင့်ထိုးကြသည်။ ဒုတိယအချီတွင် သက်ဝင်းအောင် လက်သီးကြောင့် သွေးသစ်မောင် မျက်ခုံးဒဏ်ရာရကာ ဆရာဝန်ပြသပြီး ဆက်လက် သူတစ်ပြန်ကိုယ်တစ်ပြန်ထိုးကြရာ ငါးချီးပြည့်သော်လည်း အလဲမထိုးနိုင်၍ အရှုံးအနိုင်မပေါ်ဘဲ အမှတ်ပေး ဒိုင်ငါးဦးအနက် သုံးဦးက သက်ဝင်းအောင်ကို အနိုင်ပေးလိုက်သည်။ သက်ဝင်းအောင်(360SPORS)သည် ကွာတားဖိုင်နယ်တွင် ဇွဲရာမာန်ကို အလဲထိုးအနိုင်ရရှိပြီး ဆီမီးဖိုင်နယ်တွင် အဲမွီကို အမှတ်ဖြင့်အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ ခြင်းဖြစ်သည်။
“ကျွန်တော် ဒီပြိုင်ပွဲကစပြီး ပြိုင်တာ လေးလလောက်ပဲ ရှိသေးတယ်။ သွေးသစ်မောင်က အမှတ်နဲ့ကစားတာ အတွေ့အကြုံရှိတယ်။ ကျွန်တော် လေ့ကျင့်မှုတွေ ဆက်လုပ်ရဦးမယ်။ ဒါပေမယ့် ဘယ်ပြိုင်ဘက်ပဲလာလာ ဝိတ်တန်း တူရင် စိန်ခေါ်ပါတယ်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ မြိုင်ကြီးငူ ကရင်နှစ်သစ်ကူးပွဲမှာ ထိုင်းကစားသမားနဲ့ ယှဉ်ပြိုင်သွားဖို့ ရှိတယ်”ဟု သက်ဝင်းအောင်က ပြောသည်။
ထို့ပြင် ငါးချီစိန်ခေါ်ပွဲများတွင် ကိုကို(စက်ရုံ) နှင့် ဆလိုင်း ထန်ခွီးရှိန်(ကျားမနိုင်)သရေ၊ စောငမောက်(ဒို့ရိုးရာ)နှင့် ကြယ်စင်ထွန်း( BFC. FIGHT CLUB) ၊ အောင်ထက်ဦး(ဒို့ရိုးရာ) နှင့် သက်ပိုင်အောင်(ဖလုံပညာ့တဝါ့)၊ လင်းထက်အောင် (ဖလုံပညာ့တဝါ့)နှင့် ရဲလင်းဦး(ဝမ်ချုံး)၊ စိုးနောင်ဦး(ဖလုံ ပညာ့တဝါ့) နှင့် ဒိုးလေး(အဖြူရောင်သွေးသစ်)တို့ ယှဉ်ပြိုင် ထိုးသတ်ကြရာ အရှုံးအနိုင်မပေါ်ကြဘဲ ပူးတွဲသရေကျခဲ့ကြသည်။
အာကာစိုး